Saturday 1 June 2013

U.S ရောက် ၈၈ ခေါင်းဆောင် ကိုကိုကြီးရဲ့ ပြောကြားချက် တချို့


Saturday, June 1, 2013
ဦးကိုကိုကြီး - (၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) နယူးယောက်မြို့ တွင် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ- မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ အပေါ် OIC- အဖွဲ့ က နေပြီး ဖိအားပေးလာတာမျိုး ရှိလာနေတာနဲ့  ပါတ်သက်လို့  ၈၈-ကျောင်းသား ခေါင်းဆောင်များ အနေနဲ့  ဘယ်လိုထင်မြင် ယူဆထားပါသလဲဆိုသည့် မေးမြန်းမှုအတွက် ဖြေကြားချက်ကို ပြန်လည် 
ဖော်ပြ ပေးလိုက်ပါတယ်။ 


 ဓာတ်ပုံ- ကိုကိုကြီး ဖေ့စ်ဘုတ်
“ ကျွန်တော်တို့ အတိတ်သမိုင်းမှာ တစ်ချို့က - ကျွန်တော်တို့အိမ်နီးချင်းနိုင်ငံလေးတစ်ခုက ဘယ်သူ့ လက်အောက်မှ မရောက်ခဲ့ဘူး၊ သံတမန်ရေးကျွမ်းကျင်တယ်။ 

ဒါကြောင့်မို့ ပြင်သစ်နဲ့အင်္ဂလိပ်ကိုလိုနီတွေ ကြားထဲမှာ (Buffer) ဖြစ်အာင်လုပ်ခဲ့တာကို တစ်ချို့က အရည်အချင်းတစ်ခုအဖြစ်နဲ့ ပြောကြတာရှိပါတယ်။ 

ကျွန်တော်တို့ဘိုးဘွားတွေပြန်ပြီးတော့ လေ့လာကြည့်ရင် လက်နက်ချင်းမမျှတာလည်း သိတယ်။ တိုက်ရင်ရှုံးမှာလည်းသိတယ်။ ဒါပေမယ့် လွတ်လပ်ရေးကိုအဆုံးရှုံးခံပြီးတော့ ကျွန်တော်တို့ရဲ့ အမျိုးသားရေး စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကို ထိန်းသိမ်းခဲ့ပါတယ်။ 

အဲဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့အင်မတန်ထူးခြားတဲ့ အမှတ်တံဆိပ်တစ်ခုပါ။ နောက်တစ်ခုက ဥပမာအားဖြင့် - ကျွန်တော်တို့ အမျိုးသားဝတ်စုံကိုကြည့်ရင် ဒါဟာ ယေဘုယအားဖြင့်ပြောရင် တရုတ်အငွေ့အသက်ပါ။ 

ဒီဟာ(လုံခြည် ကိုပြလျှက်) အိန္ဒိယအငွေ့အသက်ပါ။ ဒါပေမယ့် အဲဒါကို ကျွန်တော်တို့ဘယ်လို (Adaptable) ဖြစ်အောင် ကျွန်တော်တို့ရဲ့ မြန်မာ့ပုံစံ တစ်ခုဖြစ်သွားအောင် ကျွန်တော်တို့ ဘယ်လိုမွေးမြူ လိုက်သလဲ။ 

အခုအချိန်အထိ ယိုးဒယားသီချင်းတွေ၊ ကန်တော့ခန်းတွေ ကျွန်တော်တို့လုပ်နေတုန်းပဲ။ 

ဆိုလိုတာက မြန်မာမှုပြုတာ။ အဲဒါကို ကျွန်တော်တို့ရဲ့ မြန်မာ့လူ့အဖွဲ့အစည်း၊ မြန်မာ့အမှတ်သရုပ်အဖြစ်နဲ့လုပ်လိုက်တဲ့ဟာ အဲဒါ အင်မတန် ထူးခြားတယ်။ 

ဆိုတော့... အဲဒီဟာကိုနားလည်ထားရင် ကျန်တဲ့ဟာကို ကျွန်တော်တို့ဆက်လက်လုပ်လို့ရတယ်။ အခုနကပြောတဲ့ကိစ္စမှာလည်း - ကျနော်ကိုယ်တိုင်ရခိုင်စုံစမ်းရေးကော်မရှင်မှာပါပါတယ်။ 

ဆိုတော့ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို အရှိအတိုင်းပဲ ကျွန်တော်တို့နားလည်ဖို့ကြိုးစားပါတယ်။ကြိုးစားပေ မယ့် အင်မတန် အန္တရာယ်ကြီးတဲ့ကိစ္စတစ်ခုကို ပွင့်ပွင့်လင်းလင်းပဲ ကျွန်တော်တို့ ထောက်ပြပါတယ်။ 

ဒီလူမျိုးပြဿနာနဲ့ဘာသာရေးပြဿနာ နှစ်ခုကို ရောထွေးပြီးတော့မချဉ်းကပ်ဖို့။ အဲဒါ သိပ်အန္တာရာယ်ကြီး တယ်။ ကျွန်တော်က(Raceand Religion ) ကို ဒီဟာ နှစ်မျိုးကို သွားမရောနဲ့။ သိပ်အန္တာရာယ်ကြီး တယ်။ 

နောက် တစ်ခုက ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ပြဿနာတွေကို ကျွန်တော်တို့ဘာသာ ကျော်လွှားနိုင်တယ် ဆိုတဲ့ ခွန်အားရှိတယ်ဆိုတဲ့ယုံကြည်ချက်ကို ကျွန်တော်တို့အားလုံးမွေးရမယ်။ 

အဲဒီတော့ ကျွန်တော်တစ်ဦးတည်း သဘောအရပါ..ပွင့်ပွင့်လင်းလင်းပဲပြောမယ်။ ကျွန်တော်တို့ ဒီကိစ္စ အပေါ်မှာဘာသာရေးပုံစံနဲ့ချဉ်းကပ်တာ အားလုံး ကျွန်တော်တို့ လုံးဝလက်မခံဘူး။ ကျွန်တော်တို့ ရအောင်ကျော်လွှားမယ်။ 

ကျွန်တော်တို့အစီရင် ခံစာမှာလည်းပဲ - (၁) အချက် လူ့အခွင့်အရေးရှုထောင့်ကနေပြီးတော့ ဒုက္ခရောက်နေ တဲ့သူ အားလုံးကို အကူညီပေးနိုင်ဖို့အတွက်ကို ကျွန်တော်တို့ ဦးစားပေးကြိုးစားမယ်။ 

အထူးသဖြင့် မိုးမကျခင်မှာ ( Foods & Shelter, Medication ) ..အဲဒါ ဒုက္ခရောက်နေတဲ့သူတွေအတွက် လူမျိုး၊ ဘာသာမရွေး အကူညီပေးဖို့ ကျွန်တော်တို့ကြိုးစားမယ်။

ဒါဟာ ကျွန်တော်တို့အစီရင်ခံစာရဲ့ နံပါတ်-၁ဦးစားပေးအချက်ဘဲ။ နောက်ကျန်တဲ့  အပိုင်းက နိုင်ငံသား 
ဖြစ်မှုနဲ့  ပါတ်သက်လို့  ကျွန်တော်တို့  စီစစ်ရမယ် ။ 

ဒီဟာကြီးကတော့ တကယ့် ရှည်လျားတဲ့ ပြဿနာကြီးဘဲ ။ ခေတ်အဆက်ဆက်မှာ - Bribery၊ Corruption (အဂတိလိုက်စားမှုတွေ)နဲ့ ၊ ဥပဒေစိုးမိုးမှုမရှိတာတွေရဲ့အကျိုးဆက်တွေကို ကျွန်တော်တို့  မျိုးဆက် အပေါ်မှာ ကျလာတဲ့  ၀န်ထုပ်ဝန်ပိုး တွေအဖြစ်နဲ့ ရင်ဆိုင်ကြရပါလိမ့်မယ် ။ 

ဒါပေမယ့် အဲဒီဟာတွေကို ကျွန်တော်တို့နဲ့မဆိုင်သလို ရှောင်သွားလို့မရဘူး၊ ပစ်ချခဲ့လို့မရဘူး။ အဲဒီတော့ ဒါကိုဆက်ပြီးတော့ ရနိုင်သလောက် ကျွန်တော်တို့ ရှင်းမယ်။ ရှင်းတဲ့ အခါမှာ ဒါဟာအစိုးရရဲ့တာဝန်ပါ- ဒါဘယ်သူ့ ရဲ့  တာဝန် ဆိုပြီးတော့ ဒီလို ကျွန်တော်တို့လွှဲနေလို့ မရဘူး ။ နိုင်ငံရေးလုပ်တာဟာ အနေအထိုင် မတတ်လို့ လုပ်တာ။ 

သူများကခိုင်းတဲ့ အလုပ်-သူများက ခန့် အပ်(စာ)လွှာနဲ့ ခန့်တဲ့အလုပ်မျိုးက ထွက်စာတင်လို့ရတယ်။ ကိုယ့်ကိုယ်ကို ခန့်အပ်တဲ့ အလုပ်၊ ကိုယ့်ဟာကိုယ် တာဝန်သိစိတ်နဲ့  တာဝန်ယူတဲ့ အလုပ်က ကျွန်တော် မနုတ်ထွက်မချင်းဘယ်သူကမှ ကျွန်တော့်ကို ဖြုတ်လို့ မရဘူး ။ 

ဒါကြောင့် ကျွန်တော်တို့ အတတ်နိုင်ဆုံး ဒီကိစ္စကိုကျော်လွှားမယ်။ 

(၁)-အချက်က လူ့အခွင့်အရေးရှုထောင့်က၊ လူသားချင်းစာနာမှု ရှုထောင့်က ကျွန်တော်တို့ဖြေရှင်း မယ်။ နိုင်ငံသား အခွင့်အရေးရှုထောင့်က၊ဘယ်နိုင်ငံမှာဖြစ်ဖြစ် နိုင်ငံသားဥပဒေရှိတယ်။ 

အဲဒီအရ နိုင်ငံသား (Conflict Citizenship )ပေါ့။.... ဘယ်သူကဖြင့်နိုင်ငံသား၊ ဘယ်သူ ကဖြင့် ယေဘုယျ 
ပြောရင်(PR Status ), ဘယ်သူကတော့ Illegal Immigrants ဆိုတာတွေကို စနစ်တကျ စီစစ်ဖို့၊ ပိုင်းခြားဖို့လိုတယ်။ 


နောက်တစ်ခုက နိုင်ငံသားအခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စ - နိုင်ငံသားဖြစ်ပြီးတဲ့လူတစ်ယောက်ကို လူမျိုးကြောင့်၊ ဘာသာကြောင့် ခွဲခြားဆက်ဆံတာမျိုး ကျွန်တော်တို့ လုံးဝလက်မခံဘူး။ 

အဲဒီတော့ နိုင်ငံသားအခွင့်အရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ (Defense ) လုပ်သွားမယ်။အထူးသဖြင့် ဘာသာကိုးကွယ်မှုကြောင့်(သို့မဟုတ်)လူမျိုးရေးကြောင့်သူ့ကို နိုင်ငံသားအခွင့်အရေးဆုံးရှုံးနေတယ်ဆိုရင် ကျွန်တော်တို့(Defense) လုပ်သွားမယ်။ 

အဲဒီလိုမျိုး ကျွန်တော်တို့မှာ ကျွန်တော်တို့ဘာသာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ကျွန်တော်တို့ ကိုယ်တိုင်ကြိုးစားမယ်။ ကိုယ်တိုင်ရှာဖွေမယ်။ 

အဲဒါကို ပြည်ပက နေပြီးတော့ ဘယ်လိုဖိအားပေးမှုမျိုးမှ ကျွန်တော်တို့လက်မခံဘူး။ ကျွန်တော် တို့ နိုင်ငံတကာ ရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုတော့ ကျွန်တော်တို့ ကြိုဆိုပါတယ်။ ပူးပေါင်းဆောင်ရွက်မှုက အပြုသဘောနဲ့ မျှမျှတတ ကျွန်တော်တို့အပေါ်မှာ ရှုမြင်တဲ့၊ ချဉ်းကပ်တဲ့ဖြေရှင်းမှုမျိုးပဲ ကျွန်တော်တို့ လိုချင်တယ်။ 

တစ်ဖက်သတ်ဖိအားပေးတာမျိုးနဲ့ပတ်သက်ရင်တော့ - ကျွန်တော် စပြီးနိုင်ငံရေးလုပ်ကတည်းက ဘယ်သူခိုင်းလို့၊ ဘယ်သူ တာဝန်ပေးလို့မှ လုပ်တာမဟုတ်ဘူး။ အဲဒီလိုဖိအားပေးတာမျိုး၊ ကျွန်တော် တို့ နိုင်ငံကို ၀င်ရောက်စွက်ဖက်တာမျိုးလုပ်လာရင်တော့ ၊ ဘယ်လိုနည်းနဲ့မှ ကျွန်တော်တို့လက်မခံဘူး။ 

အဲဒါ ပွင့်ပွင့်လင်းလင်းပဲကျွန်တော်ပြောမယ်။ အဲဒီတော့ ကျွန်တော်တို့  မိတ်ဆွေနိုင်ငံတွေအနေနဲ့  ဥပမာ အားဖြင့် ကျွန်တော်တို့  အာဆီယံမိသားစုထဲမှာ ကျွန်တော်တို့  One Community- One Dream-ဖြစ် လာတော့မယ် ဆိုရင် ASEAN မိသားစုဝင်နိုင်ငံတွေအနေနဲ့  သူတို့ အတွေ့ အကြုံတွေ၊ အာဆီယံအနေနဲ့  ကျွန်တော်တို့ ကို ၀င်ကူညီမယ်ဆိုရင် ဒါ ဒေသဆိုင်ရာအဖွဲ့ အစည်းအနေနဲ့  ကျွန်တော်တို့လက်ခံတယ်။ 

သို့ သော် ဘာသာရေး အဖွဲ့ အစည်းအနေနဲ့  ၀င်ရောက်ပြီးတော့ ကျွန်တော်တို့ ကို ဖိအားပေးတဲ့ ကိစ္စမျိုး ကိုတော့ ကျွန်တော်တို့ လုံးဝလက်ခံမှာ မဟုတ်ဘူး ။ 

တခုဘဲ- သူတို့ ကလဲ ကျွန်တော်တို့ ပြဿနာကို သူတို့နဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေး၊ သူတို့ နဲ့  ကျွန်တော် တို့  အမြင်ဖလှယ်တာတွေ၊ဆွေးနွေးတာတွေ သီးခြားအနေနဲ့ သံတမန်ရေး လမ်းကြောင်းကနေ လုပ် တာတွေ ရှိမယ်။ 

သို့သော်လည်းပဲ ကျွန်တော်တို့  ပြဿနာဟာ ကျွန်တော်တို့  ကိုယ်တိုင် ဖြေရှင်းရမဲ့  ပြဿနာ သာဖြစ် တယ်လို့ ကျွန်တော် ယုံကြည်တယ်.. ။ ကျေးဇူးတင်ပါတယ် ။

No comments:

Post a Comment