Thursday 3 January 2013

ရဲဆိုတာဒါလား?



ခုတလောကြားကြားနေရတဲ့သတင်း တွေကတော့ မသတီစရာသတင်းတွေချည်းပါပဲ။ ပြည်သူတွေကလည်း တနေ့တခြား အော့နှလုံးနာစရာကောင်းနေတဲ့ ကိုရဲတွေ ရဲ့ ပြုမှုဆက်ဆံပုံ၊ လူမဆန်တဲ့ ရမ်းကား မှုတွေကို ကြားကြားနေရ၊ တွေ့တွေ့နေရ တော့ ကိုရဲတွေကို လမ်းမှာ မလွဲသာလို့ တွေ့ရင်တောင် ရွံ့ကြည့်ကြည့်နဲ့ပဲမျက်နှာ လွဲရှောင်သွားကြတာများပါတယ်။

အမှန်ဆိုတော့ရဲဆိုတာ ပြည်သူတွေရဲ့အန္တရာယ်ကိုကာကွယ်စောင့်ရှောက်ဖို့၊ ပြည်သူတွေကိုကူညီဖို့ဆိုတာကို မေ့လျော့ နေကြပါပြီ။ ဒီရဲတွေရဲ့လစာတွေ၊ နေထိုင်တဲ့အိမ်တွေ အခန်းတွေဟာ ပြည်သူတွေ ကပေးထားတာ။ ပြည်သူတွေနဲ့ ပိုက်ဆံ တွေဆိုတာကို လုံးဝမေ့လျော့နေပြီလား မသိပါဘူး။ ပြည်သိုကိုတွေ့ရင် ငါဘယ် လိုဒီလူတွေဆီက ငွေကိုရအောင်ကြံရပါ့ မလဲ။ ဘယ်လိုအကွက်ဆင်ရမလဲလို့ တွေး တောကြံဆနေပုံရပါတယ်။ ပြည်သူ တွေကိုကူညီမယ့်အစား ပြည်သူတွေကို နှိပ်စက်ဖို့၊ ပြည်သူတွေကို ဒုက္ခပေးဖို့ပဲစဉ်း စားတွေးခေါ်နေပုံရပါတယ်။ ရဲတွေရဲ့ စိတ်ကူးစိတ်သန်း၊ အကြံအဖန်တွေကတော့ အံ့သြလောက်စရာပါပဲ။ (ရဲတိုင်းကိုမဆိုလိုပါ)။

ရဲတွေရဲ့လုပ်ပုံကိုင်ပုံတွေကို စဉ်းစား ကြည့်စမ်းပါ။ မြန်မာပြည်နေရာတော်တော် များများမှာ ရဲတွေရဲ့ မသင်္ကာမှု၊ ဘာမှု တွေနဲ့ ရိုက်စစ်နည်းမျိုးစုံနဲ့ နှိပ်စက်လို့ သေကြတဲ့လူတွေဟာ မနည်းတော့ပါဘူး။ ဘယ်ဌာနကများ ထိထိရောက်ရောက် အရေးယူတယ်လို့ကြားဖူးသလား။ သာမန်အရေးယူတာပဲရှိတယ်မဟုတ်လား။ ပြည်သူတွေ ရဲတွေရဲ့အနှိပ်စက်ခံရတာ ကို ပြည်သူအတွက် ထိထိရောက်ရောက်ကာ ကွယ်တဲ့ အရေးယူမှုတွေကို ဘယ်သူတွေ ဆောင်ရွက်ပေးခဲ့သလဲ။ ပြည်သူကပေး တဲ့ လစာယူပြီး ပြည်သူကို ဘယ်သူတွေ၊ ဘယ်ဌာနတွေက ကာကွယ်ပေးတာတို့၊ အရေးယူဆောင်ရွက်ပေးတာတို့ဆိုတာရှိ ခဲ့ကြသလား။ ငါဝါးဖို့ ငါစားဖို့ပဲ လုပ်ကြ တာပဲမဟုတ်လား။

ရန်ကုန်တိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် ရွှေပြည်သာမြို့နယ်၊ လှော်ကားမှာလည်း ရဲသတ်လို့သေရတယ် ဆိုတဲ့သတင်း၊ မရမ်းကုန်းရဲစခန်း၊ ဘုရင့် နောင်ရဲစခန်း၊ ကမာရွတ်ရဲစခန်းတွေမှာ လည်း သံသယရှိသူတွေရှိ ရိုက်သတ်လို့ သေကြတာပါပဲ။ အဲဒါ ဘယ်သူတွေ၊ ဘယ်ဌာနတွေက ထိထိရောက်ရောက်အရေး ယူခဲ့သလဲ။ ပြည်သူတွေကိုဒုက္ခပေးနေတဲ့ ရဲတွေအကြောင်းကို သက်ဆိုင်ရာအထက်က သိသလား၊ မသိဘူးလား။ သိတယ်ဆို ရင် ဘာကြောင့်ထိရောက်စွာအရေးမယူသလဲ။ ဘာကြောင့် ရေငုံနှုတ်ပိတ်နေရ သလဲ။

ဟိုနာစရာဒီထောက်စရာအကြောင်း တွေရှိနေလို့လား။ မြင်သာထင်သာရှိ အောင်အရေးယူမှုတွေကို ပြည်သူတွေ လေးစားလာအောင် ပြည်သူတွေ သံသယ ရှင်းအောင်လုပ်မပြကြတော့ဘူးလား။ သံသယဆိုတာ တော်တော်လေးဒုက္ခပေး တတ်ပါတယ်။ ဒါကြောင့် ပြည်သူတွေက သံသယကင်းပါစေ။ အမှန်ဘ၀ရှင်းပါစေ လို့ပြောတာပေါ့။ မကြာခင်ကလည်း သတင်းဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရတယ်။ တာမွေမြို့နယ်ရဲစခန်းက ကလေးတစ် ယောက်ကို ခိုးမှု၊ မသင်္ကာမှုနဲ့ လူမဆန် စွာရိုက်နှက်စစ်ဆေးတာကို ဖတ်ရတော့ မြင်ရတွေ့ရတဲ့ပြည်သူတွေရော၊ ဖတ်ရ ကြားရတဲ့ပြည်သူတွေပါ တော်တော်စိတ် မကောင်းဖြစ်ကြရပါတယ်။
ကလေးတစ်ယောက်ကို သားသမီး ချင်းကိုယ်ချင်းစာနာမှုကင်းမဲ့စွာ ကိုယ်လုံး တီးချွတ်ပြီး ၀ိုင်းရိုက်ကြတယ်။

ဒီအထဲမှာ တဏှာရာဂကြီးတဲ့ရဲကလည်း သားသမီး ချင်းကိုယ်ချင်းစာနာမှုမရှိပဲ ငါ့မိန်းမနဲ့ ကွဲကွာနေတာကြာပြီ။မင်းကိုခရေပွင့်ချွတ်မယ်ဆိုလို့ကောင်လေးကကြောက်ကြောက်လန့်လန့်နဲ့သူ့ဖင်ကိုလက်နဲ့ ကာကွယ်ထားရတယ်ဆိုတဲ့သတင်းတွေဟာ ယောက်ျားချင်းတောင်ရဲတွေ့ရင်ပြေးရမလိုဖြစ်နေပါလား။

ပြည်သူတွေ သိတာ၊ ထင်တာကတော့ ရဲတွေဟာ တဏှာရာဂနည်းလို့၊ ပြည့်တန် ဆာလုပ်စားနေတဲ့ကောင်မလေးတွေတောင် လိုက်ဖမ်းနေတယ်လို့ထင်ကြတာပါ။ ခုကြားရတဲ့ရဲကတော့ လူကြည်ညိုစရာ၊ လူလေးစားစရာပဲလား။ ဒါမှမဟုတ် အိမ် လည်လာရင်တောင် အိမ်ကမိန်းမတွေ၊ ကလေးတွေကို ဝေးဝေးနေခိုင်းရမယ့်ပုံပေါ် နေပြီလားမသိပါဘူး။
ရဲအကြောင်းတစ်ဆက်ပဲပြောလိုက် ဦးမယ်။ ရဲတွေထဲမှ စာရေးသူရဲ့မိတ်ဆွေ ရဲအရာရှိတွေလည်းရှိသလို၊ သာမာန်ရဲတွေ လည်း ရှိပါတယ်။ ရဲတိုင်းမကောင်းဘူးလို့ မဆိုလိုပါဘူး။

ဒါပေမဲ့ ရဲဆိုတာ အကျင့် စာရိတ္တသူများထက်ကောင်းရပါမယ်။ ပြည်သူတွေရိုသေစရာ၊ အားထားစရာ၊ ခင်မင်စရာကောင်းအောင်ပြုမူနေထိုင် ဆက်ဆံတတ်ရပါမယ်။ ရဲထဲဝင်ရင် အာဏာပြဖို့၊ ငါဝါးဖို့၊ အမှုသေးကို အမှု ကြီးလုပ်ဖို့၊ ကြံဖန်အမှုရှာဖို့၊ ကလိန်ကကျစ် လုပ်ဖို့၊ ပြည်သူကို နှိပ်စက်ဖို့ဆိုတာကို မလုပ်ကောင်းပါဘူး။ ဗုဒ္ဓဘာသာမှာ ၀ဋ် ဆိုတာရှိတယ်။ အတုံ့အလှည့်ဆိုတာရှိ တယ်။ သံသရာဆိုတာရှိတယ်။ ကိုယ်ပြု တဲ့ကံဟာတစ်ချိန်ချိန်မှာ ကိုယ်သော်လည်း ကောင်း၊ ကိုယ့်မိသားစုသော်လည်းကောင်း ပြန်ခံရပါတယ်။ ယုံပါ။

တချို့ရဲတွေဟာ တော်တော်ကောက် ကျစ်စုတ်ပဲ့ကြပါယ်။ စဉ်းစားကြည့်ပါ။ ပြည်သူ့ကို ကာကွယ်မယ်၊ ကူညီမယ်ဆိုရင် ပြဿနာတစ်ခုကို မဖြစ်ခင်က ကြိုတင် ကာကွယ်ပေးရမယ်။ ပြဿနာဖြစ်မယ့် ဟာကို မဖြစ်အောင်ကူညီရမယ့်ပေါ့။ ခုတော့ ဒီလိုမဟုတ်ဘူး။ ပြဿနာမဖြစ် ဖြစ်အောင်လုပ်တယ်။ ဖြစ်တော့မှ ပုံကြီး ချဲ့ပြီးနှိပ်စက်တော့တာပဲ။

ဥပမာတစ်ခုပြ မယ်။ မကြာခင်က စာရေးသူနေထိုင်ရာ လှိုင်မြို့နယ်၊ တံတားဖြူမှတ်တိုင်နားမှာ လာလာနေတဲ့ကောင်မလေးတွေကို သတင်းပေးအရဆိုပြီး ပြည့်တန်ဆာပုဒ်မနဲ့ ဖမ်းခေါ် သွားတယ်။ မရှိလို့၊ ငတ်ပြတ်လို့၊ သူ့ကိုယ် နဲ့ ရင်းစားရတဲ့ဘ၀ကို ဒုက္ခပေးလိုက်တာ ပဲ။ သူ့တစ်မိသားစုလုံးဒုက္ခပေးလိုက်တာပဲ။ ဒီဖမ်းတဲ့ရဲဟာ ပြည်သူ့အပေါ်မှာ ကူညီ ချင်ရင်၊ ရိုင်းပင်းချင်ရင် စောစောကတည်း က ဒီကောင်မလေးတွေကိုခေါ်ပြီးသတိ ပေးလိုက်ရင် မရဘူးလား။ သူကကော ဒီရဲကို ကျေးဇူးတင်မသွားဘူးလား။ ရဲဆိုး တွေနည်းနည်းတော့စိတ်ဓာတ်ပြောင်းစေ ချင်ပါတယ်။ ရဲတစ်ယောက်အဲဒီလိုဖမ်း လိုက်တာ၊ ဒုက္ခပေးလိုက်တာကို ပတ်ဝန်း ကျင်လူတွေက ဒီရဲကို အထင်ကြီးသွား မယ်ထင်သလား။ ထင်ရင်တော့ တက်တက် စင်မှားသွားပြီကိုရဲရေ။

နောက်တစ်ခုပြောဦးမယ်။ ရဲတွေရဲ့ ရဲလုပ်ပုံကိုင်ပုံတွေလေ။ တည်းခိုးခန်းတွေ မှာ အတွဲတွေလာကြတယ်။ နည်းနည်း လည်းစဉ်းစားကြည့်ပါဦး။ ကိုရဲကြီးမသိ ဘူးဆိုရင်ပြောပြမယ်။ တည်းခိုးခန်းကို ကောင်မလေးခေါ်လာတာ တရားထိုင်ဖို့ လာတာမဟုတ်သလို၊ ပုတီးစိပ်ဖို့လာတာ လည်းမဟုတ်ဘူးနော်။ သိတယ်မဟုတ် လား။အဲဒါကိုသိရဲ့သားနဲ့း တည်းခိုခန်းတွေ မှာ ဧည့်သည်ယောင်ဆောင်ပြီးအမှုဆင် တာတို့၊ အကွက်ဆင်ပြီးထောင်ဖမ်းတာ တွေကတော့ မကောင်းပါဘူး။ နည်းနည်းလည်းကိုယ်ချင်းစာအသိစိတ်ဓာတ်ရှိပါဦး။ ဒီကိစ္စကိုရဲတိုင်းကောကင်းကြသလား။ မကြာခင်ကလည်း ရန်ကုန်မြစ်ကူးတံတား ဂိတ်တာဝန်ကျရဲက အိမ်ပြေးကောင်မလေး ကို မုဒိမ်းကျင့်တာတွေ၊ ကျောင်းကုန်းရဲ နဲ့ ပြည့်တန်ဆာကိစ္စတွေဆိုတာ လူတိုင်း သိနေကြတဲ့ သတင်းတွေပဲ။

အဲဒီတော့ သူများမကောင်းတာတွေ ထက် ကိုယ်ကိုယ်တိုင်ကောင်းအောင်ကြိုး စားပါဦး။ ခေတ်ကပြောင်းလာပြီလေ။ အာဏာရှင်စနစ်မဟုတ်တော့ဘူး။ ပြည်သူ ရဲ့ခေတ်ကို ပြောင်းနေကြပြီလေ။ ကိုရဲတွေ လည်း မိမိစိတ်ဓာတ်တွေကို ခေတ်သစ် စနစ်သစ်နဲ့အညီ ပြောင်းလဲသင့်ပြီပေါ့။ ကိုလိုနီခေတ်၊ တစ်ပါတီအာဏာရှင်စနစ် ရဲ့ အမွေဆိုးတွေ၊ အကျင့်စရိုက်တွေကို ပြောင်းဖို့ကောင်းပါပြီ။ တိုင်းသူပြည်သား တွေကို ငြိမ်ဝပ်ပိပြားနေအောင်လုပ်ခဲ့တဲ့ စစ်အစိုးရရဲ့လုပ်ရပ်တွေကို တစ်ချိန်ကကူညီ ပံ့ပိုးပေးနေတာထဲမှာ ကိုရဲတွေလည်းပါပါ တယ်။ ရဲတွေရဲ့လုပ်ရပ်ကိုကြည့်ပါဦး။

ကိုဖြူမျာ ပြဿနာတစ်ခုရှိတယ်ဆိုရင် ဒီကိုဖြူကိုပဲဖမ်းရမယ်။ အရေးယူရမယ် ပေါ့။ အခုတော့ ဒီလိုမဟုတ်ဘူး။ ကိုဖြူကို မတွေ့ရင်၊ မမိရင်၊ ကိုဖြူရဲ့ မိသားစုကို ဖမ်းမယ်။ ဆီးမယ်။ ဒုက္ခပေးမယ့်ပေါ့။ ဒါဟာ မလုပ်သင့်တဲ့ဥပဒေပဲ။ အမှန် တကယ် လက်မ မကောင်းလက်မ၊ ခြေမ မကောင်း ခြေမ မဟုတ်ဘူးလား။ ကိုယ် လုပ်တာ တရားသလား။ မတရားဘူးလား။ ဆိုလိုရင် စဉ်းစားဉဏ်ရှိရမှာပေါ့။ သင့်/ မသင့် တွေးခေါ်ရမှာပေါ့။ ဒီအထဲမှာ ရဲနဲ့ ပေါင်းပြီး မျိုဆို့နေတဲ့ သူတွေ၊ သူတောင်း စားလိုလိုက်တောင်းစားပြီး ရဲကို မြှောက်၊ အောက်ကိုခြောက်ပြီး အကြံအဖန်လုပ် နေတဲ့ သတင်းပေးတွေကလည်း မြန်မာ ပြည်မှာ မနည်းဘူး။ သူတို့ကို နိုင်ငံတော် က လစာပေးသလား။ နိုင်ငံတော်က တရားဝင်ခန့်ထားသလားဆိုတာလည်း ပြည်သူတွေက သိချင်နေကြတယ်။

နောက်တစ်ခုက အလုပ်မရှိအကိုင် မရှိ၊ ပညာမတတ်လို့၊ ရပ်ကွက်ထဲက ယောင်တောင်တောင်တွေကိုလည်း အပြာရောင်ဝတ်စုံဝတ်ခိုင်းပြီး လုံခြုံရေး၊ ဘာရေးဆိုပြီးခိုင်းတဲ့အဖွဲ့ကခိုင်းတော့ ရပ်ကွက်တွေ၊ လမ်းတွေထဲမှာ လူတွေ မျက်စေ့နောက်လောက်အောင် အာနာခွာနာပြကြတာကလည်း တစ်မျိုးပါပဲ။ နောက်ဆုံးပြောချင်တာကတော့ မိမိရဲ့ မကောင်းတဲ့စရိုက်၊အကျင့်အကြံတွေကို ရှောင်ရှားပြီး ပြည်သူကြိုက်တဲ့၊ ပြည်သူခင်မင်လေးစားတဲ့ ပြည်သူအားကိုးတဲ့
ပြည်သူ့ရဲတွေပဲဖြစ်ပါစေလို့စေတနာနဲ့ ဆန္ဒပြုလိုက်ပါတယ်။

အောင်ဝင်း
(Hots news weekly သတင်းဂျာနယ်)

No comments:

Post a Comment