Saturday 1 June 2013

လားရှိုးမြို့ ပုံမှန်အခြေအနေသို့ ပြန်ဖြစ်၊ အခြားပြည်နယ်နှင့် တိုင်းဒေသများတွင် လုံခြုံရေးအင်အား တိုးမြှင့်ထား


မေ ၃၁ ရက် နံနက်ပိုင်းက လားရှိုးမြို့ ကုန်စိမ်းဈေးတန်းတွင် ပုံမှန်အတိုင်း ရောင်းဝယ်နေကြသည့်မြင်ကွင်း

ရှမ်းပြည်နယ် လားရှိုးပဋိပက္ခဖြစ်စဉ်ကို မေ ၂၉ ရက် ည ၈ နာရီမှစတင်၍ ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက မေ ၃၁ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၌ ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရန်နှင့် ကူးစက်မှု မရှိစေရန် လုံခြုံရေးစီမံချက် ချမှတ်ကာ လုံခြုံရေးအင်အား တိုးမြှင့်ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ရင်းစု ကွပ်ကဲရေးမှူး ရဲမှူးကြီးထွန်းနိုင်က '' မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို နမူနာယူပြီးတော့ မန္တလေးတိုင်း ဒေသကြီးတစ်ခုလုံးမှာ ထပ်မံမဖြစ်ပွားအောင် လုံခြုံရေးကို တိုးမြှင့်ပြီးတော့ ဆောင်ရွက်နေတယ်။ ရဲတပ်ရင်းတွေအနေနဲ့ ပဋိပက္ခဖြစ်စဉ်တွေ ဖြစ်ပွားလာရင် အကြမ်းဖက်တဲ့လူတွေကို အမြန်ဆုံး ဖမ်းဆီးဖို့နဲ့ အမြန်ဆုံးပြေလည်ဖို့ လုံခြုံရေးအင်အားကို အသစ်စုဖွဲ့ထားတယ်။ ဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူစည်ကားတဲ့ နေရာတွေမှာ မော်တော်ယာဉ်တွေနဲ့ လှည့်လည်ပြီး ဆောင်ရွက်နေပါတယ်။ ဒေသခံတွေကို အဓိကပြောချင်တာက ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို ချင့်ချိန်စဉ်းစားပြီးတော့ ယုံသင့်တယ်'' ဟု မေ ၃၁ ရက် ညနေပိုင်းက ဆိုသည်။

ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့ နှစ်ဖက်လူမျိုးစုအဖွဲ့တွေ ညှိနှိုင်းပြီးတော့ ပြဿနာတွေ မဖြစ်ပွားအောင် ဆောင်ရွက်နေတယ်။ အခုနိုင်ငံအတွင်းမှာ ပဋိပက္ခဖြစ်စဉ်တွေ အကုန်လုံးနီးပါးက သာမန်ဖြစ်စဉ်တွေကနေ အစပြုပြီးတော့ မြို့တစ်ခုလုံး၊ ပြည်နယ်တစ်ခုလုံး၊ တိုင်းတစ်ခုလုံးအထိ သက်ရောက်တဲ့ ပြဿနာကြီးအထိ ဖြစ်ပွားနေကြတာ တွေ့ရတယ်...



ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရန်အတွက် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးကွပ်ကဲရေး ဌာနချုပ်မှ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးက ''ဒီမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဖို့ နှစ်ဖက်လူမျိုးစုအဖွဲ့တွေ ညှိနှိုင်းပြီးတော့ ပြဿနာတွေ မဖြစ်ပွားအောင် ဆောင်ရွက်နေတယ်။ အခုနိုင်ငံအတွင်းမှာ ပဋိပက္ခဖြစ်စဉ်တွေ အကုန်လုံးနီးပါးက သာမန်ဖြစ်စဉ်တွေကနေ အစပြုပြီးတော့ မြို့တစ်ခုလုံး၊ ပြည်နယ်တစ်ခုလုံး၊ တိုင်းတစ်ခုလုံးအထိ သက်ရောက်တဲ့ ပြဿနာကြီးအထိ ဖြစ်ပွားနေကြတာ တွေ့ရတယ်။ ရခိုင်မှာဖြစ်နိုင်တဲ့ နေရာတွေကို ပိုပြီးသတိထား စောင့်ကြည့်နေတယ်။ အမြန်ဆုံး တားဆီးနိုင်အောင် လုံခြုံရေးကို အပြည့်ချထားတယ်'' ဟု ဆိုသည်။

ဆက်လက်၍ ရဲမှူးကြီးဝင်းထွန်းက ''အကြမ်းဖက်မှုတွေကို စီမံချက်အတိုင်း အမြန်ဆုံး ဆောင်ရွက်ခဲ့တဲ့အတွက် တစ်ရက်အကြာမှာပဲ ပဋိပက္ခဖြစ်စဉ်ကို ထိန်းသိမ်းနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ ပုဒ်မ ၁၄၄ ထုတ်ထားလို့ မြို့ပေါ်မှာ ဒေသခံတွေက စိုးရိမ်စိတ်တွေ ရှိနေကြတဲ့အတွက် ဈေးဆိုင်တွေ ပိတ်ထားတယ်။ ဒါ့အပြင် လားရှိုးမြို့က တရုတ်နိုင်ငံကို မြန်မာနိုင်ငံအတွင်းကနေ ကုန်သွယ်မှု ပြုလုပ်နေတဲ့ အရေးပါတဲ့နေရာ တစ်ခုဖြစ်တယ်။ အခုသွားလာမှုတွေ ရပ်တန့်နေတဲ့ အတွက်ကြောင့် တစ်ဦးတစ်ယောက်အတွက် မိသားစု တစ်စုအတွက် မကဘူး၊ ရေရှည်ဆိုရင် နိုင်ငံအတွက်ပါ ထိခိုက်နိုင်တယ်။ ဒါကြောင့် အမြန်ဆုံး ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်နိုင်အောင် လုပ်ဖို့ဆိုတာ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့တွေ၊ တပ်မတော်၊ အုပ်ချုပ်ရေး အပိုင်းက တာဝန်ရှိသူတွေပဲ ဆောင်ရွက်နေလို့ မရဘူး။ ပြည်သူတွေကပါ ပူးပေါင်းပါဝင်ဖို့ အရေးကြီးပါတယ်'' ဟု ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရဲစခန်းများတွင် ရဲအင်အားကို တိုးချဲ့ချထားပြီး ဘာသာပေါင်းစုံ ဆွေးနွေးမှုများကို ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးမြင့်က ပြောကြားသည်။


Eleven Media Group

No comments:

Post a Comment