Wednesday 2 January 2013

ကျွန်တော် သဘောမတူပါ ခင်ဗျား

Sunday, 30 December 2012 14:24
ha-30-12-11

ဒီမိုကရေစီဟာ အယူအဆတွေ ယုံကြည်ချက်တွေကို အမြဲဖွင့်ပေးထားတယ်။ အထူးသဖြင့် သဘောကွဲကြတာတွေ မတူကြတာတွေကို ဖွင့်ပေးထားတယ်။ ကားလ်ပေါ့ပ်ပါး
(Karl Popper နဲ့ ‘Encouner’ မဂ္ဂဇင်း၊ မေလ ၁၉၇၂ အင်တာဗျူး စာ ၁၃-၁၈)
လူတိုင်းမှာ လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် ထိုထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၉
ကျွန်တော်တို့မှာ အခွင့်အရေးတွေရှိတယ်။ အဲဒီအခွင့်အရေးတွေဟာ လက်ရှိအစိုးရနဲ့ အမှီအခိုကင်းတယ်၊ အစိုးရက သိမ်းယူလို့လည်း မရဘူး။ အဲဒီအခွင့်အရေးတွေဟာ ဒီမိုကရေစီရဲ့ အုတ်မြစ်တွေ ဖြစ်တယ်။ ဘာတွေလဲဆိုတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ စူးစမ်းခွင့်၊ လွတ်လပ်စွာ အသင်းအပင်းဖွဲ့ခွင့်၊ လွတ်လပ်စွာ အချင်းချင်း ဆက်သွယ်ခွင့် ---။
ဒေးဗစ်ဘီသမ်
‘ဒီမိုကရေစီ’
(David Beetham, ‘Democracy’, One world, Oxford,2005, စာ ၁၂-၁၃)

၁။First Weekly သတင်း ဂျာနယ် (Vol2,No 58,14 ဒီဇင်ဘာ ၂၀၁၂) စာမျက်နှာ (၁၂) မှာ First သတင်းအဖွဲ့က တင်ပြထားတဲ့ သတင်းတစ်ပုဒ် ပါလာပါတယ်။ သတင်းခေါင်းစဉ်က ယနေ့အချိန်သည် ခေတ်ပြောင်းတော်လှန်ရေးကာလ တိုင်းပြည်ကို ညီညွတ်စွာ ပြန်လည်ထူထောင်ရမယ့် အချိန်၊ မလိုအပ်ဘဲ လက်သီးလက်မောင်း တန်းရမည့်ကာလ မဟုတ်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များနဲ့ လွတ်လပ်အဖွဲ့အစည်းများ သုံးသပ်ပြောကြား . . .ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ အဲဒီလိုသုံးသပ်ပြောကြားတဲ့ ပုဂ္ဂိုလ်တွေက . . .။
၁။ ဦးသုဝေ
(ဒီမိုကရက်တစ်ပါတီ၊ ဥက္ကဋ္ဌ)
၂။ ဦးဇော်သက်ထွေး
(မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ---)
၃။ ဦးမျိုးညွန့်
(ဒီ/ငြိမ်းပါတီ အတွင်းရေးမှူး)
၎။ ဦးအောင်ဇင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
၅။ ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ha-30-12-10
ဒီပုဂ္ဂိုလ်ငါးယောက်လုံးရဲ့ အယူအဆ မှတ်ချက်တွေကို ကျွန်တော်သဘောမတူပါ။ သဘောမတူတာကို မတူဘူးလို့ ပြောပိုင်ခွင့် (ဒီမိုကရေစီအခွင့်အရေး) ကျွန်တော့်မှာ ရှိပါတယ်။ မတူတာကို မတူဘူးလို့ ပြောတာပါပဲ။ ဒါကိုကားလ်ပေါ့ပ်ပါး Popper ကတော့ dissenting ideas လို့ သုံးပါတယ်။ ကျွန်တော်ဟာ နိုင်ငံရေးသမား မဟုတ်ပါဘူး။ လက်ရှိ ဒီနေ့အထိ ဘယ်ပါတီမှ ၀င်မထားပါဘူး။ ဘယ်ပါတီဝင်မှ မဟုတ်ပါဘူး။ ကျွန်တော်ဟာ စာပေဝေဖန်ရေးဆရာ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ နိုင်ငံရေးသမား (ဂျာနယ်သတင်းထဲမှာ နိုင်ငံရေးပါတီ ခေါင်းဆောင်များ)နဲ့ အယူအဆမတူ သဘောကွဲလွဲတဲ့အတွက် နိုင်ငံသားတစ်ယောက်၊ လူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်း community မှာ ပါဝင်တဲ့ နိုင်ငံသား citizen တစ်ယောက်ရဲ့ ဒီမိုကရေစီ အခွင့်အရေးကိုသုံးပြီး ဒီဆောင်းပါးကို ရေးပါတယ်။ ကျွန်တော်သဘောမတူပါ။ သူတို့ပြောစကားတွေ ပါဝင်တဲ့ သတင်းဆောင်းပါးကို အထက်မှာ ကျွန်တော်ညွှန်းပြီး ဖြစ်ပါတယ်။ တိုက်ဆိုင်ကြည့်နိုင်ပါတယ်။ သူတို့ငါးဦးပြောတာတွေကို သဘောအချုပ် ကောက်နုတ်တင်ပြပါမယ်။ ကောက်နုတ်ချက်တွေပဲ တင်ပြတော့မပြည့်စုံဘူး။ စကားကျန်တယ်လို့ ပြောလာနိုင်ပါတယ်။ ဒါကြောင့် မူလဆောင်းပါးကို တိုက်ဆိုင်ကြည့်ပါလို့ ကျွန်တော်ပြောခဲ့တာ ဖြစ်ပါတယ်။
၂။ သူတို့ ငါးဦးလုံးတစ်သံတည်း ထွက်တာကတော့ ခေါင်းစဉ်မှာပါတဲ့အတိုင်း . . . တိုင်းပြည်ကို ညီညွတ်စွာ ပြန်လည်ထူထောင်ရမယ့် အချိန်မှာ မလိုအပ်ဘဲ လက်သီးလက်မောင်းတန်း ဆန္ဒမပြသင့်ဘူး . . ဆိုတာပါပဲ။ ဦးသုဝေက . . . (ပြောင်းလဲတည်ဆောက်ရေး လုပ်ငန်းစဉ်ကြီး လျင်လျင်မြန်မြန် လည်ပတ်နိုင်အောင် ၀ိုင်းကူကြရမှာဖြစ်ပြီး ဟိုစဉ်ကလို ထစ်ခနဲရှိ မလိုအပ်ဘဲ လက်သီးလက်မောင်းတန်းရမယ့် ကာလမဟုတ်တော့ကြောင်း) ပြောပါတယ်။ ကိုဇော်သက်ထွေးက . . .(. . .ဒီမိုကရေစီမင်းသားတွေရဲ့ ဆင်ခြင်မဲ့၊ တန်ဖိုးမဲ့ပြနေတဲ့ ဆန္ဒပြပွဲတွေ . . .) လို့ သုံးနှုန်းပါတယ်။ ဆက်ပြီးတော့ (ဒီနေ့ကာလဟာ လက်သီးလက်မောင်းတန်းရမယ့် ကာလမဟုတ်တော့ဘူး။ တည်ဆောက်ရေးကာလ ဖြစ်တယ်) လို့ ပြောပါတယ်။ ဦးမျိုးညွန့် (ဒီ/ငြိမ်း ပါတီအထွေထွေ အတွင်းရေးမှူး)က ---(အခုဆိုရင်နိုင်ငံရေးကို လူကြီးလူကောင်းတွေလို လုပ်နိုင်ပြီ၊ တော်ကြာဖမ်းဟဲ့၊ တော်ကြာဆီးဟဲ့ မရှိတော့ဘူး။ . . . လက်သီးလက်မောင်းတန်း ဆန္ဒပြတာထက် တိုင်းပြည်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို ပညာဥာဏ်နဲ့ လုပ်ရမယ့်အချိန် ဖြစ်တယ်) လို့ ပြောခဲ့ပါတယ်။ (မှတ်ချက်၊ နိုင်ငံရေးကို လူကြီးလူကောင်းလို လုပ်နိုင်ပြီဆိုတာ ဘာကိုပြောတာလဲ။ ဘယ်တုန်းက ဘယ်သူတွေဟာ သမိုင်းမှာ နိုင်ငံရေးကို ကြမ်းပိုးသူခိုးလို လုပ်ခဲ့ကြသလဲ။) ဦးအောင်ဇင် (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်။) က (. . . ဟိုခေတ်ကလို လက်သီးလက်မောင်းတန်းပြီး လုပ်ရတာမျိုးတော့ ကျွန်တော့်အနေနဲ့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်) လို့ ပြောခဲ့ပါတယ်။ ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) က . . (ကျွန်တော်တို့ ဒီမိုကရေစီအသွင် ကူးပြောင်းတဲ့ကာလမှာ အဲဒါတွေက အန္တရာယ်အလားအလာကို ဖိတ်ခေါ်နေတယ်လို့ ကျွန်တော်ပြောပါရစေ) လို့ ပြောခဲ့ပါတယ်။

လူထု အမှန်တကယ် နစ်နာဆုံးရှုံးတာတွေ အဆင်မပြေတာတွေကို ထုတ်ဖော်တင်ပြတဲ့ ဆန္ဒပြပွဲတွေကို ဘယ်လိုအကြောင်းပြချက်နဲ့မှ တားဆီးပိတ်ပင်လို့ မရဘူး။ ဆိုင်းငံ့ထားဖို့ မသင့်ဘူး။
၃။ ဒီနိုင်ငံရေး ခေါင်းဆောင်ကြီး ငါးဦးလုံးတစ်သံတည်း ထွက်ပါတယ်။ သူတို့ဟာ ဒီလို ‘လက်သီး လက်မောင်းတန်း’ ဆန္ဒပြတာတွေကို အချိန်ကာလနဲ့ ဆုံးဖြတ်တယ်။ ကျွန်တော့်သဘောကတော့ အခြေအနေနဲ့ ဆုံးဖြတ်ရမယ်။ လက်သီးလက်မောင်းတန်းရမယ့် အခြေအနေကို တွက်ဆရမယ်။ တိုင်းပြည်ပြန်လည်ထူထောင်ရမယ့် ကာလမှာ ‘ဘ၀ပျက်ရမယ့် အခြေအနေ’ တွေ ရှိလာရင် ဘာလုပ်မလဲ။ ပုဂ္ဂိုလ်ကြီးတစ်ယောက်က (ထစ်ခနဲရှိ မလိုအပ် ဘဲလက်သီးလက်မောင်းတန်း) ဆိုတဲ့ စကားကို သုံးတယ်။ နောက်ပုဂ္ဂိုလ် တစ်ယောက်ကတော့ (ဒီမိုကရေစီ မင်းသားတွေ ဆင်ခြင်မဲ့တန်ဖိုးမဲ့ ပြနေတဲ့ ဆန္ဒပြပွဲတွေ) ဆိုတဲ့ စကားကို သုံးတယ်။ ဒီလိုစကားတွေ သုံးသင့်မသုံးသင့် စဉ်းစားကြည့်ကြပါ။ ထစ်ခနဲရှိ မလိုအပ်ဘဲ ဆန္ဒပြနေတာ ဘယ်ဆန္ဒပြပွဲကို ပြောတာပါလဲ။ မဆင်မခြင် တန်ဖိုးမရှိတဲ့ ‘ဆင်ခြင်မဲ့ တန်ဖိုးမဲ့ ဆန္ဒပြပွဲ’ ဆိုတာ ဘယ်ဆန္ဒပြပွဲကို ပြောတာပါလဲ။ ပုဂ္ဂိုလ်ကြီးတစ်ယောက်ကလည်း (နိုင်ငံရေးကို လူကြီးလူကောင်းတွေလို လုပ်နိုင်ပြီ) ဆိုတဲ့ စကားကိုသုံးတယ်။ ဘာကိုဆိုလိုပါသလဲ။ အခုလို လက်သီးလက်မောင်းတန်း ဆန္ဒပြတာဟာ လူကြီးလူကောင်း မဆန်ဘူးလို့များ ဆိုလိုတာလား။ ကျွန်တော်စဉ်းစားမိတာ ပြောတာပါ။
ha-30-12-12
၎။ ဒီလိုတော့ တစ်ဖက်ကပြောဖို့ ရှိပါတယ်။ ဆန္ဒပြခွင့်ဥပဒေဆိုတာ ရှိတယ်၊ ဥပဒေအတိုင်း ဆန္ဒပြသင့်တယ်။ မဟုတ်ရင် အန္တရာယ်ရှိနိုင်တယ်။ ဒီသဘောကို လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသွားတယ်၊ သူ့စိုးရိမ်စိတ်ကို နားလည်နိုင်ပါတယ်။ ကျေးဇူးတင်ဖို့လည်း ကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုလည်းရှိတယ်။ . . . ၂၀၁၂ ခုနှစ်၊ ဇွန်လက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် ဆန္ဒထုတ်ဖော်ခွင့်ပြုကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် သက်ဆိုင်ရာသို့ တရားဝင်ဆန္ဒပြရန် တောင်းဆိုခဲ့သည်မှာ ၁၁ ကြိမ်မြောက် ရှိခဲ့ပြီး အကြိမ်တိုင်း ငြင်းပယ်ခံခဲ့ရသည်။ (သတင်း Source ရဲညီ ‘လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဘာ့အတွက် ဆန္ဒပြရတယ်’ Newsday သတင်းဂျာနယ်။ ၁၉ ဒီဇင်ဘာလ ၂၀၁၂ အချပ်ပို C) ခွင့်ပြုမိန့်ကို ဥပဒေနဲ့အညီ တရားဝင် တောင်းခံတယ်။ ၁၁ ကြိမ်တိတိ၊ ခွင့်ပြုမိန့် မပေးဘူး။ အဲဒါဆိုရင် ဘာလုပ်မလဲ။ လွှတ်တော်ကိုယ်စားလှယ်ကြီးမှာ အဖြေရှိကောင်း ရှိပါလိမ့်မယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးက ဒီလိုပြောတယ်။ . . . ‘ကနေ့ စိန်ခေါ်နေတဲ့ မျက်မှောက်ခေတ်မှာ စိန်ခေါ်နေတဲ့ စိန်ခေါ်ချက်များ’. . ဘာပြောတာလဲ။ ဆန္ဒပြပွဲတွေကို ပြောတာမဟုတ်လား။ စိန်ခေါ်ချက်တွေ ပတ်လည်ရိုက်နေမယ့်အစား ဆန္ဒပြပွဲလို့တည့် (ဒဲ့) ပြောလိုက်ရင် ရပါတယ်။ ရွာကလူတွေက သေစာရှင်စာလောက်သာ တတ်ကြတာဆိုတာလည်း သတိပြုစေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရွာကလူတွေအတွက် အခုလိုစိုးရိမ်မကင်းဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့်ကို ကျေးဇူးတော့ တင်ရမှာပါ။
၅။ ကျွန်တော့်စကားစဉ်ကို ပြန်ချုပ်ပါ့မယ်။ ကျွန်တော့်သဘော အယူအဆကို ဒီလိုတင်ပြခဲ့ပါမယ်။
၁။ ဒီနေ့ဆန္ဒပြပွဲတွေဟာ မလိုအပ်ဘဲ ဆူချင်ပူချင်လို့ ဆန္ဒပြနေကြတာ မဟုတ်ဘူး။
၂။ ဒီမိုကရေစီကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ ၀ိုင်းဝန်းဆောင်ရွက် ကြရမယ်ဆိုတာကို ထောက်ခံတယ်။
၃။ ပြန်လည်တည်ဆောက်ရေးကိစ္စ အ၀၀ကို ဆောင်ရွက်တာက သပ်သပ်၊ အဲသလို ဆောင်ရွက်နေချိန်မှာ ကြုံတွေ့ရမယ့် လူထုဘ၀အရေး ကိစ္စတွေ၊ အဆင်မပြေတာတွေ၊ နစ်နာဆုံးရှုံးတာတွေက သပ်သပ်ဖြစ်တယ်။
၎။ တိုင်းပြည် ပြန်လည်တည်ဆောက်ရမယ့် အချိန်ဖြစ်လို့ လူထုရဲ့ နစ်နာဆုံးရှုံးမှုတွေ၊ အဆင်မပြေတာတွေ၊ ဘ၀အရေးကိစ္စတွေကို မထုတ်ဖော်ရ မတင်ပြရဘူးဆိုတာ မှားတယ်။
၅။ လူထုအမှန်တကယ် နစ်နာဆုံးရှုံးတာတွေ အဆင်မပြေတာတွေကို ထုတ်ဖော်တင်ပြတဲ့ ဆန္ဒပြပွဲတွေကို ဘယ်လိုအကြောင်းပြချက်နဲ့မှ တားဆီးပိတ်ပင်လို့ မရဘူး။ ဆိုင်းငံ့ထားဖို့ မသင့်ဘူး။
၆။ ဦးသုဝေ၊ ဦးဇော်သက်ထွေး၊ ဦးမျိုးညွန့်၊ ဦးအောင်ဇင်၊ ဦးသိန်းညွန့်တို့ ပြောတာတွေကို ကျွန်တော်သဘောမတူပါ။
၆။ မိမိအယူအဆကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်သည်ဆိုတဲ့ အခြေခံဒီမိုကရေစီ သဘောတရားအရ ကျွန်တော့်အယူအဆကို တင်ပြလိုက်ပါတယ်။ ကျွန်တော်သဘောမတူတာကို မတူဘူးလို့ ပြောခဲ့ပါတယ်။ ကျွန်တော် သဘောမတူတာကို သဘောမတူတဲ့ ပုဂ္ဂိုလ်များ ဆွေးနွေးတင်ပြကြရင် ကောင်းမယ်ထင်ပါတယ်။ ဒီမိုကရေစီဆိုတာ ဒါပဲမဟုတ်ပါလား။
စာကြွင်း။ ဒီဆောင်းပါးရေးပြီး First အုပ်စုက မန်နေဂျာ ကိုကောင်းမြတ်ကျော်ကို မပေးရသေးခင်မှာပဲ First  ဂျာနယ်နဲ့ First Music ဂျာနယ် နှစ်စောင်လုံးမှာ သတင်းတစ်ခု ဖတ်လိုက်ရတယ်။ ကျွန်တော်တို့ငယ်စဉ်က စွဲလမ်းခဲ့ရတဲ့ အဆိုတော်ကြီး လားရှိုးသိန်းအောင် မြန်မာနိုင်ငံကို ခေတ္တပြန်လာတယ်၊ မြန်မာပြည်ကို ပြန်ရောက်ရောက်ချင်း ခဏခဏ ဆန္ဒပြနေကြတာတွေဟာ အနာဂတ်အတွက် မကောင်းဘူး။ ရေရှည်မှာ တိုင်းပြည်ကို ထူထောင်နိုင်မှာ မဟုတ်ဘူးလို့ ပြောတယ်။ ကျွန်တော်မေတ္တာအကြောင်းခံပြီး တောင်းပန်ချင်တာက . . . ဒီကိုပြန်လာတုန်း သီချင်းတွေကိုဆိုပြီး ပရိသတ်ရဲ့ မေတ္တာနဲ့ သြဘာလက်ခုပ်သံကို ခံယူပြီးတော့ ပြန်ပါ။ ဒီကအခြေအနေတွေ မသိဘဲနဲ့ ၀င်မပြောပါနဲ့လို့ . . . တောင်းပန်လိုက်ပါတယ် ခင်ဗျား။
 eleven media group

No comments:

Post a Comment