Wednesday 2 January 2013

စစ်ပွဲအရှိန်မြင့်လာမှုကြောင့် ဒုက္ခသည်များတိုးမြင့်လာ



ဒီဇင်ဘာလ ၁၆ ရက်နေ့မှစ၍ အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ စစ်ဖြစ်ပွားခဲ့ပြီး ယခုအချိန်တွင် စစ်ပွဲ အရှိန် မြင့်လာမှုကြောင့် ကွက်ခိုင်မြို့ အနီးတစ်ဝိုက် ရှိ ဒေသခံဒုက္ခသည်များ တိုးမြင့်လာကြောင်း စစ်ဘေးရှောင်စခန်း ဖွင့်လှစ်သူများထံမှ သိရ သည်။

အဆိုပါ ကွက်ခိုင်-တာမိုညဲလမ်းမဘေးတွင် တည်ရှိသော ကက်သလစ်ဘုရားကျောင်း (ကွက် ခိုင်) နှင့် ကချင်နှစ်ချင်းအသင်းတော်တို့ ဖွင့်လှစ် ထားသော စစ်ဘေးရှောင်စခန်းတွင် ဒီဇင်ဘာ ၃၀ ရက် စာရင်းအရ စစ်ဘေးသင့်ပြည်သူ (၃၈၉) ဦးရှိကြောင်း သိရပြီး စစ်ဘေးသင့် ပြည်သူ များတွင် ကလေးငယ်များ၊ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများ ပါရှိကြောင်းနှင့် စခန်းသို့ မရောက်ရှိဘဲ တောအတွင်း ရှောင်တိမ်းနေရ သော ဒေသခံ (၂၀၀) ကျော်ခန့်ရှိနေကြောင်း သိရသည်။

“ကျွန်မတို့ ရွာနားမှာ စစ်စဖြစ်တော့ သေနတ်သံတွေ အဆက်မပြတ်ကြားရတယ်။ ဒီတော့ ကျွန်မတို့လဲ မနေရဲလို့ ပြေးမိပြေးရာ ပြေးလာတာ၊ တချို့ဆိုရင် အ၀တ်အစားတောင် ယူ မလာနိုင်ဘူး၊ ရွာက သင်းအုပ် ဆရာဦးနောင်လတ် ကူညီလို့ ဒီရောက်လာတာ၊ အိမ်ကိုပြန်ချင်တယ်”ဟု စစ်ဘေးရှောင်စခန်းရောက်ရှိနေသော နမ့်ဟူးကျေးရွာအုပ်စု၊ နားချန်းနောင် ဖန်းရွာနေ ဒေသခံတစ်ဦးက ပြောကြားသည်။

အစိုးရနှင့် KIA တို့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွက်ခိုင်မြို့နှင့် ၁၀ မိုင်ခန့်အကွာတွင် စစ်ပွဲများဖြစ်ပွားလျက် ရှိနေကြောင်း သိရပြီး လက်ရှိစစ်ပွဲ များကြောင့် တိမ်းရှောင်နေရသော ဒုက္ခသည် များအနေဖြင့် နိုင်ငံတော်ကပြည်သူများအား တိုးတက်စေလို ပါက ပြည်တွင်းစစ်များ အမြန်ဆုံး ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးလမ်းစဉ် သို့သွားရောက်ရန် အလိုရှိနေကြကြောင်း သိရသည်။

“ခရစ်စမတ် အချိန်ကြီးကြမှ ဒီလိုဒုက္ခသည်တွေအဖြစ်နဲ့ တိမ်းရှောင်နေရတာ အရမ်းကို ၀မ်းနည်းမိတယ်။ ရွာမှာ တောင်ယာတွေ ဒီအတိုင်းပဲ ထားခဲ့ရတယ်။ စစ်ပြီးလို့ အိမ်ပြန်ရင်တောင် ဘာဆက်လုပ်ရမှန်းမသိတော့ဘူး။ အနာဂါတ်အတွက်လည်း စိတ်လေးမိတယ်။ စစ်တွေဖြစ်တော့ တကယ်တမ်း မြေစာပင်ဖြစ်ရတာ ပြည်သူတွေပဲ။ စစ်ပွဲတွေမဖြစ်ရင် အကောင်းဆုံးပဲ။ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နေလို့ ရတယ်၊ နိုင်ငံတော်က ပြည်သူတွေကို တကယ်တိုးတက်စေချင်တယ်ဆိုရင် ပြည်တွင်းစစ်တွေ အမြန်ဆုံးရပ်ပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်ကြပါ” ဟု ဒေသခံတစ်ဦးက ထပ်မံပြောကြားသည်။

စစ်ဘေးရှောင်စခန်းတွင် ကူညီလျက်ရှိသော မကြူကြူ(ဂရုဏာမြန်မာအသင်း)က “စစ်ဘေး
ရှောင်စခန်းကို စတင်ဖွင့်ဖြစ်တာကတော့ ဒီကက် သလစ်ကျောင်းမှာထိုင်တဲ့ ဖာသာက ဆက်သွယ်လို့ ဖွင့်ဖြစ်တာပါ။ လက်ရှိ အခြေအနေကတော့ စခန်းအတွက် သောက်သုံးရေနဲ့ ခြုံစရာ စောင်တွေ လိုအပ်ပါတယ်။ ကွက်ခိုင်က ရှမ်းပြည်မှာ အအေးဆုံးမြို့ပဲလေ၊ စားသောက် ဖို့ အတွက်ကတော့ ဒေသအာဏာပိုင်တွေ၊ ပါတီအဖွဲ့ အစည်းတွေ၊ စေတနာရှင်တွေက လာလှူဒါန်းထားပါတယ်။ ကျန်းမာရေးအတွက်လည်း ဆေးရုံမှာ တာဝန်ကျနေတဲ့ ဆရာဝန်
တွေ နဲ့ သူနာပြုတွေက လာ ကြည့်ပေးတယ်၊ ရေရှည်မှာဆိုရင် အစစအရာရာ ခက်ခဲလာနိုင် တယ်” ဟုစစ်ပွဲအရှိန်မြင့်လာပါပြီး ကြာမြင့်လာပါက အခက်အခဲများစွာရှိနိုင်ကြောင်းပြောကြားသည်။

ခွန်ဇော်ဦး(မြန်မာ့ခောတ်)

No comments:

Post a Comment