Friday, 9 November 2012

ဖေ့ဘုတ်နှင့် မိုးလုံမှိုင်း

မြန်မာနိုင်ငံမှာ အင်တာနက် လူမှု ကွန်ရက်ဖြစ်တဲ့ ဖေ့စ်ဘုတ်ဟာ လူသုံးများ၊ အချိန်နဲ့ တပြေးညီ သတင်းအချက်အလက်၊ ဖြစ်ရပ်တွေ၊ သဘောထားတွေ၊ အမြင်တွေကို ဆင်ဆာမဲ့ တင်လို့ ရတဲ့ တခုတည်းသော နေရာဖြစ်လာတာဟာ အကောင်းဖက်ကလည်း အလွန်တန်ဘိုးရှိစေမှာဖြစ်သလို တချို့ကလည်း ဒီအချက်တွေကို အသုံးချပြီး အမုန်းတရား မီးစထိုး လှုံ့ဆော်မှုတွေ၊ မှိုင်းတိုက်မှုတွေ လုပ်လာတာကို ရခိုင်ပဋိပက္ခက မီးမောင်းထိုးပြလိုက်တာလည်းဖြစ်ပါတယ်။

ဖေ့စ်ဘုတ်ကို

မြန်မာစာနဲ့ သုံးတဲ့ သူတွေထဲမှာ တချို့ကို သူတို့ရဲ့ အဆင့်အတန်းကို အဲဒီ ဖေ့စ်ဘုတ် အကောင့်က တဆင့် ခန့်မှန်းနိုင်ပါတယ်။ ယဉ်ကျေးသိမ်မွေ့စွာ တင်ပြတဲ့ သူတွေ ရှိသလို ရိုင်းစိုင်းစွာ တင်ပြသူတွေလည်း တွေ့ရပါတယ်။

ဒါက သူတို့ရဲ့ စိတ်နေအဆင့်အတန်းတွေကို ဖေ့စ်ဘုတ်တွေက လှစ်ပြနေတာလို့ပဲ ပြောရမလိုပါ

မကြာသေးခင်က သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေးနဲ့ ဧရာဝတီဖြစ်စဉ်ကို သေချာ လေ့လာခွဲခြမ်းစိပ်ဖြာကြည့်ခဲ့ပါတယ်။ သတင်းဌာနတခုကို နာမည်တပ်ရည်ရွယ်ပြီး သူ့ သဘေားထားကို ရေးလိုက်တာဟာ မရိုးသားတဲ့ ခြေတလှမ်းအဖြစ် စမြင်လိုက်တာပါ။ သေချာတာက သူ့နောက်မှာ တဦးဦး မရှိပဲနဲ့ သူလည်း ဒီလို မ ရေးဝံ့ဘူးထင်ပါတယ်။ ဒီတော့ သူပြောတဲ့ သမ္မတရုံး ညွှန်ကြားရေးမှူး မဟုတ်ပဲ ပုဂ္ဂိလကအနေ နဲ့ ရေးတာဆိုတော့ ပိုပြီး သံသယဖြစ်မိရတယ်။ သူတို့ဟာ စစ်တပ်မှာ ကြီး စစ်တပ်မှာ နေလာခဲ့သူတွေဖြစ်တဲ့ အားလျှော်စွာ စစ်တပ်အကျင့်က မပျောက်သေးပါဘူး။ အမိန့် တစုံတရာ မရဘဲနဲ့တော့ သတင်းဌာန တခုကို ခြိမ်းခြောက်တဲ့ သတင်းစကားတွေကို သူ့ဖေ့စ်ဘုတ်ပေါ် တင်မှာ မဟုတ်ပါဘူး။ ဒါဟာ ဧရာဝတီက မြန်မာအစိုးရရဲ့ အားနည်းတာကို ရေးသားထောက်ပြတဲ့ အယ်ဒီတာအာဘော်ကို မြန်မာ အစိုးရမင်းများ သဘောတော် မကျဘူးဆိုတာ ငြင်းလို့ မရနိုင်ပါ။ ဒါကြောင့်ပဲ ဖေ့စ်ဘုတ် အမည် မှူးဇော် ဆိုတဲ့ သမ္မတရုံး ညွှန်ကြားရေးမှူးက ရေးသားခြိမ်းခြောက်လိုက်တာပါ။

သမ္မတရုံး ညွှန်မှူးတဦးက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို လှုံ့ဆော်ရေးသား တင်ပြခဲ့တာတွေ ရှိခဲ့တာကို အတိုင်းသား မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ ကိုယ့်ကိုယ်ကို တာဝန် မယူရဲသူ တဦးအဖြစ် သူတင်ခဲ့တဲ့ အမုန်းတရား မီးမွှေးပေးတဲ့ သတင်းစကားတွေကို ပြန်ပြန်ဖြုတ်သွားခဲ့တာလည်း သတိထားခဲ့မိပါတယ်။

ဒါမျိုးတွေဟာ သူတယောက်ထဲတော့ မဟုတ်ပါဘူး ။ စစ်တပ်မှာ၊ အစိုးရအဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေသူတွေဟာ အနည်းဆုံး ဖေ့စ်ဘုတ် အကောင့်နာမည်အမျိုးမျိုးနဲ့ သူတို့ လိုချင်တဲ့ ပုံစံတခုကို ပုံသွင်းဖို့ ဖေ့စ်ဘုတ်ကို အသုံးချလာတာကို လေ့လာစောင့်ကြည့်သူ တဦးအနေနဲ့ သတိပြုမိတာ ကြာပါပြီ။

ဒီလိုကိစ္စတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အရှေ့တောင်အာရှစာနယ်ဇင်းမဟာမိတ်အဖွဲ့ (SEAPA) ဆိုတဲ့ သတင်းစာ ဆရာများ အဖွဲ့က သမ္မတ ဦးသိန်းစိန်ကို အိတ်ဖွင့်ပေးစာ ပို့ရတဲ့အထိပါဘဲ။
အိတ်ဖွင့်ပေးစာကို ဖတ်လိုက်မှ ပိုသိသာတာက မြန်မာပြည်တွင်း မီဒီယာသမား တချို့ကလည်း အလားတူး သဘောထားမျိုးနဲ့ ပဋိပက္ခကို သွေးထိုးလှုံ့ဆော် ရေးသားခဲ့တာတွေကို ပိုသတိရမိပါတယ်။





နိုဝင်ဘာ ၈၊ ၂၀၁၂ ခုနှစ်

ဦးသိန်းစိန်
ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတ
နေပြည်တော်၊ မြန်မာနိုင်ငံ

သမ္မတကြီးခင်ဗျား
အရှေ့တောင်အာရှစာနယ်ဇင်းမဟာမိတ်အဖွဲ့ (SEAPA) သည် ရခိုင်ပြည်နယ်အတွင်း လူများစု ရခိုင်တိုင်းရင်းသားနှင့် လူနည်းစု ရိုဟင်ဂျာများအကြား နောက်ထပ်တဖန် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများအပေါ် အထူး စိုးရိမ်မကင်းဖြစ်ရသောကြောင့် ယခုကဲ့သို့ စာရေးသားတင်ပြရခြင်းဖြစ်သည်။ အထူးသဖြင့် တချို့ မီဒီယာအဖွဲ့အစည်းများနှင့် မြန်မာအစိုးရ ထိပ်တန်းအရာရှိများထံမှ လူမျိုးစွဲဝါဒ၊ ကျဉ်းမြောင်းသောအမျိုးသားရေးဝါဒ နှင့် သွေးထိုးလှုံ့ဆော်မှုများ ထွက်ပေါ်လာနေခြင်းအပေါ် အလွန်အမင်း စိုးရိမ်မိပါသည်။

အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အိမ်နီးချင်း တိုင်းပြည်များသို့ ရိုဟင်ဂျာများ နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြရသည့် လက်ငင်း ပြဿနာများအပြင် ဒေသတွင်းရှိ ကျန်တိုင်းပြည်များတွင်လည်း အလားတူ တင်းမာမှုများဖြစ်နေပြီး သမ္မတကြီး ဦးဆောင်သော အစိုးရ၏ ယင်းပြဿနာအား ကိုင်တွယ်ပုံကို စိတ်ဝင်တစား လေ့လာ စောင့်ကြည့်နေသည်။ ထို့အပြင် ဒေသတွင်း မီဒီယာလွတ်လပ်ခွင့် စည်းရုံး တိုက်တွန်းရေး ဒေသဆိုင်ရာကွန်ရက်တခုဖြစ်သော SEAPA သည် မြန်မာနိုင်ငံအတွင်း မီဒီယာလွတ်လပ်ခွင့်အတွက် ပိုမို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခွင့် ရလာချိန်နှင့် တပြိုင်တည်း အဆိုပါဖြစ်ထွန်းမှုများကို အနီးကပ် စောင့်ကြည့်လေ့လာနေသည်။ ၎င်းအကြမ်းဖက်မှုများသည် မြန်မာနိုင်ငံ မီဒီယာလောကအတွက် ကြီးမားသော စိန်ခေါ်ချက် ဖြစ်နေသည်။ တင်/ထုတ် ဆင်ဆာတည်းဖြတ်ခြင်းများ ပယ်ဖျက်ပေးခြင်း အပါအ၀င် ယခင်ကလောက် အကန့်အသတ်များ မရှိတော့သည့် မြန်မာ့မီဒီယာများသည် ၎င်းအခြေအနေနှင့် ဆက်နွယ်သော အတိမ်းအစောင်း မခံသည့် သတင်းအချက်အလက်များကို ဂရုတစိုက် ကိုင်တွယ်ရမည်။

ပဋိပက္ခအတွက် တာရှည်ခံ အဖြေတခု ရှာသည့်နေရာတွင် ယခု စိတ်မချမ်းမြေ့ဖွယ် သတင်း အကြောင်းအရာများကို ဖြေရှင်းခြင်းသည် တခြား ပဋိပက္ခ စီမံခန့်ခွဲမှု အားထုတ်မှုများ နည်းတူ အရေးကြီးကြောင်း လွန်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်က တဖန်ပြန်ဖြစ်ခဲ့သည့် အကြမ်းဖက်မှုများက ညွှန်ပြနေသည်။

၎င်းအကြောင်းအရာနှင့်စပ်လျဉ်း၍ တချို့ဂျာနယ်များတွင် သတင်းအချက်အလက်အမှားများ ဖေါ်ပြခွင့်ရနေခြင်း၊ ခွဲခြားဆက်ဆံသော၊ ကျဉ်းမြောင်းသော အမြင်များဖေါ်ပြနေခြင်းကို မိမိတို့ လေ့လာတွေ့ရှိရသည်။

ထိုအမြင်များသည် ဒေသတွင်းနှင့် ဒေသခံ ပြည်သူများအကြား တင်းမာမှု နှင့် မတည်ငြိမ်မှုကိုသာ အရှည်တည်တန့်စေနိုင်သည်။ ထိုထက်အန္တရာယ်ပိုဆိုးသည်မှာ တချို့ အစိုးရ၀န်ထမ်းများသည် မီဒီယာမှ တဆင့်သော်လည်းကောင်း၊ လူမှုမီဒီယာများမှသော်လည်းကောင်း အလွတ်သဘော ဆန်ဆန်ဖြင့် ဘက်တဖက်တည်းကို မျက်နှာလိုက်သော အမြင်များ ထုတ်ဖော်ပြသနေခြင်း ဖြစ်သည်။

ထိုပြောဆိုမှုများအား အစိုးရ၏ ရပ်တည်ချက်အဖြစ် ပြောင်းလဲယူသွားမည်ကို မိမိတို့ အထူးစိုးရိမ်သည်။ ရလဒ်အဖြစ် မတူညီသောအမြင်များကို မီဒီယာများတွင် သော်လည်းကောင်း၊ ပြင်ပတွင်သော်လည်းကောင်း ထုတ်ဖော်ပြောဆိုသူများအတွက် အန္တရာယ်ရှိနိုင်သကဲ့သို့၊ ၎င်းကိစ္စနှင့်ပတ်သက်၍ လူထုအကြား ပြောဆိုဆွေးနွေးမှုများတွင်လည်း အကြောက်တရားများ လွှမ်းမိုးစေသည်။

တဖက်သတ် ထင်မြင်ချက်များအား အကြမ်းဖက်မှု (သို့မဟုတ်) ရန်လို တိုက်ခိုက်မှုများဖြစ်အောင် တိုက်ရိုက် သွေးထိုးလှုံ့ဆော်မှုအဖြစ် လတ်တလော မသတ်မှတ်နိုင်သော်လည်း ၎င်းတို့သည် သဘောထားကွဲမှုများ၊ ပဋိပက္ခအား ပို၍ နက်ရှိုင်းစေသည့် လူထုအကြား နားလည်မှုအလွဲများ၊ မုန်းတီးမှုများ၊ ခွဲခြား ဆက်ဆံမှုများ ဖြစ်စေနိုင်သည်။

ထိုသို့အခြေအနေများဖြစ်နေသော်လည်း မိမိတို့က မီဒီယာလုပ်ငန်းများကို ထိပါးစေသော၊ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို အကန့်အသတ်ဖြစ်စေသော တားမြစ်မှုများ ပြုလုပ်ရန် တိုက်တွန်းနေခြင်း မဟုတ်သည်ကို ရှင်းရှင်းလင်းလင်း သိစေလိုပါသည်။ ယခုပဋိပက္ခကို ဖြေရှင်းရာတွင် လွတ်လပ်သော သတင်းမီဒီယာသည်သာ ထဲထဲဝင်ဝင် ပံ့ပိုး ကူညီပေးနိုင်သည်ဟု မိမိတို့ အခိုင်အမာ ယုံကြည်သည်။

ထို့ကြောင့် မီဒီယာများ၊ မီဒီယာနှင့် ဆက်စပ်နေသော အစိုးရ၀န်ထမ်းများသည် ပဋိပက္ခတွင် ပါဝင်သူအားလုံး၏ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ခိုင်မာသော၊ တာရှည်ခံသော အဖြေထုတ်ချက်မျိုးကို ဦးတည်စေသည့် ရှင်းလင်းသော၊ အရေးကြီးသော၊ ခိုင်မာသော အမြင်ဖလှယ်မှုများကို အားပေးရမည်။
သို့ပါသောကြောင့် သမ္မတကြီးအား..

လူမျိုးစွဲဝါဒနှင့် သွေးထိုးလှုံ့ဆော်ပေးနေသော အစိုးရအမှုထမ်းများနှင့် မီဒီယာများကို ပြင်းပြင်းထန်ထန် ရှုတ်ချရန်
အကြောင်းအရာများကို အတတ်နိုင်ဆုံး လွတ်လပ်စွာ၊ ဓမ္မဓိဌာန်ကျစွာ၊ တိကျစွာ၊ မျှတစွာ တင်ပြနိုင်သော မီဒီယာဝန်းကျင်တခုဖြစ်လာစေရေး အားပေးရန်
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခအကြောင်း သတင်းယူနေသော စာနယ်ဇင်းသမားများ လွတ်လပ်စွာ သွားလာ သတင်းယူနိုင်ရေးအတွက် လုံခြုံမှုနှင့် ကာကွယ်ပေးမှုများ ရှိစေရန်

စသည်တို့ကို ဆောင်ရွက်ပေးပါရန် တောင်းဆိုပါသည်။

မြန်မာနိုင်ငံအတွင်း မီဒီယာလွတ်လပ်ခွင့်များ ပိုအားကောင်းလာစေရေးအတွက် တင်ပြသော မိမိတို့၏ စိုးရိမ်ချက်များ၊ အကြံပြုချက်များကို အချိန်ယူ ထည့်သွင်း စဉ်းစားပေးသည့်အတွက် သမ္မတကြီးအား ကျေးဇူး တင်အပ်ပါသည်။
တည်ကြည်စွာဖြင့်

Gayathry Venkiteswaran (Ms.)
SEAPA အမှုဆောင်ဒါရိုက်တာ

မိတ္တူကို….
ဦးအောင်ကြည်၊ ပြန်ကြားရေးဝန်ကြီး
မြန်မာနိုင်ငံသတင်းစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များ
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
 
သတင်း  အိမ့်သံစဉ်  9.11..2012

No comments:

Post a Comment