Thursday 14 November 2013

တရားဥပဒေစိုးမိုးမှုရေးအတွက် ကျေနပ်မှုမရှိသေးဟု ဒေါ်အောင်ဆန်းစုကြည် ဆို




  • နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး သုံးနှစ်တာကာလအတွင်း လွှတ်တော်မှ ဖွဲ့စည်းထားသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌအဖြစ် လုပ်ဆောင်ခဲ့သော်လည်း နိုင်ငံ ၏ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိသေးဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားလိုက်သည်။

    “တရားဥပဒေစိုးမိုးရေးအပိုင်းကတော့ နိုင်ငံရဲ့ရှုထောင့်က ကြည့်တယ်ဆိုရင် ကျေနပ်စရာအကြောင်း မရှိ ဘူး။ အများကြီး လိုနေသေးတယ်။ ဒါပေမဲ့လည်း ဒီတရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ အမေကလုပ်ပိုင် ခွင့်တွေရလာတာကိုတော့ ကြိုဆိုပါတယ်။ အဲဒီ့ဟာကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် သုံးရမှာ ပေါ့”ဟု ပြောသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်တွင်း ဆောင်ရွက်နိုင်မှုများနှင့်ပတ်သက်၍မူ ကျေနပ်မှုရှိသည်ဟု ဆိုသည်။

    သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများတွင်မူ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိသေးဟု နိုင်ငံရေး၊တိုင်းရင်းသားအရေး လှုပ်ရှားသူအများစုက ဝေ ဖန်လျက်ရှိသည်။

    ဦးအေးသာအောင်
    (ဥက္ကဋ္ဌ-ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)

    တိုင်းရင်းသားအရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့တွေလည်း နှစ်ပေါင်းများစွာ လက်တွဲဆောင်ရွက်ခဲ့တာ သူ့ရဲ့သဘောထား၊ သူ့ရဲ့လုပ်ဆောင်ချက်တွေ သိပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်အနေ နဲ့ကတော့ ဖက်ဒရယ်ပြည်ထောင်စုကိုထူထောင်ဖို့ သူကလည်း ပြောပြီးသားဖြစ်တယ်။ ဒီကိစ္စမှာလည်းပဲ တိုင်းရင်းသားအရေးမှာလည်းပဲ လက်ရှိအစိုးရအပါအ၀င် တပ်မတော်ခေါင်းဆောင်တွေအပါအ၀င် အား လုံးက ဖြေရှင်းလိုတဲ့ဆန္ဒ ရှိဖို့လိုတယ်။

    ဦးစိုင်းဌေးအောင်
    (ဥက္ကဋ္ဌ-ရှမ်းနီ (တိုင်းလိုင်) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ)

    အန်တီစုအနေနဲ့ကတော့ လုပ်တာတော့ လုပ်နေတယ်၊ ဒါပေမဲ့ ထိရောက်မှုတော့ မရှိသေးဘူးပေါ့။ ဒါပေ မယ့်လည်း ကျွန်တော်တို့အနေနဲ့ နားလည်ပေးရမှာပေါ့။ ကျွန်တော်တို့ တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ် သက်ပြီး လုံးဝထိရောက်မှုမရှိတာပါ။ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့တောင်းနေ တဲ့ ဖက်ဒရယ်ပုံစံပေါ့၊ ကိုယ့်ဒေသကိုယ့်လူမျိုး အုပ်ချုပ်ပိုင်ခွင့်တို့၊ စီမံအုပ်ချုပ်နိုင်ခွင့်တို့၊ ဥပဒေပြဋ္ဌာန်းနိုင် ခွင့်တို့ ဒီဟာတွေကို အန်တီစုအနေနဲ့ ထည့်သွင်း ဆောင်ရွက်ပေးရင်တော့ ပိုအားရှိတာပေါ့။

    ဦးဉာဏ်ဝင်း
    (ဗဟိုကော်မတီဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

    NLD က ဒီကာလအတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့တယ်။ နောက်ဆုံးရလဒ် ရွေးကောက်ပွဲဝင်တယ်။ လွှတ်တော်ကြီးကို ဒီမိုကရေစီပုံစံကျအောင် တောက်လျှောက် ဆောင်ရွက်ခဲ့တယ်လို့ ပြော ချင်တယ်။

    ဦးလှဆွေ
    (မကွေးမဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်)

    ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်လာတာ အင်မတန်ကို ကောင်းပါတယ်။ ကျွန်တော်တို့ ဒီမို ကရေစီလမ်းစဉ်ကို သွားဖို့ တစ်တပ်တစ်အား အထောက်အကူပြုပါတယ်။ ပါတီပေါင်းစုံက အားကိုးရတာပေါ့။ ပါတီပေါင်းစုံက သူ့ကို မော်ဒယ်တစ်ယောက်လို သဘောထားပြီးတော့ ဒီမိုကရေစီနဲ့ ပတ်သက်ရင် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကအစ သူ့ကိုအားကိုးတယ်ပေါ့။ ကျွန်တော်တို့ကတော့ ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ထဲကို ရောက်လာတာ၊ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတာ အင်မတန် ကို ၀မ်းမြောက်ဝမ်းသာ ရှိပါတယ်။ မြန်မာနိုင်ငံအတွက်လည်း ပိုကောင်းတာပေါ့။ ဘာလို့လဲဆိုတော့ သူ က မြန်မာပြည်ကို ဒီ့ထက်ပိုကောင်းအောင် လုပ်မယ့်သူကိုး။

    ကျွန်တော်အနေနဲ့က အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလိုသွားနေတာမျိုးပဲ မြင်ချင်တယ်။ ပြည်သူလူထုကလည်း အဲလိုပဲမြင်ချင်မှာပဲ။ သူတို့ရန်ဖြစ်နေတာ ချိတ်နေတာ၊ ကောက်နေတာ မြင်ချင်မှာမဟုတ်ဘူး။

    ဦးခွန်ထွန်းဦး
    (ဥက္ကဋ္ဌ-ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)

    တိုင်းရင်းသားကိစ္စကတော့ အစက သူသိပ်မလုပ်ဘူးပေါ့။ အခုကတော့ တိုင်းရင်းသားတွေကိစ္စတွေကို ပြောလို့မရတော့ လွှတ်တော်ပြင်ပထွက်လာပြီး အပြင်မှာပြောတယ်။ တိုင်းရင်းသားအရေးကတော့ဒါပါပဲ။ ရခိုင်ကိစ္စလည်း ရခိုင်တွေ အားကိုးတာလောက် မရဘူးလေ။ ကချင်ကိစ္စလည်း ကချင်တွေ မှန်းထားသလောက် မရဘူးလေ။ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဆိုတော့ ငြိမ်းချမ်းရေးကတော့ ပြောပေးဖို့ လိုတာပေါ့။ ကချင်တို့၊ ရခိုင်တို့မှာ တော်တော်လေးကို အားနည်းသွားတယ်။

    Mizzima - News in Burmese

No comments:

Post a Comment