Saturday 1 June 2013

၇၀၁ စစ်ဒေသမှူး ၏ ရင်ဖွင့်စကား

ကျေးလက်တိုင်းရင်းသားတွေကို မြန်မာစစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်နေမှုရပ်တန်းကရပ်

  သျှမ်းသံတော်ဆင့်/ အမြင်သဘောထား
မေလ ၃၁ ရက် ၂၀၁၃
... Photo: ၇၀၁ စစ်ဒေသမှူး ၏ ရင်ဖွင့်စကား 
ကျေးလက်တိုင်းရင်းသားတွေကို မြန်မာစစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်နေမှုရပ်တန်းကရပ်

သျှမ်းသံတော်ဆင့်/ အမြင်သဘောထား
မေလ ၃၁ ရက် ၂၀၁၃

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်ကြားဆက်ဆံရေး၊ လက်ရှိနိုင်ငံရေးအခြေအနေနှင့် မြန်မာအစိုးရ ပြန်ကြားရေးဌာနမှ ထုတ်ပြန်သည့်သတင်းများအပေါ် အမှတ် ၇၀၁ စစ်ဒေသမှ စစ်ဒေသမှူး ဒု ဗိုလ်မှူးကြီး စွမ်မိဏ်းက သျှမ်းသံတော်ဆင့်မှတဆင့် ဤကဲ့သို့ တုန့်ပြန်ပြောဆိုလိုက်ပါသည်။

(ဤပြောကြားချက်သည် သျှမ်းသံတော်ဆင့်၏ အာဘော်မဟုတ်။ သက်ဆိုင်ရာပုဂ္ဂိုလ်၏ သဘောထားသာဖြစ်ပါ သည်။ (အယ်ဒီတာ))

သျှမ်းပြည်တွင်းနေ မိဘပြည်သူများအားလုံး မိုင်ဆုံခ လို့နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ကျနော်တို့တပ်ဖွဲ့ကို မြန်မာအစိုးရတပ်မတော်က မေလ အစောပိုင်းမှာ တိုက်ခိုက်လို့ ကျနော်တို့ စခန်းစွန့်လိုက်ရပါတယ်။ အခုလို တရားမျှတမှုမရှိတဲ့အပေါ် သျှမ်းသံတော်ဆင့်ကနေတဆင့် ကျနော် ရင်ဖွင့်ပြီး တုန့်ပြန်ပါရစေ။

မြန်မာဘက်က ကျနော်တို့ သျှမ်းပြည်တပ်မတော်ကို စွပ်စွဲပြောဆိုတဲ့ သတင်းထွက်နေတဲ့အတိုင်း မူးယစ်ဆေးဝါး လုံးဝ ကူးသန်းရောင်းဝယ်နေတယ်ဆိုတာ လုံးဝ မဟုတ်ရပါဘူး။ ကျနော်တို့ တပ်တိုး ချဲ့တယ်ဆိုတာ လဲမဟုတ် ပါဘူး။

သျှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါး ပေါများနေပါတယ်။ မူးယစ်ဆေးဝါးကိုလည်း လွတ်လွပ်လပ်လပ် ကူး သန်း ရောင်းဝယ်နေ ပါတယ်။ အဲဒါကို မြန်မာအာဏာပိုင်တွေက သိရက်နဲ့ မဖမ်းဘဲလွှတ်ထားမှုကြောင့် ထုန့်မောဝ် (ရွှေလီ) မှာ အကျင့်စာရိတ္တပျက်ပြားနေတဲ့ လူငယ်တွေ များပြားလှပါ တယ်။ ဒါကြောင့် လူငယ် တွေကို ပြန်လည်ပြုစုပျိုးထောင်ပေးဖို့ရည်ရွယ်ပြီး အကျင့် စာရိတ္တပြုပြင်ရေး ကျောင်း ဖွင့်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ လူငယ်များ အကျင့်စာရိတ္တပြုပြင်ရေးစခန်း လို့တောင် နမ့်ခမ်းမြို့က သက်ကြီးမိဘတွေက နာမည် ပေးခဲ့ပါတယ်။ ဆိုင်းဘုတ်တောင် ရေးပြီးပါပြီ။

နောက်တခု မူစယ်- နမ့်ခမ်းဆေးရုံမှာ ဆေးဝါး လုံလောက်မှုမရှိဒါရယ် ဆရာဝန်မလုံလောက်တာ ရယ် ကြောင့် လူထု အခက်အခဲဖြစ်ရတယ်။ ရောဂါဖြစ်လာရင် တရုတ်ပြည်ဘက်ကို ဆေးသွားကုမယ်ဆိုရင်လဲ ရွှေလီ ဒေသခံ လူထုတွေမှာ ပိုက်ဆံမရှိရင် ဆေးကုမပေးဘူး။ ဆိုတော့ ဒေသခံတွေအတွက် ရည်ရွယ်ပြီးတော့ တဖက် တလမ်း က အထောက်အကူပြုနိုင်အောင် ရွှေလီမှာ ကိုယ့်အားကိုယ်ကိုး ဆေးရုံ ဆေးခန်းဖွင့်မယ်လို့ ကျနော် စီစဉ်ခဲ့ ပါတယ်။ နောက်တခု လူငယ်လေးတွေ ပညာရေးမှာ နောက်ကျကျန်ခဲ့မှာစိုးလို့ဆိုပြီး စာသင်ကျောင်းလဲ ထောင် ပေးမယ်လို့ စီစဉ်ခဲ့ပါတယ်။ ဒီဟာတွေအားလုံးကလဲ ကျနော်တို့ ဥက္ကဌကြီးရဲ့ခွင့်ပြုချက်နဲ့လုပ်တာပါ။ ကျနော်တို့ ဒီသင်တန်းကျောင်းတွေ ဆေးခန်းတွေ စာသင်ကျောင်းတွေကို မေလ ၁၂ ရက်မှာဖွင့်လှစ် ဖို့စီစဉ် ထားပြီးပြီ။ ဒါပေမယ့် ဒီကျောင်းတွေ မဖွင့်ရသေးခင် ဗမာစစ်တပ်က မေလ ၉ ရက်နေ့မှာ ကျနော်တို့ကိုလာ တိုက်ခိုက် လို့အစီအစဉ်ပျက်သွားခဲ့ရတာဖြစ်ပါတယ်။

ကျနော်တို့ ဒီအစီအစဉ်တွေကို နမ့်ခမ်းမြို့ခံတွေက အားပေးခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ဆေးစွဲတဲ့လူငယ် တွေကို မြန်မာဘက်က ဖမ်းရင် ထောင်ဘဲချတယ်။ ဘာမှ မပြုပြင်ပေးဘူး။ တရုတ်ဘက်ကဖမ်းမိရင်လဲ နှိပ်စက် ရိုက်နှက်တယ်။ စာရိတ္တပြုပြင်ပေးဖို့ ထောင်နှစ်နှစ်ချလိုက်သေးတယ်။ ဆိုတော့ ကျနော်က တတ်နိုင်သလောက် ဒီစီမံကိန်းလုပ်ပေးတယ်။ သျှမ်းလူငယ်နဲ့ သျှမ်းလူထုကိုစာနာလို့ပါ။

ဒီစီမံကိန်းကြီး မဖြစ်အောင် ဗမာစစ်တပ်က တမင်သက်သက်ဖျက်လိုက်တာလို့မြင်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဗမာစစ်တပ်ဟာ မူးယစ်ဆေးဝါး ပပျောက်ရေးကို မလုပ်ချင်တဲ့အပြင် သျှမ်းပြည်လူငယ် တိုင်းရင်းသားတွေရဲ့ အကျင့်စာရိတ္တပျက်စီးမှုဖြစ်စေချင်တာလို့တွေ့ရတယ်။ ဒါကြောင့် သူတို့ပြောပြောနေတဲ့ ပြည်သူလူထု တိုးတက်ကောင်းမွန်စေလိုတဲ့ ဆန္ဒရှိပါတယ်ဆိုတဲ့စကားနဲ့ သူတို့လုပ်နေတဲ့ လုပ်ရပ်တွေက တခြားစီဖြစ်နေ တယ်လို့မြင်ပါတယ်။

နောက်တခု- မြန်မာနိုင်ငံအစိုးရဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ အပစ်ရပ်တယ်ပြောတယ်။ မြန်မာတပ် မတော်ဟာ ကချင်ပြည် သျှမ်းပြည် ကရင်ပြည် တိုင်းရင်းသားနယ်မြေထဲကို စစ်အင်အားပို့ နေရာယူပြီး အိမ်ရှင် တိုင်းရင်းသားတွေ ကိုတိုက်ခိုက်နေတယ်။ သူတို့က တကယ့်စေတနာနဲ့လုပ်ရင်မယ်ဆိုရင်တော့ စစ်တပ်က တပ်ဆုတ်ပြီး စစ်တန်းလျားပြန်ရမယ်လေ။

ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဗမာစစ်တပ်က လာပြီးဆွေးနွေးတာ ၈ ကြိမ်ထက်မနည်း ရှိနေပါပြီ။ တကယ်အပစ်ရပ်ချင်ရင်တော့ ၃ ကြိမ်လောက်ဆွေးနွေးပြီးရင် ရပ်နိုင်ပြီလေ။ ခရီးထွက်တဲ့လူဆိုရင် ဒီအချိန် ကာလလောက်ဆို လမ်းတဝက်တောင်ကျိုးနေပြီပေါ့။ အခုဆို အပစ်ရပ်တာတောင် သဘောတူညီမှုမရနိုင် သေး ဘူးလေ။ ဒါဟာ အစိုးရစစ်တပ်ဘက်က အမှားဖြစ်တယ်လို့ သုံးသပ် တယ်။ ကေအိုင်အိုဌာနချုပ်နားမှာ လာစွဲ ထားတဲ့ သူတို့တပ် မဆုတ်ပေးရင် အခု သူတို့ပြောနေတဲ့ စကားတွေဟာ ယုံသင့်ပါသလား စဉ်းစားကြည့် ပါ။ ဒါဟာ ပျားရည်လူးထားတဲ့ဖက် ဘဲလို့မြင်တယ်။ ပြည်ပ အနောက်နိုင်ငံ ကို ပြနိုင်အောင် ဘဲလုပ်တာပါ။ တိုင်း ရင်းသားနဲ့အပစ်ရပ်တယ်လို့လုပ်ပြတော့ ဗမာအစိုးရက အကျိုးအမြတ်အများကြီး ရတာပေါ့။ အပစ်ရပ်ပြီဆိုပြီး မျောက်ပြ ဆန်တောင်း၊ အောက်မှာက စစ်တပ်ကို လွှတ်ထားပြီး တိုင်းရင်းသားတွေကို ကြိုက်သလို တိုက်ခိုက် နေတယ်။

ကချင်လူထုတွေကပြောတယ်။ ကချင်တပ်မတော်နဲ့ ဗမာတပ်မတော် တိုက်နေတာ ၂ လတောင်ရှိနေပြီ။ ဒီအကြောင်း သမ္မတက မသိသေးဘူးဆိုတော့ - ဘာသမ္မတလဲ ဘယ်လိုသမ္မတမျိုးလဲ ဆိုပြီး သရော်ပြီး ရယ်နေကြတယ်။

အစိုးရကိုတိုက်တွန်းချင်တယ်။ တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့သူတွေ လူထုအပေါ်စေတနာထားပါ။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံဖြစ်တဲ့အလျောက် ပြည်သူလူထုကို မေတ္တာထားပါ။ ဒီအချိန် ဟာဆိုရင် တိုင်းရင်းသားတွေအားလုံး စဉ်းစားဆင်ခြင်နိုင်ခဲ့ပါပြီ။ မိမိမှာတာဝန်ရှိတယ်။ ပြည်ထောင်စု အတွင်း မှာနေထိုင်တဲ့သူတိုင်း တာဝန်ရှိတယ် ဆိုတာလဲ နားလည်လာကြပါပြီ။ အစိုးရ ကနေ တိုင်းရင်းသားတွေကို ဆက်လက်လိမ်လည်ဖို့ မကြိုးစားပါနဲ့တော့။ တိုင်းရင်းသားတွေ မအ တော့ဘူး။ ခင်ဗျားတို့ ကလိမ် ကကျစ်ကျ မှုကို တိုင်းရင်းသားတွေမယုံတော့ဘူး။

ခင်ဗျားတို့ ဆက်လိမ်နေမယ် ဆက်လက်ယုတ်မာနေမယ်ဆိုရင်တော့ ခင်ဗျားတို့ စစ်တပ် တာဝန်ထမ်းဆောင် ပြီးစီးလို့ ပင်စင်ယူသွားချိန်မှာနောင်တရလိမ့်မယ်။ ခင်ဗျားတို့သေတဲ့အထိ ဒီအရိပ်ဆိုး နာမည်ဆိုးတွေက ကပ်ပါသွားမှာ။ သားသမီးမြေးမြစ်တွေ လက်ထက်အထိ နာမည်ပျက်နေမှာ။

ကျနော်ဟာ သျှမ်းလူမျိုးတယောက်ဖြစ်တယ်။ ကျနော်ငယ်ငယ်တုန်းက ဘုန်းကြီးဝတ်တယ်။ ကျနော့်ရဲ့ ဒကာကြီးဟာ မန္တလေးမှာနေထိုင်တဲ့ဗမာအမျိုးသမီးဖြစ်တယ်။

ဗမာစစ်တပ်က ကျနော့်ကိုစွပ်စွဲသလို ဗမာ ၄ ယောက်ကို ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတာ မဟုတ်ရပါဘူးလို့ ကျနော် ချေပပြောဆိုချင်တယ်။ ကျနော် ဗမာလူမျိုးကို တကယ်သတ်ချင်တဲ့စိတ်ရင် ခင်ဗျားတို့ပြောသလို ၄ ယောက်တည်းဘဲ မသတ်ဘူးဗျ။ တနိုင်ငံလုံးမှ လူ ၄ ယောက်ထဲသတ်တာ ဘာမှထူးခြားလာမှာမဟုတ်ဘူး။ ခင်ဗျားတို့စွပ်စွဲတာ အဓိပ္ပါယ်မဲ့နေတယ်ဗျ။ ကျနော်သာ ဗမာလူမျိုးကိုတကယ်သတ်ချင်တဲ့စိတ်ရှိရင် တရက်ကို ၏အယောက် ၁၀၀ မက ကျနော် သတ်ပစ် လိုက်မှာပေါ့။ ကျနော် မလုပ်ဘူး။ အဓိပ္ပါယ်မရှိတာ ကျနော်မလုပ်ဘူး။

နောက်ပြီးတော့ အဲဒီ ဗမာ ၄ ယောက်ပျောက်တာကြောင့် တင်းခါးတပ်စခန်းမှာရှာဖွေချင်တယ်ဆိုလို့ ကျနော် တောင် ရှာခွင့်ပေးပြီးပြီဘဲ။ ရှာလို့မက လို့ ကျနော်တို့ စခန်းကိုပါ ဝင်သိမ်းလိုက်တယ်။ ဖျက်ဆီးလိုက်သေး တယ်။ ဗမာ ၄ ယောက်ပျောက်တာနဲ့ ကျနော်တို့ ရဲ့ နောင်မ စခန်းကိုအင်အားနဲ့ တက်တိုက်တယ်။ ဆေးရုံနဲ့ လူငယ် ပြုပြင် ရေးစခန်းကို သိမ်းတယ် ။ ဒါ လူထုရဲ့ကောင်းရာကောင်းကျိုးကို ဗမာစစ်တပ်က ဖျက်ဆီးတာဘဲ။ ဒီကိစ္စ လုံးဝမလုပ်သင့် မဖြစ်သင့်တဲ့ကိစ္စ။

အခုလဲ ကျနော်တို့ သျှမ်းပြည်တပ်မတော်ကို နာမည်ဖျက်ချင်လို့ ဗမာစစ်တပ်တွေ သျှမ်းပြည်တပ်မတော်ဝတ်စုံ အပြည့်ဝတ်ဆင်ပြီး သျှမ်းပြည်မြောက်ပိုင်းမှာ လူထုကိုသွားပြီးနှိပ်စက်နေတာတွေ စစ်ဆေးမေးမြန်းနေ တာတွေ လုပ်နေတယ်လို့ လူထုက ပြောလာတယ်။ တချို့က ရှမ်းစကား မပီ့တပီ ပြောတယ်။ တချို့ဆိုရင် သျှမ်းစကား လုံးဝ မပြောတတ်ဘူး။ ဒီကိစ္စရပ်တန်းက ရပ်လိုက်ပါ။ မရပ်ဘဲဆက်လုပ်နေမယ်ဆိုရင်တော့ ကျနော် ထိထိ ရောက်ရောက်တုန့်ပြန်ရပါလိမ့်မယ်။ ကျနော်တို့ နောင်မကိုခွါပေးပြီးနောက်ပိုင်း ကျနော့်တပ်ကိုကျနော် အမိန့် ပေးထားတယ်။ ကျနော်တို့ တပ်မတော်ဝတ်စုံကိုလုံးဝ မဝတ်နဲ့ ။ ဝတ်တာတွေ့ရင် ပစ်သတ်မယ် လို့။ ပြဿနာမဖြစ်အောင် ကြိုတင်တားလိုက်တဲ့သဘောပါ။

အရေးကြီးဆုံးတခု အခု ဒီနေရာကနေ သျှမ်းပြည်သူလူထုကို ကျနော် သတိပေးလိုက်ပါရစေ။ ဗမာစစ်တပ်ကို လုံးဝ လုံးဝ မယုံကြည်ပါနဲ့။ သျှမ်းဝတ်စုံဝတ်ပြီး ပိုက်ဆံလာတောင်းတယ်။ လာမေးတယ် ဆိုရင်လဲ အဲဒီလူတွေကို မပေးနဲ့ မယုံနဲ့။ ကျနော်တို့ က လူထုရဲ့တပ်မတော်ပါ။ လူထုက ကြည့်ရုံနဲ့ ကျနော်တို့ဟုတ်မဟုတ် သိနိုင်ပါတယ်။ သျှမ်းလား ဗမာလား ကြည့်ရုံနဲ့ ခွဲခြားသိရှိနိုင်ပါတယ်။

နောက်တခု- တပ်မတော်ဟာ အစိုးရအောက်မှာနေနေတယ်မှန်ရင် သမ္မတကြီး သိန်းစိန် အစိုးရကို အသိပေးချင် တယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်မှာပါတဲ့အတိုင်း မြန်မာ့တပ်မတော်ဟာ မြို့ထဲမှာဘဲ လှုပ်ရှားမယ် ကားလမ်းမ ပေါ်ကနေ မဆင်းရဘူး။ ကျေးလက်ဒေသတွေ တောတောင်တွေထဲ မဝင်ရဘူး။ ဝင်မယ်ဆိုရင် လက်နက်မပါရဘူး။ ကြိုတင်သတိပေးရမယ် စတဲ့အချက်တွေကို လိုက်နာအောင် တပ်မတော်ကို သတိပေးလိုက်ပါ။ သတိမပေးရဲဘူး သို့မဟုတ် သတိပေးပေမယ့်လဲ တပ်မတော်က လိုက်နာမှုမရှိဘူးဆိုရင်တော့ ကျနော်တခွန်းလောက်မေးပါရစေ။ တပ်မတော်က အစိုးရအထက်မှာလား။ အစိုးရက တပ်မတော်ရဲ့အထက်မှာ ရှိတာလား ဆိုတာပါ။

ကျေးလက်လူထုကို မြန်မာစစ်တပ်က ဆက်လက်အနိုင်ကျင့် လူ့အခွင့်အရေးဆက်လက်ချိုးဖောက်နေမယ်ဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာ ပေါ်မှာ ရုပ်အဆိုးဆုံး နိုင်ငံတနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ ကျနော်သတိပေးလိုက်ပါရစေ။

တိုင်းရင်းသားတွေဟာ အေးအေးချမ်းချမ်း နေထိုင်ရတာကို နှစ်သက်ပါတယ်။ ပူလောင်မှုဖြစ်လာအောင် မြန်မာစစ်တပ်က ဝင်လာပြီး မီးမွှေးတယ်။ ပြဿနာပင်ကိုပျိုးတယ်။ တိုင်းရင်းသားတွေ အေးအေးချမ်းချမ်း မနေနိုင်အောင် ဗမာတပ်မတော် လုပ်နေတာပါ။

ကချင်နဲ့ အစိုးရ ရွှေလီမှာ ပထမ အကြိမ်တွေ့ဆုံချိန်မှာ ကျနော်တို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် ရဲ့ ဥက္ကဌကြီး စဝ်ယွက်စစ်ရဲ့ညွှန်ကြားချက်နဲ့ ကျနော်နဲ့ စဝ်စိုင်းထူး ဆွေးနွေးပွဲမှာ ပါဝင်နားထောင်ခွင့်ရခဲ့တယ်။ ရွှေလီမြို့ ကျင်းချိန့်ဟိုတယ်မှာပါ။ အဲဒီမှာ အစိုးရဘက်က ဦးအောင်မင်း တို့အဖွဲ့နဲ့ ကေအိုင်အို ဆွေးနွေးခွင့်ရဖို့ တရုတ်အစိုးရကနေ ကြားဝင်ဆောင်ရွက်ပေးခဲ့တယ်။ တရုတ်အစိုးရကို ရှက်လဲ ရှက်တယ်၊ တရုတ်အစိုးရရဲ့စေတနာထားရှိမှုကိုလည်း လေးစားအားနာမိတယ်။ ကျနော်တို့ အစိုးရ ကိုယ့်နိုင်ငံ သားနဲ့ စကားပြောဖို့ ပြည်ပနိုင်ငံကို အားကိုးရတယ်လို့ ။

အဲဒီဆွေးနွေးပွဲမတက်ခင် ကျနော် သမ္မတကြီး ဦးသိန်းစိန်နဲ့တွေ့ခွင့်ရခဲ့ပါတယ်။ ဆွေးနွေးစကားပြောခွင့်ရခဲ့ပြီး သမ္မတကြီးက စာတစောင်ရေးသားပြီးကျနော့်ကိုပေးလိုက်ပါတယ်။ ကချင်တပ်ဖွဲ့ကို ပေးပို့ဖို့။ အပစ်ရပ်နိုင် အောင် ဆွေးနွေးပေးဖို့ပါ။ ဒါပေမယ့် အဲဒီစာ မှာ အစိုးရရဲ့တံဆိပ်မပါဘူး။ နောက်ပြီး ဦးအောင်မင်းက ကချင်နဲ့ လာပြီးဆွေးနွေးတုန်းက ကြည့်ရင် သူ့ရဲ့ စကားလုံးတွေ ဟန်ပန်အမူအယာ တွေဟာ အတုတွေချည်းဘဲ။ ဆိုတော့ အစိုးရက ငြိမ်းချမ်းရေးတည်ဆောက် နေတယ်ဆိုတာ နိုင်ငံတကာကိုပြဖို့ ငြိမ်းချမ်းရေးအတုကြီးဖြစ်နေ တယ်လို့ ကွက်ကွက်ကွင်းကွင်းကိုမြင်ရပါတယ်။ ကျနော် အဲတာတွေ မြင်လဲမမြင်ချင် နားလည်း မထောင်ချင် တော့ဘဲ အဲဒီနေ့ ညနေပိုင်းဆွေးနွေးပွဲကိုတောင် ကျနော်မတက်လိုက်ဘူး။

တကယ်တော့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံထက်စောပြီး လွတ်လပ်ရေးရတာပါ။ ဒါပေမယ့် အခုချိန်ဆိုရင် မြန်မာနိုင်ငံဟာ အဆင်းရဲနွမ်းပါးဆုံးနဲ့ နိုင်ငံသားတွေဟာ ပြည်ပနိုင်ငံကိုထွက်ပြေးခိုလှုံမှု အများဆုံးနိုင်ငံဖြစ် နေတာတွေ့ရပါတယ်။ အင်မတန်မှ ရှက်စရာကောင်းပါတယ်။

မြန်မာအစိုးရကသာ တကယ်စေတနာရှိရင် တိုင်းရင်းသားနယ်မြေကနေ မြန်မာ့တပ်မတော်အားလုံး တပ်ဆုတ် ရုပ်သိမ်းလိုက်လေ။ အဲလိုဆိုရင် တိုင်းရင်းသားတွေနဲ့ တိုက်ပွဲ ဖြစ်စရာအကြောင်းလဲမရှိတော့ဘူး။ တခါတည်း ပွဲပြတ်ပြီပေါ့။ ငြိမ်းချမ်းရေးဆိုတာ လိုက်ရှာမနေနဲ့ သူ့ဟာသူအလိုလိုပေါ်လာလိမ့်မယ်။

ဗမာစစ်တပ်ကြောင့် သျှမ်းပြည်လူထု ရင်ဆိုင်နေရတဲ့အခက်အခဲ၊ ပြဿနာအ၀၀ကို ကူညီဖြေရှင်းဖို့ ကျနော် ကမ္ဘာကသိအောင် ပြောပြပေးပါမယ် လို့ ကတိပေးလိုက်ပါတယ်။

ပြည်သူလူထုကိုချစ်ခင်လေးစားစွာဖြင့်
အမှတ် ၇၀၁ စစ်ဒေသမှူး
ဒု-ဗိုလ်မှူးကြီး စွမ်မိဏ်း
၂၉ မေလ ၂၀၁၃
ည ၉ နာရီ ခွဲ

No comments:

Post a Comment