Wednesday 2 January 2013

လူသစ် စိတ်သစ် အထင်ကရ သက္ကရာဇ်များ နှစ်သစ်မှာ.........




သောကနှင်း ၊ ဒုက္ခမိုး ၊ အကျည်းတန် နွေညများ နဲ့ မျက်နှာမဲ တိမ်တိုက်အောက်မှာ
လောဘကို တက်နင်းပြီး အရုပ်ဆိုး ကိုးရိုးကားရား နေ့ ရက်များ လူတွင်ကျယ်လုပ်ကာ
လောက တောနက်နက်မှာ ဘ၀ဟာ ဇာတ်နာခဲ့ပေါင်းများလို့ 
ပြောမပြချင်လောက်အောင် အိုမင်းရင့်ရော်လာတဲ့ ကမ္ဘာမြေဟာ
ကျောသား ရင်သား မခွဲခြားပဲ ပြဿနာနဲ့ အမျိုးတော်နေသလားလို့ 
ဇာတာကို စစ်ဆေး ၊ ဗေဒင်တွေလည်း အဆက်မပြတ်မေးနေတယ်..။

အမှားကို ဘုရားလို ကိုးကွယ်ကြတော့
အရာအားလုံးဟာ သိုင်းကားလို အလဲလဲ အကွဲကွဲ အပြဲပြဲနဲ့ ယနေ့ ကမ္ဘာ
အသံတိတ် ရုပ်ရှင်ကားကို ကြည့်သလို ကိုယ့်ကိုကိုယ် ပြန်ကြည့်ရင်း
လန့် ဖြန့် နေတဲ့ စက္ကန့် တန်များအား ဂစ်တာကြိုးလို ညှိပြီး အတိတ်ကို တီးခတ်ကြည့်တယ်..။

အမြင်မကောင်း အတ္တမှိုစွဲ မိုက်တွင်းနက်စဲ အတွေးအခေါ်ကို
အသွင်ပြောင်း မိုက်ရူးရဲ မောင့်ကျက်သရေ ခေါင်းပေါင်းနဲ့ ဖုံးကွယ်ကာ
သွေးချောင်းစီးစဲ လုံးလည် ချာလည်လိုက်နေတဲ့ သံသရာ စစ်ခရီးရှည်ထဲ
အမှောင်ဖုံး ကမ္ဘာမြေဟာ ကိုယ့်အသုဘကိုယ် အကြိမ်ကြိမ်ပြန်ချခဲ့တယ်..။

ဦးနှောက်မဲ့ သေနတ်ကျည်ဆံတွေကို မီးရှုးမီးပန်းလို ဖောက်ရင်း
ဝမ်းရေးမီးအတွက် ဖောက်သည်ရှာနေတဲ့ ကြေးကြီး ပြည့်တန်ဆာလို
မီးမလင်းတဲ့ အမှောင်ထဲမှာ မတ်တပ်ရပ်နေတဲ့ ကမ္ဘာမြေဟာ
စီးပွားရေး ခြေကားရား လက်ကားရား အမေရိကားနောက် လိုက်မလို လို
မကောင်းမှုကို လက်ဝါးကြီးအုပ်မဲ့ တရုတ်ကြီးနဲ့ ဖြစ်နေသလိုလိုနဲ့ 
အတွေးများ မလွဲရအောင် ပတ်လည်ရိုက်တွေးတဲ့ ကြားက
မထင်မှတ်တဲ့ အကွက်က ထွက်သွားတဲ့ ချဲထီလိုမျိုး
အတွေးများ ဆေးလိပ်မီးလောင်ပေါက်နဲ့  ပုဆိုးလို
ပြဿနာဆိုးကို မီးလောင်ဗုံးခွဲပြီးရှာခဲ့ကြတယ်..။

မသေချာတဲ့ ငွေ အသပြာတွေနောက်ကို
မရေမရာ ခြေရာခံလိုက်နေသော ဝေဒနာများ
အိမ်ခြေယာခြေမရှိတဲ့ ဆက်သွယ်ရေး ဂြိုလ်တုလို ကမ္ဘာ့အပြင်ဖက် လွှင့်ပစ်ချင်ပြီ..။

သက်သေပြစရာ ဆိုလို့ မျက်ရည်တွေက ဒဏ်ရာနဲ့ ပါးပြင်ထက် မခြောက်သေးဘူး ၊
အပြစ်အနာတွေနဲ့ အချစ်ကဗျာတွေဟာ စာမျက်နှာထက် ရောက်မလာခင်မှာပဲ
မေတ္တာတွေ လမ်းကြောင်းလွဲကာ သစ္စာမဲ့ ရေတိမ်နစ်ခဲ့ပြီ..၊
လူ့ အခွင့်အရေးကို အကြွေးတောင်းသလို တောင်းခဲ့လည်း
ကျည်ဆံတွေကိုစားပြီး လူပါး၀၀ လာတဲ့ နှစ်ဟောင်း
မင်းနဲ့ အောက်ကျနောက်ကျခံပြီး ယောင်ဝါးဝါး မပေါင်းချင်တော့ဘူး ..။

မျက်စိပျက် မျက်နှာပျက် နေ့ ရက်ဟောင်းများအား တွက်ကြည့်ရင်
ကွက်ကြည့် ကွက်ကြည့်လုပ်ပြီး စိတ်ပျက်လက်ပျက် နောက်ကြောင်း ပြန်မလှည့်ချင်ဘူး ၊
မျှော်လင့်ချက်များကို ဘယ်သူက လက်ပြနှုတ်ဆက်ချင်ပါ့ မလဲ
လူသစ် စိတ်သစ် အထင်ကရ မငြိုငြင်တဲ့ သက္ကရာဇ်များ နှစ်သစ်မှာ
လူပြောသူပြောများပြီး မမြင်ရတဲ့ အပျိုစင်နတ်သမီး တွေလို လှပစေ............။

အောင်ခိုင်မြင့်
၃၁ ဒီဇင်ဘာလ ၂၀၁၂

No comments:

Post a Comment