Monday 14 October 2013

မြန်မာ့နိုင်ငံရေးနှင့် ရဟန်းတော်များ၏ကဏ္ဍ (အပိုင်း၃) ကိုထွန်းအောင်ကျော်


11 October 2013 at 17:24
လောကုတ္တရာသက်သက်ကို ကြည့်၍ သူ့ကျွန်ဖြစ်ရပုံ
မင်းတုန်းမင်းလက်ထက်တွင် အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီးကာလ တစ်ချိန်ချိန်တွင် အင်္ဂလိပ်တို့သည် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်လိမ့်မည်ဟု ကြိုတင်မြင်သဖြင့် နှလုံးရည်၊ လက်ရုံးရည်တို့နှင့် အထူး ပြည့်စုံတော်မူသော ကနောင်မင်းသားကြီးသည် အမျှော်အမြင်ကြီးစွာဖြင့် ဥရောပနိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်တော်မူ၏။ ၎င်းပညာသင်များ မန္တလေးနေပြည်တော်သို့ ပြန်ရောက်လာသည့်အခါ ဖန်ချက်စက်ရုံ၊ သတ္ထုဒင်္ဂါးသွန်းစက်ရုံ၊ လက်နက်စက်ရုံများကို တည်ဆောက်တော်မူလေသည်။


တစ်ခါသော် မင်းတုန်းမင်းသည် သာသနာပိုင်ဆရာတော်ကြီးနှင့် သံဃာတော်များအား နန်းတော်သို့ပင့်၍ ဆွမ်းကပ်တော်မူ၏။ ဆရာတော်ကြီးများ ဆွမ်းဘုန်းပေးနေစဉ် ပြင်းထန်သော ပေါက်ကွဲသံကြီးကြားရပြီး နန်းတော် ပင်တုန်ခါ၍ သွားလေသည်။ ဆရာတော်ကြီးက မင်းကြီးအား အကျိုးအကြောင်းကို မေးတော်မူရာ “ညီတော် အိမ်ရှေ့စံ ရေထဲ၌ ရေမြှုပ်ဗုံး စမ်းသပ်ဖောက်ခွဲခြင်း ဖြစ်ပါတယ်ဘုရား” ဟု လျှောက်၏။ ဆရာတော်ကြီးက အော်.. သတ္တဝါတွေ သတ်ဖြတ်ရန်အလုပ်ဖြစ်၍ စိတ်မချမ်းသာဟု မျက်နှာမသာ ဖြစ်တော်မူ၍ ဆွမ်းလုပ်ကို ဘုန်းမပေးပဲ နေတော်မူ၏။ မင်းတုန်းမင်းကြီးက ၎င်းလက်နက် စမ်းသပ်မှုကိုမလုပ်တော့ဘဲ ရပ်ပစ်ပါမည်ဟု ကတိပေးမှ ဆွမ်းကိုပြန်၍ ဘုန်းပေးတော်မူသည်။

ဤအကြောင်းကြောင့် ကနောင်မင်းသားကြီး၏ အမျှော်အမြင်ဖြင့် တီတွင်ထုတ်လုပ်နေသော ရေမြှုပ်ဗုံးလုပ်ငန်းမှာ လောကုတ္တရာ သက်သက်ကြောင့် ရပ်တန့်သွားခဲ့ရသည်။ အကျိုးဆက်အားဖြင့် နယ်ချဲ့အင်္ဂလိပ်တို့ ရေတပ်ကြီးဖြင့် ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသောအခါ ခုခံရန် ခေတ်မီလက်နက် မရှိခဲ့ချေ။ သူ့ကျွန်ဖြစ်ခဲ့ရသည်ကို တွေးမိတိုင်း အသဲနာကြရသည်။ ထိုအတိတ်သင်ခန်းစာက နိုင်ငံရေးအမြင်မရှိသည့် ဘုန်းတော်ကြီးများကြောင့် တိုင်းပြည်၊ သူ့ကျွန်သဘောက်ဘဝသို့ လွယ်လွယ်နှင့် ကျဆင်းခဲ့ရသည်ကို သင်ခန်းစာယူနိုင်ပါသည်။

ဘုန်းတော်ကြီးဖြစ်စေ၊ ကျောင်းသားဖြစ်စေ၊ အလုပ်သမား၊ လယ်သမားဖြစ်စေ၊ တပ်မတော်သားဖြစ်စေ နိုင်ငံရေးကို လေ့လာလိုက်စားဖို့ လိုပါသည်။ သို့မှသာ ကိုယ့်နိုင်ငံ မည်သည့်အခြေအနေသို့ ရောက်ရှိနေသည်၊ မည်ကဲ့သို့ တိုးတက်အောင် ပြုလုပ်ရမည်၊ တိုင်းတစ်ပါးရန်မှ မည်ကဲ့သို့ ကာကွယ်ရန် ပြုလုပ်ရမည်ကို သိရှိနားလည်နိုင်ပါသည်။ နိုင်ငံရေးသည် နိုင်ငံ၏အရေးကိစ္စ ဖြစ်ပါသည်။ ထိုနိုင်ငံတွင်း နေထိုင်ကြသည့် လူများအားလုံး၏ အရေးပင် ဖြစ်ပါသည်။ တစ်ဦးတစ်ယောက်၊ တစ်ပါတီ၊ တစ်ဖွဲ့တစ်စည်း၏ အလုပ် မဟုတ်ပါ။ အားလုံးက ပါဝင်တာဝန်ယူဖို့ လိုပါသည်။

စစ်အာဏာရှင်စနစ်အောက်တွင် ထောင်ကျခံခဲ့ရသော ဆရာတော်များ
၃ နှစ်မြောက် (၈.၈.၈၈) ရှစ်လေးလုံး နှစ်ပတ်လည် ၃ နှစ်မြောက် အခမ်းအနား ဆွမ်းဆန်စိမ်းလောင်းပွဲကို မန္တလေးမြို့၌ ကျင်းပစဉ် စစ်တပ်က ဝင်ရောက်အကြမ်းဖက်သဖြင့် သံဃာတော် ၂ ပါးနှင့် ကျောင်းသား ၂ ဦး သေဆုံးခဲ့ရသည်။ ဤအတွက် သံဃာတော်များသည် ဤမျှ ကြမ်းကြုတ်ရက်စက်သည့် အာဏာရှင်များ၏ အလှူဒါနကို ငြင်းပယ်၍ ပတ္တနိတ္တဇနကံဆောင် သပိတ်မှောက်ခဲ့ကြ သည်။

ဤသို့ ကိုယ့်ကျောင်းဝင်းအတွင်း ကိုယ်နေပြီး ကိုယ့်အရပ်ဒကာတို့ လှူသောဆွမ်းကိုသာစားရန် ဆုံးဖြတ်တော် မူကြသည့် ဆရာတော်ကြီးများနှင့် တပည့်၊ သံဃာ၊ ကိုရင်များအား စစ်အာဏာရှင်တို့က ဖမ်းဆီးနှိပ်စက် ထောင်ချပြီး သင်္ကန်းပါ ချွတ်ခဲ့ကြသည်။ မသန့်ရှင်းသောလှူဖွယ်ပစ္စည်းများကို မသတီ၍ အလှူမခံခြင်းကြောင့် သံဃာတော် အရှင်မြတ်တို့အား တရားလက်လွတ် လက်နက်အားကိုး လူမိုက်လုပ်၍ ဖမ်းဆီးခဲ့သည်။ လာလှူသည်ကို မယူခြင်းသည်အပြစ်ရှိသလော မှန် မမှန် ဆန်းစစ်ကြည့်နိုင်ပါသည်။

ဤသို့ ဖမ်းဆီးခံရသည့် ဆရာတော်ကြီးများထဲတွင် ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်သည့် ဆရာတော် ၄ ပါး အနက်မှ သက်တော်ဝါတော်အငယ်ဆုံးဆရာတော်တစ်ပါးလည်း ပါဝင်သည်။

၎င်းသံဃာတော်တို့မှာ -
၁။ တိပိဋကဓရ ဦးသုမင်္ဂလ လင်္ကာရ၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ ရေကူး၊ ကမ္ဘာအေး၊ ရန်ကုန်မြို့။
၂။ ဧကပိဋက ဆရာတော် ဦးက္ကန္ဒက၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ ရေကူး၊ ကမ္ဘာအေး၊ ရန်ကုန်မြို့။
၃။ ဆရာတော် ဦးတိလောကဘိဝံသ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်။
၎။ ဆရာတော် ဦးပဏိတဘိဝံသ မဟာဗောဓိကျောင်းတိုက်၊ ရန်ကင်း။
၅။ ဆရာတော် ဦးဥာဏဝံသ ကျောက်ကုန်း၊ မေဒိနီတောရကျောင်းတိုက်၊ ရန်ကင်း။
၆။ ဆရာတော် ရာဇဓမ္မဘိဝံသ မစိုးရိမ်ကျောင်းတိုက်၊ အနောက်ပြင်၊ မန္တလေးမြို့။
၇။ ဆရာတော် ဦးကဝိန္ဒ စာချဆရာတော် မစိုးရိမ်တိုက်ဟောင်း၊ မန္တလေးမြို့။
၈။ ဆရာတော် ဦးရေဝတ လေပြင်လေးရပ် ရဟန်းပျိုသမဂ္ဂ အတွင်းရေးမှူး၊ တောင်သမန်တိုက် အေးကျောင်း၊ မန္တလေးမြို့။ (မှတ်ချက်။ ဆရာတော်သည် လွတ်မြောက်ပြီး လပိုင်းအတွင်း ပျံလွန်တော်မူခဲ့သည်။)
၉။ ဆရာတော် ဦးခေမာနန္ဒ ရတနာမာန်အောင်ကျောင်း၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်။
အထက်ပါ ဆရာတော်ကြီးများနင့် အခြားဆရာတော်၊ သံဃာတော်ပေါင်း ၂၀၀ ကျော် ဖြစ်သည်။

ပြည်သူလူထုချမ်းသာမှ ရဟန်းတော်များလည်း ချမ်းသာ၍ တရားကို ကောင်းစွာအားထုတ်နိုင်ကြမည်မှာ ပြောစရာပင် မလိုချေ။ ပြည်သူတို့ ဆင်းရဲလွန်းမှုကို မကြည့်နိုင်၍ ကယ်တင်ရန် ကြိုးစားခဲ့ကြသော ဆရာတော်သံဃာတော်များ ထောင်တွင်း၌ ဒုက္ခဆင်းရဲခံနေရချိန်တွင် နိုင်ငံရေးသည် ငါတို့ အလုပ်မဟုတ် ငါတို့နဲ့မဆိုင် ဗိုလ်ချုပ်ကြီးများ မှန်သည်။ ငါတို့အား ဆွမ်းဟင်းကောင်းကောင်း ပို့သည်။ ဟယ်လီကော်ပတာကြီးများတောင်စီး၍ ပရိတ်ရွတ်ရသေးသည်။ ယခင်က မစားဘူးသောချောကလက်နှင့် နိုင်ငံခြားမုန့်မျိုးစုံလည်း စားရသည်၊ မစီးဖူးသေးသောကားများလည်း စီးရသည်၊ မပိုင်ဆိုင်ဖူးသော တီဗွီလည်း ပိုင်ဆိုင်ရသည်၊ တီဗွီထဲမှလည်း တရားဟောရသည်၊ သတင်းစာထဲမှာလည်း ခဏ ခဏ ပါရသည်။ ထို့ထက်ပို၍ ကောင်းသည်မှာ ငါတို့အား ဘွဲ့တံဆိပ်ကြီးများလည်း ကပ်ကြသည်၊ ငါတို့မှာ စစ်အာဏာရှင်များ လက်ထက်တွင် အင်မတန် ကျော်ကြားလာပေသည်...ဟု ပြည်သူများ ဒုက္ခပင်လယ် ဝေနေရသည်ကို သတိမရ၊ ညီနောင် ရဟန်းတော်များကိုလည်း ဥပက္ခာပြုကာ စည်းစိမ်ယစ်မူးရင်း အာဏာပိုင်တို့ ခိုင်းသည့်အတိုင်း လိုက်လုပ်နေကြသော သံဃာတော်များလည်း ရှိပေသေးသည်။

စစ်အာဏာရှင်လက်ထက်သံဃာတော်များကို ဖျားယောင်းနည်း ၅ နည်း။
၁။ ဘုန်းတော်ကြီးများကို ပစ္စည်းဖြင့် ဖျားယောင်းခြင်း (သာဓကအားဖြင့် တီဗီ၊ ရေဒီယို၊ မော်တော်ကားများ)
၂။ ဘွဲ့တံဆိပ်များ ကပ်လှူ၍ ဖျားယောင်းခြင်း။
၃။ နိုင်ငံရပ်ခြားသို့ ဘုရားဖူးပို့ပေးခြင်းဖြင့် ဖျားယောင်းခြင်း။
၎။ ဘုရားပုထိုးများပြုပြင်ပေးခြင်း၊ အလှူပေးခြင်းဖြင့် ဖျားယောင်းခြင်း။
၅။ မိမိတို့ကို ထောက်ခံသော ရဟန်းတော်များ လာဘ်လာဘ ရွှင်စေရန် မြို့နယ်အလိုက် စုပေါင်းရှင်ပြုပွဲများ ပြုလုပ်ပေးခြင်းဖြင့် ဖျားယောင်းခြင်း။

အရေးအကြီးဆုံးမှာ သံဃာ့မဟာနာယကအဖွဲ့တွင် မိမိထောက်ခံထားသည့် သံဃာများကို အဓိကနေရာများတွင် နေရာ ရရှိစေရန် ဖန်တီးပြီး သံဃာထုကို ချုပ်ကိုင်ထားမှုပင် ဖြစ်သည်။ သီလဂုဏ်သမာဓိဂုဏ်တို့နှင့် ပြည့်စုံသော ဆရာတော်ကြီးများကို နာယကနေရာ ဥက္ကဋ္ဌနေရာတို့တွင် အရုပ်ကဲ့သို့ထားပြီး အတွင်းရေးမှူးနေရာတို့တွင် အစိုးရအလိုကျရဟန်းတို့က နေရာယူလျက် ချယ်လှယ်နိုင်သည့် အနေအထားကို ဖန်တီးထားခဲ့သည်။  ဦးဥတ္တမကဲ့သို့ ပြည်သူဖက်မှ ရပ်တည်၍ အစိုးရကို ရဲဝန့်စွာ ဝေဖန်ဟောပြောသော ဆရာတော် သံဃာတော်တို့ကို ပြောဆိုဆုံးမ၍ ခက်ခဲသောရဟန်းအဖြစ် သံဃာ့မဟာနာယကအဖွဲ့ကြီးမှ သတ်မှတ်၍ ဟောပြောခွင့်ကို ပိတ်ပင်ပြီးအုပ်ချုပ်သူအ ကြိုက်လိုက်၍ ဖေါ်လံဖါးခြင်း အကြောင်းရှာ၍ အပြစ်ဒဏ်ပေးခြင်း၊ ဥပမာ ဒယ်အိုးဆရာတော်၊ ရွှေညဝါဆရာတော် တို့ကို တရားဟောပြောခြင်းမှ တစ်နှစ်ပိတ်ပင်လိုက်ခြင်းတို့သည် ထင်ရှားသောသာဓကများဖြစ်သည်။ ယနေ့ခေတ်တွင် အစိုးရပြောင်းလဲလာသော်လည်း သံဃာမဟာနာယကအဖွဲ့ကြီးက မပြောင်းဘဲ ယခင်အတိုင်း အစိုးရမင်းတို့ကို ဝေဖန်ရဲသည့် သံဃာတို့ကို ဆက်လက်နှိပ်ကွပ်ခြင်းကို ရပ်တန်းက ရပ်ဖို့လိုနေပြီ ဖြစ်သည်။  အစိုးရက မည်သည့် တုံ့ပြန်မှုကိုမျှ မလုပ်သော်လည်း အစိုးရကို မျက်နှာလုပ်သည့်အလုပ်သည် အိုးကမပူစလောင်းကပူနေသည့် သဘော သက်ရောက်နေသည်။ သံဃာ့မဟာနာယကအဖွဲ့ကြီးသည် သာသနာတော်တည်တံ့သန့်ရှင်းစင်ကြယ်ရေးအတွက် သာမက အဂတိလိုက်စားမှု နိုင်ငံရေးဘက်လိုက်မှုကင်းဝေးပြီး သံဃာထုကြီးအား မှန်ကန်မျှတစွာ ဦးဆောင်နိုင်သော အဖွဲ့ကြီးဖြစ်လာစေရန် လိုပေသည်။ သံဃာတော်များနှင့် သံဃာ့အဖွဲ့အစည်းများကို ထိန်းချုပ်ရန် ဦးနေဝင်းက အထူးကြိုးစားဆောင်ရွက်ခဲ့ပြီး ၁၉၈၀ခုနှစ်တွင် သာသနာသန့်ရှင်းရေးဆိုသည့် ကြွေးကြော်မှုအောက်တွင် အစိုးရအလိုကျ သံဃာတော် အချင်းချင်း ဖိနှိပ်ချုပ်ချယ်နိုင်သည့် သံဃာ့မဟာနာယကအဖွဲ့ကြီး၏ ဖွဲ့စည်းပုံကို သာသနာရေးဝန်ကြီးဌာနမှ ရေးဆွဲပြီး အတည်ပြုနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ သံဃာတော်များသည် ယခင်ကလို သီးခြားလွတ်လပ်သော အဖွဲ့အစည်းများအဖြစ် မလှုပ်ရှားနိုင်တော့ဘဲ အစိုးရအလိုကျသံဃာထုကြီးကို ထိန်းချုပ်ထားသည့် သာသနာ့မဟာနာယကအဖွဲ့ကြီး၏ ဖိနှိပ်မှုကို အမြဲမပြတ် ခံစားလာခဲ့ရသည်မှာ ယနေ့ခေတ် တိုင်အောင်ပင်ဖြစ်သည်။ သာသနာ့မဟာနာယကအဖွဲ့ကြီးမှ နိုင်ငံရေးအမြင်ရှိသော ဘုန်းတော်ကြီးများကို နှိပ်ကွပ်သည့် အလုပ်ကိုလုပ်ပြီး အစိုးရကို ဖေါ်လံဖါးနေသော်လညှ်း ပြည်သူတို့၏နစ်နာမှုများကို ထုတ်ဖေါ်ပြောဆိုခြင်း၊ ပြည်သူများနှင့် ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သည့်သံဃာတော်များကို အစိုးရမှဖမ်းဆီးပြီး အတင်းအဓမ္မ သင်္ကန်းကို ဆွဲချွတ် လူဝတ်လဲစေခြင်း၊ ထောင်တန်းချခြင်းတို့ကို မင်းအာဏာစက်ဖြင့် လုပ်ပိုင်ခွင့်မရှိသည်ကို သိသော်လည်း ထိုလုပ်ရပ်များကိုမူ ကန့်ကွက် ပြောဆိုရဲခြင်းမရှိဘဲ နှာစေးနေကြသည်မှာ အလွန်ရှက်ဆုတ်ဖွယ် ကောင်းလှပေသည်။ ယနေ့လက်ရှိ ငွေကြာယံ ကျောင်းတိုက်ကြီးကို ၂၀၀၇ ခုနှစ်တွင် ရဲများက ဝင်ရောက်ပြီး သံဃာတော်တို့ကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခြင်း၊ သံဃိကပိုင်ပစ္စည်းများ၊ အလှူတော်ငွေများကို သိမ်းဆည်းခြင်းတို့ကို ဗြောင်ပြုလုပ်ခဲ့ကြပြီး ယနေ့အချိန်ထိ၊ ထိုသိမ်းဆည်းပစ္စည်းများကို ပြန်လည်ပေးအပ်ခြင်း မပြုဘဲထားခြင်းကို သာသနာ့မဟာနာယကအဖွဲ့ကြီးမှ သံဃာ့နစ်နာချက်များကို သံဃာထုကိုယ်စားရှေ့မှ မားမားမတ်မတ် ရပ်တည်ပြီး တောင်းဆိုခဲ့ခြင်း မရှိဘဲ လျစ်လျှူုရှုနေခြင်းကိုကြည့်လျှင် သာသနာ့မဟာနာယကအဖွဲ့ကြီးသည် တကယ့်သံဃာထုကြီး အကျိုးကို မဆောင်ရွက်ဘဲ အုပ်ချုပ်သူတို့ အလိုကျသာ လုပ်ဆောင်နေသည့် သံဃာထုကို ကိုယ်စားမပြုသည့်အဖွဲ့ကြီး ဖြစ်နေကြောင်း ထင်ရှားစေသည်။
ယနေ့လက်ရှိ ငွေကြာယံ ကျောင်းတိုက်ကြီးကို ၂၀၀၇ ခုနှစ်တွင် ရဲများက ဝင်ရောက်ပြီး သံဃာတော်တို့ကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခြင်း၊ သံဃိကပိုင်ပစ္စည်းများ၊ အလှူတော်ငွေများကို သိမ်းဆည်းခြင်းတို့ကို ဗြောင်ပြုလုပ်ခဲ့ကြပြီး ယနေ့အချိန်ထိ၊ ထိုသိမ်းဆည်းပစ္စည်းများကို ပြန်လည်ပေးအပ်ခြင်း မပြုဘဲထားခြင်းကို အစိုးရနှင့် ဦးဆောင်ဆရာတော်ကြီးများက တရားသဖြင့်ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပြီး ကူညီပေးကြဖို့ လိုသည်။ သို့မှသာ ပြောင်းလဲလာသောခေတ်သစ်တွင် ပြည်သူများ၊ သံဃာတော်များအနေနှင့် တရားဥပဒေစိုးမိုးမှု၏ အနှစ်သာရကို လုံခြုံစိတ်ချစွာရရှိနိုင်ကြမည် ဖြစ်သည်။

နိဂုံးအနေဖြင့် ပြည်သူတို့ကို ဖိနှိပ်အုပ်ချုပ်ခဲ့သည့် တစ်ပါတီစနစ်သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ထို့အတူ စစ်အာဏာရှင်စနစ်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သို့ရာတွင် ရဟန်းသံဃာတော်များကို အစိုးရအလိုကျ ဖိနှိပ်ချုပ်ချယ်နေသော သံဃာမဟာနာယကအဖွဲ့ကြီး၏ အုပ်ချုပ်ရေးယန္တရားမှာမူ ဆက်လက်ရှင်သန်နေပြီး သံဃာထုအား ဖိနှိပ်နေစဲရှိသေးသည်။

ယနေ့ခေတ်ပြောင်းကာလတွင် သံဃာမဟာနာယကအဖွဲ့ကြီး၏ဖွဲ့စည်းပုံကို ဒီမိုကရေစီနည်းကျ ခေတ်အမြင်၊ နိုင်ငံရေးအမြင်ရှိသော မျိုးချစ်ရဟန်းတော်တို့က ဦးဆောင်နိုင်သည့် အနေအထားသို့ ရောက်ရှိလာရန် သံဃာထုကြီး၏ စုပေါင်းအားဖြင့် ဖွဲ့စည်းပုံကို ပြောင်းလဲရေးဆွဲရန် လိုအပ်နေပြီ ဖြစ်သည်၊ သို့မှသာ သံဃာထုကြီး၏ အကျိုး၊ သာသနာသန့်ရှင်းရေး အကျိုး၊ ဘက်လိုက်မှုကင်းစွာဖြင့် ပြည်သူပြည်သား ဒကာ၊ ဒယိကာမတို့၏ အကျိုးကို ရွတ်ရွတ်ချွံချွံ ထမ်းဆောင်နိုင်မည့် သာသနာပိုင်အဖွဲ့ကြီးအဖြစ် ပေါ်ထွက်လာနိုင်မည်ဖြစ်သည်ဟု တင်ပြလိုက်ရ ပါသည်။

လွန်တာရှိရင် ဝန္ဒာမိပါဘုရား။

ထွန်းအောင်ကျော် (၇၄)

မှတ်ချက်။ ။ ဤဆောင်းပါးကို ၁၉၉၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ရေးသားခဲ့သော်လည်း ခေတ်ပြောင်းကာလ ရောက်လာသဖြင့် ပြန်လည်ဆီလျော်အောင် တည်းဖြတ်နိုင်သမျှ တည်းဖြတ်ပြီး တင်ပြလိုက်ပါသည်။ ရွှေဝါရောင် သံဃာတော်များစာရင်းကို ပေးနိုင်ပါက နောင်ရေးမည့်ဆောင်းပါးများတွင် ထည့်လိုပါသည်။ စာရင်းရှိသူများ မှတ်တမ်းတင်နိုင်ရန် ပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကျမ်းကိုးစာရင်း
၁။ ဦးကုလားမှန်နန်းရာဇဝင်တော်ကြီး
၂။ ဘေ၊ပု၊ရှိန် မြန်မာ့နိုင်ငံရေးကိုကိုင်လှုပ်ခဲ့သောထိုသုံးဦး
၃။ တိမ်မြုပ်နေသောသခင်ကိုယ်တော်မှိုင်းစာပေများ
၎။ တို့ဗမာအစည်းအရုံးသမိုင်း

No comments:

Post a Comment