Monday 14 October 2013

မြန်မာ့နိုင်ငံရေးနှင့် ရဟန်းတော်များ၏ကဏ္ဍ 1 ရေးသားသူ ကိုထွန်းအောင်ကျော်



ရန်ကုန်တိုင်းသတင်းစာပါ ကျွန်တော်ရဲ့ဆောင်းပါး ပထမပိုင်းကို တင်ပေးလိုက်ပါတယ်။ ဒုတိယပိုင်းနဲ့ တတိယပိုင်းတွေကိုလည်း အပတ်စဉ် သောကြာနေ့မှာ တင်ပြသွားပါ့မယ်။ မြန်မာပြည်သူတို့အတွက် မိမိကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြတဲ့ သံဃာတော်များကို ဂုဏ်ပြုချင်တာရယ်၊ ဒီလိုပြည်သူ့ဖက်က ရပ်တည်ခဲ့တဲ့ သံဃာတော် တွေကို ဘယ်လိုအားပေးကြမလဲ၊ ဘယ်လိုကာကွယ်ကြမလဲဆိုတာ စိတ်ဝင်စားလာကြရင် စာရေးရကျိုးနပ်ပါတယ်။ရွှေဝါရောင်သံဃာတော်တွေကိုလည်း ဒီနေရာကနေ ကန်တော့လိုက်ပါတယ်။

ထွန်းအောင်ကျော်


မြန်မာ့နိုင်ငံရေးနှင့် ရဟန်းတော်များ၏ကဏ္ဍ

နိဒါန်း

မြန်မာ့သမိုင်းကို ပြန်ပြောင်းလေ့လာသောအခါ ရဟန်းသံဃာတော်တို့သည် ရှေးယခင်ကပင် နိုင်ငံတော်၏အကျိုး၊ တိုင်းသူပြည်သားများ၏အကျိုးအတွက် အသက်ကို ပဓာနမထားဘဲ ငြိမ်းချမ်းရေးအတွက် ပါဝင်ဖြေရှင်းပေးခဲ့သည့် သာဓကများအား မြတ်နိုးလေးစားဖွယ် လေ့လာမှတ်သားခဲ့ရသည်။ မအားလပ်သည့်ကြားမှ ရသည့်အချိန်လေးနှင့် လေ့လာပြုစု မှတ်စုထုတ်နှုတ်ရေးသားခဲ့ရသဖြင့် အကုန်အစင် ပြည့်စုံလိမ့်မည် မဟုတ်သော်လည်း ထိုဆရာတော်ကြီးများနှင့် စစ်အာဏာရှင်စနစ်အောက်တွင် ထောင်တွင်း၌ ဒုက္ခခံခဲ့ရသည့် ဆရာတော်ကြီးများကို နှိုင်းယှဉ်၍ ကြည်ညိုသဒ္ဓါပွားများပြီး ၎င်းဆရာတော်ကြီးများ၏ သတ္တိဗျတ္တိကို  စာဖတ်ပရိတ်သတ်များက လေးစားလျက် ချီးမြှောက်ကော်ရော်ပူဇော် အားပေးကြမည်ဆိုလျှင် ဤစာကို ရေးရကျိုးနပ်ပြီဟု ဆိုချင်ပါသည်။

စစ်အာဏာရှင်စနစ်သည် တိုင်းပြည်ကို ကျွန်ပြု ဂုတ်သွေးစုပ်ယုံနှင့်မကျေနပ်သေး။ ပြည်သူပြည်သားများ၏ ဒုက္ခများကို မကြည့်ရက်၍ မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်အညီ ပတ္တနိက္ကဇ္ဓနကံဆောင် သပိတ်မှောက်တော်မူကြသည့် သံဃာတော် အရှင်သူမြတ်တို့ကိုပါ တရားလက်လွတ် သင်္ကန်းပါချွတ် ဖမ်းဆီးထောင်ချသည်အထိ ရက်စက်ယုတ်မာခဲ့ကြသည်။ ထို့ပြင် ယင်းတို့က နိုင်ငံရေးသည် ရဟန်းတော်တို့နှင့်လားလားမျှမဆိုင်ဟုဆိုကာ ဆရာတော်ထေကြီးဝါကြီးများမှအစ ပဉ္စင်းငယ်၊ ကိုရင်များပါမကျန်၊ ရဟန်းတု၊ ရဟန်းယောင်များဟု ရင့်သီးစွာ သမုတ်ကာ ရိုက်နှက်ကန်ကျောက်ပြီး စစ်ဖိနပ်နှင့်နင်းခဲ့ကြသည်။ “မင်းတို့ဂတုံးတွေ ကိုယ့်နေရာ ကိုယ်မနေဘူး”ဟူ၍ ရိုင်းပြစွာ စော်ကားခဲ့ကြသည်။

ဤစာတမ်းဖြင့် မြတ်နိုးကြည်ညိုဖွယ်ရာ ကိုယ်ကျိုးမငဲ့ဘဲ ပြည်သူနှင့် တိုင်းပြည် ကောင်းစားရေးအတွက် သက်ဦးဆံပိုင် ဘုရင်စနစ်အောက်တွင် လုပ်ဆောင်ခဲ့ကြသော အရှင်ပံသကူငစွယ်ရှင်၊ ပင်းယစကြိုသူမြတ်တို့နှင့်  ကိုလိုနီနယ်ချဲ့စနစ် အောက်တွင် မြန်မာနိုင်ငံပထမအကြိမ် လွတ်လပ်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ခဲ့ကြသော ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးဝိစာရတို့၏ ကိုယ်ကျိုးစွန့် ကြိုးစားအားထုတ်မှုများအပြင် ၂၁ ရာစုခေတ် မြန်မာနိုင်ငံစစ်ကျွန်သဘောက်ဘဝမှ ဒုတိယအကြိမ် လွတ်လပ်ရေးရရှိရန် မြန်မာပြည်သူပြည်သားများအတွက် ကြိုးစားအားထုတ်ရင်း အကျဉ်းကျခံခဲ့ရသော ဆရာတော် အရှင်သူမြတ်တို့အား နှိုင်းယှဉ်ရေးသား၍ ဦးချဂါဝရပြု လိုက်ပါသည်။


ပံ့သကူငစွယ်ရှင်မဟာထေရ်
သမိုင်းကို ပြန်လှန်လေ့လာသောအခါ မှန်နန်းမဟာရာဇဝင်တော်ကြီးတွင် ပုဂံမင်းဆက်အကြောင်း ရေးသားထားချက်၌ နရပတိစည်သူမင်းလက်ထက် စူဠာမဏိဘုရား တည်တော်မူသောအခါ ပြည်သူတို့အား မင်းအာဏာဖြင့် ချောက်ကြီးကို မြေဖို့၍ ဘုရားတည်ရန် စိုင်းပြင်းတော်မူ၏။ ပြည်သူတို့ငတ်မွတ်ဆင်းရဲနေသည်ကိုမြင်သော ပံ့သကူငစွယ်ရှင် မဟာထေရ်သည် မင်းကြီးအား ဤသို့မိန့်တော်မူ၏။

“မင်းကြီး ကောင်းမှုဖြစ်စိမ့်မည်ဟူ၍ ယခုပြုသောအမှုသည် ကောင်းမှုမဖြစ် မကောင်းမှုသာ ဖြစ်သည်၊ မင်းကြီး လှူသောဆွမ်းကိုလည်း ငါမခံ” ဟု ဆိုတော်မူ၏။

ထိုအခါနရပတိစည်သူမင်းကြီးလည်း “ဘုန်းတော်ကြီး ... ငါ့ဆွမ်းကို ဘုန်းမပေးတော်မူသော် ငါ့ပြည်တွင် နေတော် မမူ၍ ဖြစ်မှလွတ်မည်။ ပြည်သူတို့ဆွမ်းလည်း၊ ငါ့ဆွမ်းပင်မဟုတ်တုံ့လော”ဟူ၍ မိန့်တော်မူ၏။

ထိုအခါ၊ စာရိတ္တသီလ၊ ဝါရိတ္တသီလနှင့်ပြည့်စုံတော်မူသော ပံ့သကူငစွယ်ရှင်မဟာထေရ်လည်း...
“မင်းကြီး...ဤသို့ဆိုတပြီးကား” ဟူ၍ သိန်းဃိုကျွန်းသို့ကူးမည် အကြံရှိတော်မူ၏။ စွယ်ကြိုအရပ်သို့ကြွ၍ သီတင်းသုံးတော်မူ၏။ သခင်မြတ် ပံသကူမထေရ်သွားခဲ့လျှင် သရပါတံခါးစောင့် ဘီလူးတစ်ကောင်သည် မင်းကြီး ထွက်တော်မူသောအခါ မလွဲဖယ်၊ တံခါးထက်ဝယ်ကားယားရပ်လျက်နေဘိ၏။ မင်းကြီးလည်း ဟူးရားဖြူတို့ကို မေးတော်မူသော် မထေရ်မြတ်ကို မသင့်သော စကားမိန့်တော်မူသဖြင့် မထေရ်မြတ်ကြွသောကြောင့် ဘီလူးမလွဲဖယ်နေသည်ကို နားတော်လျှောက်၏။ မင်းကြီးလည်း အမတ်တို့ကိုခေါ်၍ အရှင်မြတ်ကို အကြိမ်ကြိမ် ပင့်ရလေ၏။ သခင်မြတ်လည်း လာတော်မမူဘဲ၊ သိန်းဃိုကျွန်းသို့ ကူးတော်မူမည်ဟူ၍ ကြွတော်မူလေသည်။ မင်းကြီးလည်း သခင်မြတ် ကြွတော်မူလေပြီဟူ၍ ကြားသော် အမတ်တုရင်္ဂပစ္စည်းကို ခေါ်တော်မူ၍ သခင်မြတ်ကို ပါအောင်ပင့်ခြေဟု စေတော်မူ၏။ အမတ်တုရဂ်ပစ္စည်းလည်း အကြားအမြင်များတော်မူသောသူဖြစ်၍ ရွှေဖြင့်ပြီးသော ဘုရားဆင်းတုတော်တဆူကို ရွှေလှေဒွါ လောင်းတွင်တင်၍ ဆောင်လေ၏။

သဘောင်္ဆိပ်တွင် သခင်မြတ်ကိုတွေ့သော် ...... “သဗ္ဗညုဘုရားသခင် ဤဆိပ်သို့ရောက်တော်မူသည်၊ သခင်မြတ် လာတော်မူစေသတည်း” ဟု လျှောက်၏။ သခင်မြတ်လည်း ဘုရားဆင်းတုတော် ဖြစ်သဖြင့် ဖူးရန်ကြွရ၏။ လှေပေါ်သို့ရောက်၍ ဘုရားဖူးခိုက် တုရဂ်ပစ္စည်းလှေကို အပြင်းလှော်၍ အညာသို့ဆန်စေ၏။ လှေဆိပ်သို့ရောက်သော် မင်းကြီးလည်း ရေထဲတိုင်ဆင်း၍ အရှင်သူမြတ်ကို ကြိုလေ၏။ အရှင်သူမြတ်ရောက်လေလျှင် ဘီလူးလည်း သရပါတံခါး ထက်မှဆင်း၍ အရှင်သူမြတ်ကိုဦးခိုက်လေ၏။

ဤသမိုင်းကြောင်းကိုကြည့်လျှင် ရဟန်းသံဃာတော်များ ရှေးပဝေသဏီကပင် အုပ်ချုပ်သူဘုရင် မဟုတ်တာ လုပ်ခဲ့လျှင် သပိတ်မှောက်ခဲ့ကြောင်း ပံ့သကူငစွယ်ရှင်မဟာထေရ်က သက်သေပြခဲ့၏။ ထိုပံ့သကူမထေရ်အား နရပတိစည်သူမင်းသည် ဖမ်းဆီးခြင်း သူ့ဆွမ်းကို ဘုန်းမပေးသဖြင့် သင်္ကန်းချွတ်ခြင်း ဖမ်းဆီးထောင်ချခြင်းတို့ကို မပြုခဲ့ချေ။ သက်ဦးဆံပိုင်ဘုရင် ဖြစ်သော်ငြားလည်း စစ်အာဏာရှင်တို့ထက်ပင် ယဉ်ကျေးသိမ်မွေ့သေးကြောင်း တွေ့ရမည် ဖြစ်သည်။

စကြိုသူမြတ်
မြန်မာသက္ကရာဇ် (၇၆၆) တွင် မွန်မင်းရာဇဓိရာဇ်သည် ကတ္တူ၊ လွန်းကျင်၊ ကူရွပ်၊ ထရပ် အစီးသုံးထောင်၊ ဗိုလ်တသိန်းခြောက်သောင်း၊ စစ်သူကြီး အမတ်ဒိန်မဏိရွတ်၊ သမိန်ဗြတ်စ၊ သမိန်အဝနိုင်၊ သမိန်ဇိန်မြဲတို့နှင့် သား၊ သမက်ခြံရံလျက်၊ ကရဝိတ်ရွှေဖောင်စီး၍ ရေကြောင်းဆန်လာ၏။ ထိုအကြောင်းကို ဘုရင်မင်းခေါင် ကြားတော်မူလျှင်၊ အင်းဝမြို့ကို အခိုင်အခန့်ပြု၍နေ၏။ ရာဇဓိရာဇ်လည်း အင်းဝသို့ရောက်လျှင် မထိပါးပဲ စစ်ကိုင်းမြို့ရေဝန်းတွင် တပ်ချ၍ နေ၏။

ဘုရင်မင်းခေါင်သည် ရဟန်းသံဃာတော်တို့မှစ၍ မူးမတ်တို့ကို ခေါ်ယူ၍ တိုင်ပင်တော်မူ၏။ ယခုမွန်မင်းရာဇဓိရာဇ် လာသည်ကို နှုတ်ရေးဖြင့်လည်းကောင်း၊ လက်ရေးဖြင့်လည်းကောင်း သူပြန်လေအောင်ပသို့စီရင်သော် သင့်မည်နည်း ဟူ၍ မိန့်တော်မူ၏။ ဆရာတော်တို့မှစ၍ မူးကြီးမတ်ခိုင် အပေါင်းတို့လည်း မည်သို့မျှမလျှောက်တိတ်တိတ်နေကြကုန်၏။ ထိုအခါ ပိဋ္ဌကတ်ဗေဒင်တတ်တော်မူသော စကြိုသူမြတ်က .... မွန်မင်းရာဇဓိရာဇ်ကိုသာမဆိုနှင့်ဦး၊ ဤဇမ္ဗူဒိပ် မြေပြင်ဝယ်ရှိသော မင်းအပေါင်းတို့ လာရောက်သော်လည်း ပြန်လေအောင် နှုတ်ရေးဖြင့် ငါစွမ်းနိုင်၏ ... ဟု မိန့်တော်မူ၏။ ဘုရင်မင်းခေါင်လည်း အလွန်အားရတော်မူသည် ဖြစ်၍ ငါ့ဆရာ....ရာဇဓိရာဇ်ကို နှုတ်ရေးဖြင့် ပြန်လေ အောင် မိန့်တော်မူပါ....ဟုပင့်၍ တောင်းပန်တော်မူ၏။

စကြိုသူမြတ်လည်း ဤသို့ စာရေးတော်မူ၏။

မင်းမြတ် ငါသည် အသက်သုံးဆယ့်တစ်၊ ပဉ္စင်းဝါတစ်ဆယ့်တစ်ဝါရှိပြီ။ နေ့ညမပြတ်ပရိယတ္တိ၊ ပဋိပတ္တိ ဖြည့်သည်။ ကုသိုလ်အကျိုးခံတော်မူပါ။ သာ့သနာဒကာ မျက်နှာမြင်ချင်၍ ဟံသာဝတီရွှေမြို့တော်တိုင်အောင် စုန်ရောက်ပါမည်။ အကြံရှိသော်လည်း လှေတက်လုပ်ဆောင်သည် မပြီးသေးသောကြောင့် မရောက်ဘဲ ရှိရလေသည်။ မဟာမင်းမြတ်သာ သနာတော်စီးပွားကို ဆောင်ရွက်တော်မူသော မင်းဖြစ်တော်မူသည်။ မျက်နှာတော်မြင်၍ သုစရိုက်၊ ဒုဒရိုက်၊ ကုသိုလ်၊ အကုသိုလ်နှင့်ယှဉ်သောစကားကို မပြောဟောရဘဲ အနိစ္စရောက်လေသော် ဒုဂတိသို့သာ လားရလေသည်။ မျက်နှာတော်မြင်၍ ဒါနကထာ၊ သီလကထာ အစရှိသော စကားတို့ကို ပြောဟောရမှ သေရခြင်းသည်  ကောင်းသောသုဂတိဘဝသို့ ဖြစ်ရာလေသည်ဟူ၍ မေတ္တာစာကမ်းရလေ၏။

မွန်မင်းရာဇဓိရာဇ်လည်း ငါ ဟံသာဝတီ ရွှေမြို့တော်မှ ဆန်ခဲ့သည်မှစ၍ မည်သည့်ပြည်ရွာတွင်မှသော်လည်း ရဟန်းတစ်ယောက်မျှမမြင် ယခု ဤရဟန်းကိုပင့်၍ မဖူးမြင်ချေသည်ရှိသော် ရတနာသုံးပါးတွင် တစ်ပါးကို ငါမျက်နှာလွှဲသည်မည်ချိမ့်မည်ဟူ၍ ကြံပြီးမှ ငါ့ဆရာကို ငါလည်းဖူးမြင်လို၏ဟူ၍ ကွမ်းဖိတ်လှူတော်မူလိုက်၏။ ပင်းယစကြိုသူမြတ်လည်း တရုတ်ပုဆိုး၊ အောင်း၊ တင်ဏယ်၊ ခင်းနှီး၊ ကတိုး၊ လက်ဖက်ချောင်း၊ သစ်သီးဝလံ၊ ထန်းလျက်၊ သကာစသည်များကို လူသုံးရာကိုင်ခန့်လိုသည်ဟူ၍ မိန့်တော်မူ၏။ ဘုရင်မင်းခေါင်လည်း စကြိုသူမြတ်အလိုရှိတိုင်း စီရင်တော်မူ၍ ဆင်ဟိုင်းငါးတောင်ပြည့်ကို ရွှေကတင်စေပြီးသော် စကြိုသူမြတ်စီး၍ ထွက်ရ၏။ ဆင်ရှေ့တွင် အဝတ်ဖြူနှင့် သီတင်းသုံးရာလိုက်ရ၏။ ဆင်နောက်ကလည်း သူအိုသုံးရာ လက်ဆောင်ကိုင်၍ လိုက်ရ၏။ အဝမြစ်ငယ်ကိုကူး၍ ရွှေကြက်ယက်မြောက်အိုးထိန်းမော်သို့ရောက်လျှင် ရာဇဓိရာဇ်က ရွှေလောင်းနှင့် ကူး၍ခံလာ၏။ စကြိုသူမြတ်လည်း ရာဇဓိရာဇ်စီးသော ရွှေဖောင်သို့ ရောက်လေသော် ပါသည့်ပဏာကာရကို ဆက်သလေ၏။ ရာဇဓိရာဇ်လည်း ငါ့ဆရာလက်ဆောင်ပဏာရများလှသည်ဟူ၍ ပြည်သွယ်တော်မူပြီးမှ လက်ဆောင်ကို သိမ်းလေသည်။ စကြိုသူမြတ်လည်း မွန်မင်းရာဇဓိရာဇစ်အား ကုသိုလ်၊ အကုသိုလ်တို့အကျိုးကိုယှဉ်၍ တရားဟောပြီး ပြည်သူပြည်သားအားလုံး၏ မျိုးရေရိက္ခာဖြစ်သောစပါးစိုက်ပျိုးရန် အချိန်ဖြစ်သည့်အတွက် စစ်မက်မပြုဘဲ ကုသိုလ်အကျိုးကိုမျှော်၍ ပြန်ရန်ဆုံးမတော်မူ၏။ မွန်မင်းရာဇဓိရာဇစ်လည်း အလွန်ကြည်ညိုသည်ဖြစ်၍ အထူးထူးသော လှူဘွယ်တို့ဖြင့် ပူဇော်ပြီး အောက်ပြည်သို့ စုံလေ၏။

ဤသမိုင်းတွင် မွန်မြန်မာစစ်မက်ဖြစ်မည့်အရေးကို ပင်းယစကြိုသူမြတ်သည် ငါရဟန်းတို့နှင့်မဆိုင်ဟု နေတော်မမူဘဲ ဝင်ရောက်ဖြေရှင်းခဲ့သဖြင့် ပြည်သူများသက်သာရာရခဲ့လေသည်။

ဆရာတော်ဦးဥတ္တမ
ဆရာတော်အား ရခိုင်ပြည်၊ စစ်တွေမြို့တွင် ဖွားမြင်သည်။ အသက် ၁၃ နှစ်အရွယ်တွင် ကလကတ္တားမြို့သို့ သွားရောက်ကာ အင်္ဂလိပ်စာကို ကိုးတန်းအောင်မြင်သည်အထိ သင်ကြားခဲ့သည်။ ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာခုနှစ်ကျမ်းကို အာဂုံဆောင်နိုင်သည်အထိ သင်ကြားခဲ့သည်။ သက်တော် ၁၉ နှစ်တွင် ရဟန်းဘောင်သို့တက်ပြီး အိန္ဒိယသို့ကြွရောက်ကာ ဘင်္ဂလီ၊ နဂရီ၊ သက္ကဋ၊ သင်္သကရိုက်နှင့် အင်္ဂလိပ်ဘာသာတို့ကို တိုးတက်သင်ကြားခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် အင်္ဂလန်သို့လည်းကောင်း၊ ၁၉၀၅ ခုနှစ်တွင် အိန္ဒိယသို့လည်းကောင်း၊ ၁၉၀၇ ခုနှစ်တွင် ဂျပန်ပြည်သို့လည်းကောင်း ကြွရောက်ခဲ့သည်။ ဂျပန်ပြည်၊ တိုကျိုမြို့သိပ္ပံကျောင်းကြီးတွင် ပါမောက္ခအဖြစ် လေးနှစ်တိုင်တိုင် ဆောင်ရွက်ခဲ့သည်။

ဆရာတော်သည် ဥရောပနိုင်ငံများ၊ အမေရိကနိုင်ငံ၊ သြစတေးလျနိုင်ငံတို့သို့လည်း လေ့လာရေးခရီး လှည့်လည်ခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် တရုတ်အမျိုးသား ခေါင်းဆောင်ကြီး ဆွန်ယက်ဆင်၏ ဈာပန အခန်းအနားသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ဆရာတော်သည် လူကြီးနိုင်ငံရေးသမားများကိုသာမက တို့ဗမာသခင်လူငယ်များကိုလည်း နိုင်ငံရေးအသိ ပိုမိုကြွယ်ဝအောင် ဟောပြောအားပေးခဲ့သည်။ ထိုလူငယ်များကို အိန္ဒိယပြည်သို့ ခေါ်ဆောင်ကာ အိန္ဒိယနိုင်ငံရေး ခေါင်းဆောင်များနှင့်မိတ်ဆက်ပေးခြင်း၊ ဂျပန်အမျိုးသားများနှင့် ဆက်သွယ်ပေးခြင်း စသည်တို့ကို ပြုလုပ်ခဲ့ပေသည်။

ဆရာတော်သည် နိုင်ငံရပ်ခြားတွင် လှည့်လည်နေထိုင်လေ့လာခဲ့သဖြင့် ဗမာပြည်သူတို့ အောက်တန်း နောက်တန်း ကျနေသည့်အဖြစ်ကို သိမြင်ခဲ့သည်။ နိုင်ငံရေးဗဟုသုတ ကြွယ်ဝသည့်အလျှောက် ဗမာပြည်သူတို့အပေါ် တိုင်းတပါးသားတို့ စိုးမိုးချယ်လှယ်ခြင်းမရှိသည့် ဟုမ္မရူး (Home Rule) ခေါ် ကိုယ့်တို်င်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ်ပိုင်အုပ်ချုပ်စီမံရသည့် အနေအထားသို့ ရောက်ရှိစေလိုသည့် ဆန္ဒပြင်းပြစွာ ရှိခဲ့သည်။ မြန်မာပြည်သို့ ပြန်ခဲ့ပြီးနောက် ရဟန်းရှင်လူပြည်သူတို့အား နိုင်ငံရေး၊ လူမှုရေး၊ အသိပညာများကို ပထမဆုံးသွတ်သွင်း နှိုးဆွပေးခဲ့သည်။ ထိုစဉ်က သူရိယသတင်းစာတိုက်မှာ ဆရာတော်၏နိုင်ငံရေး ရိပ်မြုံဖြစ်ခဲ့သည်။ ဆရာတော်၏ တရားဟောပြောပွဲများ အကြောင်းကို သူရိယသတင်းစာမှ အမြဲမပြတ်ထောက်ခံ ရေးသားဖေါ်ပြခဲ့သဖြင့် ပြည်သူလူထုမှာ နိုင်ငံရေးဗဟုသုတ ကြွယ်ဝလာပြီး တက်ကြွလာခဲ့ကြသည်။

အင်္ဂလိပ်အစိုးရ၏ကိုယ်စားလှယ်ဘုရင်ခံဆာရယ်ဂျီနယ်ကရက်ဒေါက်ကို “ကရက်ဒေါက် မြန်မာပြည်က ထွက်သွား” ဟု ရဲဝင့်စွာ ကမ္ဘာသိအောင် ပြောင်ပြောင်တင်းတင်းနှင့် ထုတ်ခဲ့သော ဆရာတော်ဖြစ်သည်။ ဆရာတော်သည် မိမိကိုယ်ကျိုးမငဲ့ဘဲ ပြည်သူတို့၏လွတ်လပ်ရေးအတွက် တိုက်တွန်းနှိုးဆော်ခဲ့သဖြင့် ပုလိပ်စုံထောက်များ ဆရာတော်၏ နောက်တကောက်ကောက် လိုက်နေရသည့်အထိဖြစ်သည်။ ထို့ကြောင့် အခြားသံဃာတော်များက ဆရာတော်နှင့် အပေါင်းအသင်းမလုပ်ရဲချေ။ ထိုစဉ်က ဘကြီးဘဘေမှာ သူရိယသတင်းစာတိုက်ကို ဦးစီးနေသည်ဖြစ်ရာဆရာတော် တည်းခိုစရာမရှိသည့်အဖြစ်ကို သိရှိပြီး သူရိယသတင်းစာတိုက်တွင် ပင့်၍သီတင်းသုံးစေသည်။

No comments:

Post a Comment