Saturday 5 January 2013

ဖုန်သုတ်ထားတဲ့ စာအုပ်အဖွဲ့အနွဲ့

စာအုပ်အဖွဲ့အနွဲ့

အနာပေါ် ဆေးလိပ်မီးပွား ခါချသလို
နေ့စွဲတွေ ကျရောက်နေပုံ
တဖွားဖွား
စကားလုံးတွေ လူကြားကောင်းတယ်
အဖြစ်အပျက်တွေ လူကြားမကောင်းဘူး
နေစောင်းလည်း မွန်းတည့်ကောင်းတုံး
သေပန်းတွေ ပွင့်မဆုံးပုံက….

လူသေကို
လူရှင်က ကြောက်ကြ
ဒုက္ခပဲ…..။

မျောက်သွေးနဲ့
အားဆေးဖော်ကြ
ဒုက္ခပဲ….။

မီးလန့်မှ
အပျင်းဆန့်ကြ
ဒုက္ခပဲ….။

ရှင်ဘုရင်လုပ်ချင်
ဇာတ်ထဲဝင်ကြ
ဒုက္ခပဲ…..။

ခွေးရူးကို တအို့အို့နဲ့ခေါ်နေရတဲ့ ကိစ္စ
ဇစ်ပျက်ကြီးနဲ့
ရင်ကြားစေ့ကြ
ဒုက္ခပဲ…..။

အရေပြားပေါ်က
အယားပြေကိစ္စတခုလို သဘောထား
လူထုရှုံ့ချပွဲမှာ
ကြွေးကြော်သံတိုင်သလို
ဘဝကို သံယောင်လိုက်အော်နေပုံများ……

သမိုင်းကပဲ လှိုင်းထန်လွန်းတာလား
အမှန်တရားကပဲ လာဘ်စားထားတာလား

ရန်သူနဲ့ စကားပြောလို့ရတယ်
ရန်သူနဲ့ ပရောပရီလုပ်လို့မရဘူး

ဟိုလေယာဉ်ပျံကြီး စီးတော့လည်း
ဒီဘူတာကြီးပဲ ဆိုက်ခဲ့တယ်….။ ။

သစ်ကောင်းအိမ်
(၁၅ရက်၊ ဖေဖော်ဝါရီ၊ ၂၀၀၈)

(နေ့လည်က မိုးမခဝဘ်ဆိုဒ်က ကျနော့်ကဗျာစာမျက်နှာတွေကို ပြန်လှန်မိရင်း
မိတ်ဆွေသူငယ်ချင်းတော်တော်များများ မဖတ်ရသေးဘူးထင်တဲ့
ကျနော့်ကဗျာဟောင်းတပုဒ်ကို မိတ်ဆွေအပေါင်းအသင်းတွေဖတ်တော်မူဖို့
စာကိုစီရင်း မိုးမခအယ်ဒီတာမင်း ဦးမောင်ရစ်ကိုလည်း သတိရတရှိရင်းနဲ့......)


by Thit Kaung Eain on Friday, January 4, 2013 at 8:43pm ·

No comments:

Post a Comment