Wednesday 2 January 2013

ကချင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေရပ်တန့်ဖို့ရန်ကုန်မြို့ မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပွဲ





ဗမာ လူမျိုးကြီးဝါဒဆိုသည်မှာ ခေတ်အဆက်ဆက် သွေးခွဲအုပ်ချုပ်ခဲ့သူ အာဏာရှင်များ၏ လှည့်ကွက်တစ်ခုသာဖြစ်ပြီး တိုင်းရင်းသား ပြည်သူများ ကြားတွင် မည်သည့်မုန်းတီးစိတ်မှမရှိကြောင်း GW မှ ကိုမိုဃ်းသွေးက
မြန်မာ့ခေတ်မီဒီယာနှင့်တွေ့ဆုံရာတွင် ပြောကြားသည်။

" တိုင်းရင်းသာညီအကိုတွေ အားလုံးကို ပြောချင်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ညီအစ်ကိုတွေ ဖြစ်ပါတယ်၊ ဒီလိုမျိုး လူမျိုးကြီးဝါဒဆိုတာ ကျွန်တော်တို့ တိုင်းရင်းသားတွေကြားမှာ လုံးဝမရှိပါဘူး။ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေကနေပြီး တိုင်းရင်းသားလူမျိုးတွေ ကြားမှာ သွေးခွဲအုပ် ချုပ်နေတာကြောင့် ဒီလို အထင်အမြင်မှားယွင်းမှုတွေ ဖြစ်နေတာလို့ ထင်ပါ တယ်။ အာဏာရှင်တွေရဲ့လှည့်ကွက်ထဲကို ဝင်ပြီးတော့ ဒီလိုသွေးထိုးလှုံ့ဆော်တဲ့ စကားတွေကို မယုံကြည်ဖို့ပြောချင်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေကြားမှာ ဘယ်လိုလူမျိုးကြီး ဝါဒမျိုးမှ မရှိပါဘူး" ဟု ၎င်းက ဒီဇင်ဘာ (၁)ရက်နေ့ ကချင်ဒေသငြိမ်းချမ်းရေး ဆန္ဒထုတ်ဖော် တောင်းဆိုပွဲတွင်မြန်မာ့ခေတ်၏ မေးမြန်းချက်ကို ပြန် လည် ဖြေကြားသည်။

မြန်မာနိုင်ငံတွင်း နေထိုင်သူ တိုင်းရင်းသားလူမျိုးများအနေဖြင့် လူမျိုးတစ်မျိုး ကို နေရာမပေးချင်သည့်စိတ် လုံးဝမရှိကြောင်း၊ နှစ်ဖက် စစ်ခေါင်းဆောင်များ၏ အကျိုးစီးပွားများကြောင့် စစ်ပွဲတာရှည်နေတာ ဖြစ်ကြောင်း၊ ပြည်သူများ
ကို အကြောင်းပြ၍ ၎င်းတို့အကျိုးစီးပွားများအတွက် တိုက်ခိုက်နေခြင်းဟု ထင်ကြောင်း ၎င်းကဆိုသည်။

ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်မှ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ ကိုဝေဠုက ဗမာဆိုသည်မှာလည်း မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသား တစ်မျိုး သာ ဖြစ်ပြီး၊ နိုင်ငံသား အချင်းချင်းဟူသည့် အခြေအနေတစ်ခုကို ပီပီပြင်ပြင်ရပ်တည်နိုင်သောအခါတွင် လူမျိုးစွဲ၊ ဘာသာစွဲများ လျှော့နည်း ပြီး နိုင်ငံတည်ဆောက်ရေးတွင် ပူးပေါင်းလုပ်ဆောင်နိုင်လိမ့်မည်ဟု ထင်မြင် မိကြောင်း ပြောကြားသည်။

" လိုချင်တာတွေထက်၊လိုအပ်ချက်တွေကို ဦးစားပေးပြီး နှစ်ဖက်စစ်ခေါင်းဆောင်တွေ ညိုနိုင်းဆွေးနွေးလာကြမယ်ဆိုရင် ငြိမ်းချမ်းတဲ့ နယ်မြေ တစ်ခုပြန်ဖြစ်လာမယ်။ ဒေသခံတိုင်းရင်းသားတွေရဲ့ ဘဝကိုရှေးရူပြီးတော့ ဆုံးဖြတ်ချက်တွေချပြီး အမြန်ဆုံးအဖြေရှာ လိမ့်မယ်လို့ မျှော်လင့် ပါတယ် " ဟု ၎င်းက ဆိုသည်။

လင်းသစ်

ဓါတ်ပုံ-မော်ဒန်ဂျာနယ်
—မြန်မာ့ခေတ်

No comments:

Post a Comment