Wednesday 14 November 2012

ဆီးရီးယားဘက်မှ မော်တာကျည် ကျရောက်ပေါက်ကွဲပြီးနောက် အစ္စရေး တုံ့ပြန်ပစ်ခတ်



Posted on Nov 13 12 - 07:36 AM

အစ္စရေးစစ်တပ်သည် ဂိုလန်ကုန်းပြင်မြင့်သို့ ဆီးရီးယားဘက်မှ ပစ်လွှတ်သော မော်တာကျည် ကျရောက် ပေါက်ကွဲပြီးနောက် တုံ့ပြန် ပစ်ခတ်မှုများ ပြုလုပ်ခ
ဲ့ကြောင်း သိရသည်။ တနင်္လာနေ့ ကတည်းက အစ္စရေးတပ်များသည် ဆီးရီးယား နယ်နိမိတ်ဘက်သို့ တုံ့ပြန် ပစ်ခတ်မှုများ စတင်ခဲ့ကြောင်း သတင်းများက ဆိုသည်။ ဆီးရီးယား မော်တာကျည်ဆန်များသည် ဂိုလန်ဒေသသို့ ကျရောက် ပေါက်ကွဲခဲ့သလို ကျည်တစ်လုံးသည် အစ္စရေးစစ်တပ် အခြေစိုက်ရာ နေရာအပြင်ဘက်ကိုပင် ထိမှန်ခဲ့သည်။ ဂိုလန်ကုန်းပြင်မြင့် အလယ်ပိုင်းသို့ ကျရောက်ခဲ့သော မော်တာကျည်ဆန်ကြောင့် မိမိတို့ စစ်စခန်းတွင် ထိခိုက်သေဆုံးသူ မရှိကြောင်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။



"လိုအပ်တဲ့ တုံ့ပြန်မှုအတိုင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က စစ်သားတွေဟာ တင့်ကားကနေ ပြန်ပစ်ခဲ့ပါတယ်။ ပစ်မှတ် ဦးတည်ရာကတော့ မော်တာကျည်ဆန် စပြီး ပစ်လွှတ်ခဲ့တဲ့ နေရာကိုပါ။ ပြီးတော့ ဆီးရီးယား စစ်တပ်ရဲ့ ရွေ့လျား လက်နက်ကြီး ယာဉ်တစ်စင်းကို တိုက်ရိုက် ထိမှန်ကြောင်း အတည်ပြုချက် ရရှိခဲ့ပါတယ်"ဟု အစ္စရေးစစ်ဘက်မှ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ တယ်လ်အာဇီကာ စစ်စခန်းအနီးသို့ ဆီးရီးယားဘက်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်ဆန်များ ကျရောက်နေသည်မှာ ရက်ပိုင်းမျှ ရှိနေပြီဖြစ်သည်။



အစ္စရေးသည် (၁၉၇၃)ခုနှစ်နောက်ပိုင်း ဆီးရီးယား စစ်ဘက် ယာဉ်တစ်စင်းကို တိုက်ရိုက် ပစ်ခတ်မှုသည် ယခုတစ်ကြိမ် ပထမဆုံး ဖြစ်သည်။ အတည်မပြုနိုင်သော သတင်းများက အစ္စရေးသည် တာမက်ဇ် အမျိုးအစား ဒုံးကျည် တစ်စင်းတည်းဖြင့် ဆီးရီးယား လက်နက်ကြီး အမြောက်ယာဉ်ကို ဖျက်ဆီးခဲ့ကြောင်း ဖော်ပြခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းသည် ယခုကိစ္စအတွက် နှစ်ဖက်စစ်တပ်များအား အပစ်အခတ် ကင်းမဲ့ဇုန် သတ်မှတ်ချက်ကို ဆက်လက်လေးစားရန် တောင်းဆို တိုက်တွန်းဖွယ် ရှိနေကြောင်း သိရှိရသည်။

Source: Xinhua
Planet Myanmar Network

No comments:

Post a Comment