Monday 14 October 2013

မြန်မာ့နိုင်ငံရေးနှင့် ရဟန်းတော်များ၏ကဏ္ဍ(ဒုတိယပိုင်း)


7 October 2013 at 10:53
နယ်ချဲ့ဗြိတိသျှကိုယ်စားလှယ် ဆာဂျေအေမောင်ကြီးနှင့် ဆရာတော်ဦးဥတ္တမ
၁၉၂၇ ခုနှစ်တွင် ဆရာတော်ဦးဥတ္တမနှင့် ဦနာဂိန္ဒတို့အား ထိမ်းသိမ်းထားရာနေရာကိုအမတ်များက သိလိုကြောင်း လွှတ်တော်တွင် တောင်းဆိုရာ ထိုအချိန်က ပြည်ထဲရေးဝန်ကြီးဖြစ်သူ ဆာဂျေအေမောင်ကြီးက..... ဦးဥတ္တမသည် ဗြိတိသျှဝန်ကြီးချုပ် မစ္စတာလွိုက်ဂျော့ကဲ့သို့ နာမည်ကျော်ပုဂ္ဂိုလ်လည်းမဟုတ် သာမန်အကျဉ်းသား သုံးသောင်းကျော် ထဲမှ တစ်ဦးသာဖြစ်၍ ဘယ်မှာရှိသည်ကို မပြောနိုင်ကြောင်း ကန့်ကွက်ရာမှ အခြေအတင် ပြောဆိုကြပြီး လွှတ်တော်အမတ်များက ... ဆာဂျေအေမောင်ကြီးသည် ဦးဥတ္တမကိုသာမက သံဃာထုတစ်ရပ်လုံးကိုပါ စော်ကားခြင်း ဖြစ်သည်ဟုလည်းကောင်း၊ ဦးဥတ္တမသည် မျိုးချစ်ပုဂ္ဂိုလ်ဖြစ်၍ သာမန်အကျဉ်းသားဟုပြောဆိုခြင်းမှာ မသင့်လျှော် ကြောင်း၊ ဦးဥတ္တမကို တစ်ပြည်လုံးက ကြည်ညိုကြသည့်အပြင် မျိုးချစ်အမတ်များကလည်း ကြည်ညိုကြောင်း ပြောဆိုကန့်ကွက်ကြရာ... ဆာဂျေအေမောင်ကြီးက.... ဗုဒ္ဓဘာသာတရားကို နားလည်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေးလိုက်စားသောဘုန်းကြီးများမှာ ရဟန်းတု၊ ရဟန်းယောင်များဖြစ်ကြောင်း ထပ်မံစော်ကားခဲ့ လေသည်။ ဦးဥတ္တမအပေါ် ရဟန်းတု ရဟန်းယောင် ဟူ၍လည်းကောင်း၊ သာမန်အကျဉ်းသား တစ်ယောက်ဟူ၍ လည်းကောင်း စော်ကားမှုကို ကြားသိလိုက်သောအခါ ပြည်သူလူထုကြီးသည် ဆာဂျေအေမောင်ကြီး အပေါ် ဒေါသအမျက်ချောင်းချောင်းထွက်ခဲ့ကြသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဥက္ကဋ္ဌပြု၍ ရန်ကုန်မြို့လုံးကျွတ် အစည်းအဝေးကြီးကို ၁၉၂၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ရွှေတိဂုံကုန်းတော် တနင်္ဂနွေထောင့်၌ ကျင်းပခဲ့ကြသည်။

ဥက္ကဋ္ဌဆရာကြီးသခင်ကိုယ်တော်မှိုင်းမိန့်ကြားသောမိန့်ခွန်းအကျဉ်း
တိုင်းရေးပြည်ရေးနှင့် ဘုန်းကြီးရဟန်းတို့သည် များစွာပင် သက်ဆိုင်ကြောင်း သာသနာတော်တည်ရှိခြင်းသည် ရဟန်းတော်များ၏ လုံလဥဿဟကြောင့်ဖြစ်ကြောင်း၊ ဤအကြောင်းကို ရဟန်းတော်များ သိရှိပြီးဖြစ်၍ လူများသည် ရဟန်းတော်များနှင့် တိုင်းရေး၊ ပြည်ရေး၊ မည်ကဲ့သို့သက်ဆိုင်သည်ကို သိထိုက် ကြောင်း၊ တကောင်းမြို့ နန်းစိုက်စဥ်အခါက ဗုဒ္ဓဘာသာ သာသနာထွန်းကားခြင်းမှာ ရဟန်းတော်များကြောင့် ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။
ထို့နောက် ပုဂံပြည် အနော်ရထာမင်းလက်ထက်တွင် သာသနာတော်ပျက်ပြားခဲ့ရာ ရှင်အရဟံမထေရ် ကိုယ်တော် ကြွရောက်၍ တိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲမှ သာသနာတော် စည်ပင်တိုးတက်သဖြင့် ရဟန်းတော်များသည် တကယ့်နိုင်ငံရေးကို ဆောင်ရွက်သည်မည်ကြောင်း၊ တဖန် အင်းဝဆက်ကို ကြည့်ပြန်လျှင်လည်း အင်းဝဘုရင်မင်းခေါင် လက်ထက်တွင် စစ်မက်အရေး ရှုပ်ထွေးလှရကား ရဟန်းတော်များ ဝင်ရောက်ဆောင်ရွက်မှ တိုင်းပြည်တွင် ငြိမ်းအေးကြောင်း၊ ထို့ပြင် တပင်ရွှေထီးလက်ထက်တွင်လည်း ရဟန်းတော်များ အကူအညီဖြင့် တိုင်းပြည် အေးချမ်းခဲ့သည့်အပြင် ဘားမဲ့ဆရာတော်ကြီးသည် စစ်မြေပြင်သို့ထွက်ရာ တပ်ဦးကပင် ကြွရောက်ခဲ့ကြောင်း၊ ထို့ကြောင့် တိုင်းရေးပြည်ရေး လိုက်စားသည်နှင့် ရှင်တု၊ ရှင်ယောင် မဟုတ်ကြောင်း၊ တဖန် အလောင်းမင်းတရား လက်ထက်တွင်လည်း၊ တလိုင်းတို့နှင့်ဖြစ်ပွါးသော စစ်မက်ရေးတွင် အတုလသာသနာပိုင် ဝင်ရောက် ဆောင်ရွက်ခဲ့ဖူးကြောင်း၊ ရဟန်းတော်များတွင် အာပတ်ကြီး၊ အာပတ်ငယ်ဟု နှစ်မျိုးရှိရာ ဥပ္ပဇျယ်မရှိဘဲလျက် သာသနာတော်၏ အဝတ်ကို ဆင်မြန်းမှသာ ရဟန်းတု၊ ရဟန်းယောင်ဟု ဆိုနိုင်သည်ဖြစ်ရာ အာပတ်ငယ်များအတွက် ဝိနည်း၊ ဒေသနာတော်အရ ရှင်တု၊ ရှင်ယောင်ဟု မဆိုနိုင်ကြောင်း မိန့်ကြားသွားခဲ့သည်။


ကြည့်မြင်တိုင်ဝေဠုဝန်ကျောင်းတိုက်မှ ဦးသုမင်္ဂလက ပြည်ထဲရေးဝန်ကြီး ဆာဂျေအေမောင်ကြီးအား ကန့်ကွက် ရှုံချကြောင်း အဆိုကိုအောက်ပါအတိုင်းတင်သွင်းသွားသည်။

အရှင်ဥတ္တမကိုယ်တော်အား သာမန်အကျဉ်းသားသုံးသောင်းတွင် တစ်ယောက်အပါအဝင်ဖြစ်သည်ဟု ဆာဂျေ အေမောင်ကြီးက ပြောဆိုသည်ကို ယခုအစည်းအဝေးကြီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း၊ ရဟန်းတော် ဦးဥတ္တမကိုယ်တော်သည် လူသာမန်များထက် ထူးကဲလှ၍ ရွပ်ရွပ်ချွံချွံဆောင်ရွက်သည့်အတွက် တိုင်းပြည်က ချီးမွမ်းသင့်ကြောင်း၊ ရာဇကထာဟုဆိုရာ၌ တိုင်းပြည်နှင့်မင်း၏ စကားချွင်း၍ ပြောရမည်ဆိုလျှင် ဘုရားရှင်သည်ပင် တရားတော်များဟောနိုင်ရန် မရှိကြောင်း၊ ဦးဥတ္တမ ကိုယ်တော်သည် လူပုဂ္ဂိုလ်ဖြစ်၍  ချွတ်ယွင်းချက်ရှိကောင်းရှိပေ လိမ့်မည်၊ သို့ရာတွင် ရဟန်းတု ရဟန်းယောင်ဟု စွပ်စွဲခြင်းခံရစေရန် အပြစ်မရှိကြောင်း၊ ထို့ကြောင့် မိမိက ပြည်ထဲရေးအမတ်၏ စကားကို လေးနက်စွာ ကန့်ကွက်ကြောင်း ဦးသုမင်္ဂလ၏အဆိုကို မစ္စတာဂျေစီဒရူးကလည်း ဟိန္ဒီဘာသာဖြင့် ပြောဆိုထောက်ခံသွားသည်။ ထို့နောက်သရက်တောတိုက်မှ ရဟန်းတော်ဦးစိန္တိကကလည်း အောက်ပါအတိုင်း ဆွေးနွေးပြောဆိုသွားသည်။

“တိုင်းရေးပြည်ရေး လိုက်စားရုံနှင့် ရဟန်းတုဟု မဆိုထိုက်ကြောင်း၊ ဗုဒ္ဓဘုရားရှင်သည်ပင်လျှင် ပိဋဋူဘအရေးတွင် ဝင်ရောက်ဆောင်ရွက်ရသေးကြောင်း၊ ဝိနည်း၊ ဒေသနာတော်အရဆိုလျှင် ဥပ္ပဇျာယ်မရှိဘဲ သဃန်းဝတ်နေမှသာလျှင် ရဟန်းတု၊ ရဟန်းယောင် ဖြစ်ကြောင်း၊ သို့ဖြစ်ရာ တိုင်းရေးပြည်ရေး ဆောင်ရွက်ရုံနှင့် ဆာဂျေအေမောင်ကြီးက ဤသို့ စွပ်စွဲသည်မှာ မသင့်လျော်ကြောင်း ပဌမကျော် စိန္တာမယကလည်း ဤကမ္ဘာလောက၌ ရဟန်းတုရဟန်းယောင်ဟု စွပ်စွဲနိုင်သော ပုဂ္ဂိုလ်များမှာ ဗုဒ္ဓဘုရားရှင်သော်လည်း ဖြစ်ရမည်၊ သို့မဟုတ် မိစ္ဆာဒိဌိသော်လည်းဖြစ်ရမည်။ သို့သော် ဘုရားရှင်သော်မှလည်း ရဟန်းတု ရဟန်းယောင်ဟု ခေါ်ဆိုခဲ့ခြင်းမရှိခဲ့ဖူးကြောင်း၊ အလွန်ဆုံး မောဃပုရိဿဟုသာ ခေါ်ဆိုခဲ့ဖူးကြောင်းဟောပြောသွားခဲ့သည်။

ဥပဒေပြုလွှတ်တော်အမတ်များနှင့် ပြည်သူလူထုကြီးကပါ ဆူပူလှုပ်ရှားကာ၊ သာမန်အကျဉ်းသားတစ်ယောက် ဟူသော စကားနှင့် ရဟန်းတု၊ ရဟန်းယောင်ဟူသောစကားကို ပြန်လည်ရုတ်သိမ်းပေးရန် ကန့်ကွက်တောင်း ဆိုကြသော်လည်း အာဏာရူးဆာဂျေအေမောင်ကြီးက ရုတ်သိမ်းခြင်းမပြုခဲ့ချေ။ ထိုစဉ်က သတင်းစာလွတ်လပ်ခွင့် ရှိသောကြောင့် ပြည်သူလူထုက တိုင်းပြည်ဘာဖြစ်နေသည်ကို သိကြသည်။ သတင်းစာလွတ်လပ်ခွင့်မရှိသော စစ်အာဏာရှင်တို့ အုပ်စိုးသည့်ခေတ်နှင့်စာလျှင် သာလွန်သေးသည်။ အင်္ဂလိပ်ခေတ်တွင် လွှတ်တော်တွင်း ဗြောင်ငြင်းခုန်ခွင့်၊ ကန့်ကွက်ခွင့်အပြင်၊ လွှတ်တော်ပြင်ပတွင်လည်း အစည်းအဝေးခေါ်ပိုင်ခွင့် လူထုပရိတ်သတ်အား လွတ်လပ်စွာတရား ဟောပြောခွင့်တို့ရှိသည်ကို လေ့လာနိုင်ပေသည်။ ကိုယ်လူမျိုးအချင်းချင်း အုပ်ချုပ်သည့်အခါမှ ပိုမိုဖိနှိပ်လာသည်မှာ ရှက်စရာကောင်းလွန်း လှပေသည်။

မြန်မာပြည်သူတို့ကို နိုင်ငံရေးအသိအမြင် ဖွင့်ပေးခဲ့သောဆရာတော်ဦးဥတ္တမသည် ၁၃၀၁ ခုနှစ်၊ တော်သလင်းလ ပြည့်ကျော် ၁၁ ရက် (၉ ရက်၊ ၉ လ၊ ၁၉၃၉ ခုနှစ်) စနေနေ့ နံနက် ၁၀နာရီ ၃၅မိနစ် အချိန်တွင် ရန်ကုန်မြို့အရှေ့ပိုင်း ညောင်ကုန်းကျောင်းတိုက်တွင် ပျံလွန်တော်မူသည်။ ထိုအချိန်တွင် သက်တော် ၆၁ နှစ် ရှိပြီဖြစ်သည်။

ဆရာတော် ဦးဝိစာရ
ဆရာတော်သည် ဗမာ့လွတ်လပ်ရေးနှင့် ဗုဒ္ဓဘာသာသံဃာတော်များ ဘာသာရေးလွတ်လပ်မှုအတွက် အင်္ဂလိပ်အစိုးရထံတွင် ပြင်းပြင်းထန်ထန် တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် အာဇာနည်ပုဂ္ဂိုလ်ထူး ဖြစ်ပေသည်။ ဆရာတော် ဦးဝိစာရသည် ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးလုပ်ဆောင်မှုကို အထူးအားပေးရင်း ကိုယ်တိုင်ကိုယ်ကျပါဝင်လာသည့် ဆရာတော်ပင်ဖြစ်သည်။ ဇွဲသတ္တိအထူးရှိပြီး မိမိအမျိုးအတွက် နယ်ချဲ့အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးတောင်းဆို တိုက်ပွဲဝင်ခဲ့သည်။ အနယ်နယ်အရပ်ရပ်သို့လည်၍ နယ်ချဲ့ဆန့်ကျင်ရေးတရားများ ဟောပြော၍ ငြိမ်ဝပ်ပိပြားမှု ဥပဒေဖြင့် ဖမ်းဆီးခံခဲ့ရသည်။ ထောင်တွင်း၌ ရိုးရိုးအကျဉ်းသားအဖြစ် သတ်မှတ်ခံရပြီး ရဟန်းတို့အတွက် အခွင့်အရေးကိုလည်း မရရှိခဲ့ပေ။ နယ်ချဲ့တို့သည် ဆရာတော်အားအတင်းလူဝတ်လဲခဲ့ပြီး တိုက်ပိတ်ထားခဲ့သည်။ ဆရာတော်သည် လူမဝတ်ဘဲ ကိုယ်လုံးတည်းနှင့်နေခဲ့ပြီး ဘာသာရေးလွတ်လပ်မှုနှင့် ဗမာ့လွတ်လပ်ရေးအတွက် အစာငတ်ခံနေခဲ့ရသည်။ အစတွင် နယ်ချဲ့လက်ပါးစေများက ဆရာတော်အား အရေးမထားခဲ့ကြပေ။ သို့ရာတွင် ဆရာတော်၏ဇွဲသတ္တိမှာ သူတို့ထင်သလို လွယ်လွယ်နှင့်အရှုံးပေးမည့်သူ မဟုတ်ကြောင်း သိလာသောအခါ ထိတ်လန့် တုန်လှုပ်လာကြသည်။ သူရိယသတင်းစာကလည်း ဆရာတော်၏ အခြေအနေကို နေ့စဉ်ရေးသား ဖော်ပြခဲ့သဖြင့် ပြည်သူလူထုကြီးမှာ ဆရာတော်အတွက် စိုးရိမ်ပြီး ဆူပူလာခဲ့ကြသည်။ အင်္ဂလိပ်အစိုးရသည် ဆရာတော် အလိုမတူဘဲ အတင်းဓမ္မ ပါးစပ်ထဲသို့ အစာသွတ်သွင်းခြင်း၊ နို့များလောင်းထည့်ခြင်း၊ ဆေးသွင်းခြင်းများ ပြုလုပ်သော်လည်း ဆရာတော်မှာ ဆန့်ကျင်မြဲဆန့်ကျင်ခဲ့သည်။ သို့နှင့် ရက်ပေါင်း ၁၆၆ ရက်တိုင်တိုင် အစာငတ်ခံ ဆန္ဒပြပြီးနောက် လိမ်လိမ်မာမာနေပြီး နေရစ်ကြပါဟု မှာကြားပြီး ပျံလွန်တော်မူရှာသည်။

ဆရာတော်ပျံလွန်တော်မူသည်နှင့်တစ်ပြိုင်နက် အိန္ဒိယအမတ်တစ်ဦးဖြစ်သူ မစ္စတာမွန်ရှီ သည် အိန္ဒိယပြည်ဥပဒေပြု လွှတ်တော်၌ လွှတ်တော်ရွှေ့ဆိုင်းရန်အဆိုကို တင်သွင်းရာ အောင်မြင်ခဲ့ကြောင်း ဆရာတော် ဦးဝိစာရသည် အကြမ်းမဖက်ဘဲ အနုသက်သက်ဖြင့် အမြဲဆောင်ရွက်လေ့ရှိကြောင်း ထိုသို့ ဆောင်ရွက်စွန့်စားခြင်းဖြင့် တိုင်းပြည်လည်း နိုးကြားလာကြောင်း ဆရာတော်ဦးဝိစာရ ပျံလွန်တော်မူသောအခါ ဂိုဏ်းဂဏကွဲနေသော နိုင်ငံရေး ခေါင်းဆောင်ကြီးများကိုပင် စုရုံးလျက် ဆရာတော်၏ဈာပနာကိစ္စကို ဆောင်ရွက်ရာ နောက်ဆုံး၌ အသက်ကိုပင် စွန့်လွှတ်တော်မူသွားကြောင်း၊ ထိုအကြောင်းများကြောင့် ဆရာတော်ကြီးအတွက် မိမိတို့မှာ အားတက်ဖွယ်ကောင်း၍ ဆရာတော်ကြီးအား အမြဲသတိရရန် တစ်ခုခု ဆောင်ရွက်ဖို့ ကောင်းကြောင်းနှင့် ပြောဆိုတင်သွင်းလေသည်။

ဦးဘလှိုင်က အခြားတိုင်းပြည်အသီးသီးမှ နိုင်ငံရေးခေါင်းဆောင်ကြီးများ စွန့်စားသွားပုံများကို အကျယ်တဝင့်ပြောဆို၍ အဆိုကို ထောက်ခံသည်။ မစ္စတာဝယ်လင်တန်နှင့် ဒေါက်တာမာရေးတို့က မြူနီစပါယ်သို့ နိုင်ငံရေးများ ဝင်ရောက်လာမည်ကို တားဆီးလိုသဖြင့် အဆိုကို ပြန်လည်ရုတ်သိမ်းရန် ပြောဆိုရာ မစ္စတာမွန်ရှီက ဆရာတော်ကြီးမှာ မြန်မာပြည်နိုင်ငံရေးအတွက် အသက်ကိုပင် စွန့်သွား သဖြင့် သတိရရန် တစ်ခုခု စီမံဖို့ကောင်းကြောင်း ဤကိစ္စကို ဘဏ္ဍာရေးဆပ်ကော်မတီသို့ လွှဲအပ်သင့်ကြောင်း အကြံပေးရင်း ဘဏ္ဍာရေးဆပ်ကော်မတီသို့လွှဲရန် အဆိုတင်သွင်းရာ သခင်ဗဖူးနှင့် သခင်ရန်အောင်တို့က ထောက်ခံပြီး အဆိုကို အတည်ပြုလိုက်ကြသည်။ ဤအဆိုအရ ၁၉၄၀ ပြည့်နှစ်သို့ ရောက်လာသည့်အခါ ၁၉၄၀ ခုနှစ်၊ ၄ လ၊ ၂၃ ရက်နေ့တွင် ကျင်းပသော ရန်ကုန်မြူနီစပါယ်လမ်းနှစ် အဆောက်အအုံ ကော်မီတီအစည်းအဝေးမှ အာဇာနည် အရှင်ဦးဝိစာရဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ဆင်လမ်းနှင့် ဗွိုင်းလမ်းကို ဆက်၍ အသွားအပြန် ဖောက်လုပ်ထားသော လမ်းမကြီးနှင့် အလုံလမ်းဆုံရာဗဟို၌ ဦးဝိစာရကြေးရုပ်ကြီးကိုထားပြီး ထိုလမ်းကြီးကိုလည်း ဦးဝိစာရလမ်းဟု အမည်ပေးရန် အများသဘောတူ ဆုံးဖြတ်အတည်ပြုလိုက်ကြလေသည်။

အင်္ဂလိပ်နယ်ချဲ့အစိုးရသည် ဆရာတော်၏ မျိုးချစ်စိတ်ဓာတ်ကို ချိုးနှိမ်၍ ဂုဏ်သတင်း မှေးမှိန်အောင် ကြိုးစားခဲ့သော်လည်း ဆရာတော်၏ဂုဏ်သတင်းမှာ ကျော်ကြား၍သာလာခဲ့သည်။ မျိုးချစ်သူရဲကောင်းအဖြစ် လွတ်လပ်ရေးကြိုးပမ်းသူများ၏စံထားရာ အတုယူရာ ပုဂ္ဂိုလ်ထူးတစ်ဆူအနေဖြင့် ကျောက်တိုင်ကျောက်သားအဖြစ် ပေါ်ထွန်းလာခဲ့ရပေသည်။ သို့ဖြင့် ဗဟိုအခွန်ထမ်းအဖွဲ့နှင့် တို့ဗမာသခင်မြူလူကြီးများ၏ ဆောင်ရွက်ချက်အရ ဦးဝိစာရလမ်းနှင့် ကြေးရုပ်ကြီးသည် ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးမှတ်တိုင်ကြီးအဖြစ် ယနေ့တိုင် ထင်ရှားစွာ တည်ရှိလာရတော့သည်။

မှတ်ချက်။  ။ ထိုအချိန်ကမြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့်တွဲဖက်အုပ်ချုပ်ခံဖြစ်နေသဖြင့် လွှတ်တော်အမတ်များ ထဲတွင်အိန္ဒိယအမတ်များလည်းပါဝင် ပြီးမျိုးချစ်မြန်မာအမတ်များ နှင့်ပူးပေါင်း ကြသည်။

မြန်မာပြည်သူများသည် ကိုယ်ကျိုးမဖက်ပဲ တိုင်းပြည်အတွက် ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်ခဲ့သည့် သာသနာ့ အာဇာနည်နှစ်ပါးအား ဂုဏ်ပြုသောအားဖြင့် ရွှေတိဂုံဘုရား အနောက်တောင်ဖက်ရှိ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံဟု ပြောင်းလဲ အမည်ပေးခဲ့ကြသည်။ ထိုပန်းခြံ အနောက်ဖက်လမ်းမကြီးကို ဦးဝိစာရလမ်းဟု လည်းကောင်း၊ ပန်းခြံ၏ အနောက်မြောက်ထောင့် အလုံလမ်းနှင့် ဦးဝိစာရလမ်းဆုံရာတွင် ကျောက်တိုင် စိုက်ထူ၍ ဦးဝိစာရအဝိုင်းဟူ၍ လည်းကောင်း သတ်မှတ်၍ ယနေ့ထက်တိုင် မြတ်မြတ်နိုးနိုး ခေါ်ခဲ့ကြသည်။

(မှတ်ချက်။ နအဖလက်ထက်တွင် ကန်တော်မင်ပန်းခြံဟု အမည်ပြန်ပြောင်းခဲ့ကြောင်း သိရသည်။ ထို ဦးဥတ္တမပန်းခြံခေါ် ကန်တော်မင်ပန်းခြံ အတွင်းရှိ ရေကန်သည် ၁၉၇၀ ခုနှစ် ဝန်းကျင်အထိ ကန်အောက်ခြေအထိ မြင်နိုင်သည့် ကြည်စိမ်းနေသောကန်ကြီးဖြစ်ပြီး ရေအောက်တွင် စိမ်းလန်းနေသော ရေမှော်များ၊ ငါးကြင်းကြီးများ ကူးခတ်သွားလာနေသည်ကို စိတ်ကြည်နူးဖွယ်ရာ မြင်ခဲ့ရသော်လည်း ယနေ့အချိန်အခါတွင် စားသောက်ဆိုင်များကို ကန်ထရိုက်ပေးထားပြီး စားသောက်ဆိုင်များမှ စွန့်ပစ်အညစ်အကြေးများကြောင့် ညစ်ညမ်းမှုဖြစ်ကာ နောက်ကျိနေသော ရေပြင်ကိုသာ စိတ်ပျက်ဖွယ်ရာ တွေ့ရှိရသည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပြုလုပ်ရန် အထူးလိုအပ်နေပြီဟု တင်ပြလိုက်ရပါသည်။ ထို့အတူ ရန်ကုန်မြို့လယ်ရှိ အထင်ကရ ကန်ကြီးတစ်ခုဖြစ်သည့် ကန်တော်ကြီး၏ ရေသည်လည်း ကြည်လင်မှု မရှိဘဲ အလွန်ညစ်ညမ်းနေကို စိတ်မကောင်းဖွယ် တွေ့ရှိခဲ့ရသည်။ ရေနှင့် ပတ်ဝန်းကျင်ကို ကြည်လင်သန့်ရှင်းအောင် ပြုလုပ်နိုင်သော နည်းစနစ်များ ရှိသော်လည်း လျစ်လျူရှုထားသည်ကို တွေ့ရှိရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် ပြည်သူလူထု၏ ကျန်းမာရေးနှင့် တိုက်ရိုက် ဆက်စပ်နေသည့်အတွက် အလေးထား၍ ပြုပြင်ဖို့လိုကြောင်း ရန်ကုန်တိုင်းဒေသကြီး၏ စည်ပင်ဌာနကို တိုက်တွန်း လိုက်ရပါသည်။)။

စစ်အာဏာရှင်တို့သည် ၁၉၈၈ ခုနှစ် နောက်ပိုင်း ဒုတိယအကြိမ် လွတ်လပ်ရေး တိုက်ပွဲကြီးတွင် ပြည်သူ့ အကျိုးအတွက် ပါဝင်လာသည့်ဆရာတော်သံဃာတော်များကို နယ်ချဲ့တို့လုပ်ရပ်အတိုင်း ဂုဏ်သတင်း မှေးမှိန်အောင် ကြိုးစားနေကြစဲ ဖြစ်သည်။ ဆရာတော်သံဃာတော်များကို ရဟန်းတု၊ ရဟန်းယောင်များဟု ဆိုးဝါးယုတ်မာစွာ သမုတ်ပြီး သင်္ကန်းကို အတင်းအဓမ္မဆွဲချွတ်၍ နှစ်ရှည်လများ ထောင်တန်းချခဲ့ကြသည်။

အကယ်၍ တက်လာသည့်အစိုးရတိုင်းက ပြည်သူတို့၏နစ်နာချက်များကို ထုတ်ဖေါ်ပြောကြားရင်း ပြည်သူတို့ဖက်မှ ရပ်တည်သည့် ရဟန်းတော်များကို နိုင်ငံရေးလုပ်သည့် ရဟန်းတု၊ ရဟန်းယောင်များဟုဆိုပါက ဦးဥတ္တမပန်းခြံနှင့် ကန်တော်ကို မြေဖို့ ဦးဝိစာရကျောက်တိုင်ကို ရိုက်ချိုးဖျက်စီးပစ်ဖို့သာရှိသည်။ အင်္ဂလိပ်ဆန့်ကျင်၍ ပြဿနာမရှိ အားပေးသည်၊ သို့သော် ငါတို့ကို ဆန့်ကျင်၍မရ အရေးယူမည်ဆိုခြင်းမျိုးသည် တရားဥပဒေတွင် မရှိသင့်ချေ၊ တရားဥပဒေသည် ဘက်လိုက်မှုမရှိ တသမတ်တည်း ရှိသည်။ မတရားဥပဒေသည်သာ ထင်သလို လုပ်နေသည့် သဘောရှိပေသည်။ ထို့အတူ နိုင်ငံရေးလေ့လာလိုက်စားမှုမရှိဘဲ လောကုတ္တရာသက်သက်သာကြည့်ပြီး လောကီရေးကို ဝင်ရောက်စွက်ဖက်သော သံဃာတော်တို့၏ အစွန်းရောက်မှုကြောင့် မြန်မာနိုင်ငံ ခေတ်နောက်ပြန်ဆွဲပြီး သူ့ကျွန်ဖြစ်ရပုံကို အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ရန်တင်ပြလိုက်ပါသည်။

ထွန်းအောင်ကျော် (၇၄)

ဆက်လက်ဖေါ်ပြသွားပါမည်

No comments:

Post a Comment