Saturday, 11 August 2012
ဟန်ပြ ရုပ်သေးအစိုးရအဖွဲ့ (or) မင်းသားခေါင်းစွပ် ဘီလူး - အပိုင်း (၂)
The Power of Fraternity - စည်းလုံးခြင်းရဲ့ အင်အား
ဟန်ပြ ရုပ်သေးအစိုးရအဖွဲ့ (or) မင်းသားခေါင်းစွပ် ဘီလူး - အပိုင်း (၂)
ယခုဆောင်းပါးအား www.photayokeking.org မှ ကူးယူဖော်ပြပါသည်။
မူရင်းသတင်းအား http://www.photayokeking.org/policylaw/policy/407-not-real-event-for-the-public တွင်သွားရောက်ဖတ်ရ
ှုနိုင်ပါသည်။
အပိုင်း (၂) ကို http://www.facebook.com/photo.php?fbid=466155906742446&set=a.461791470512223.111442.196599900364716&type=1&theater တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။
ဦးသိန်းစိန်သည် အမိန့်နာခံသည်။ အထက်ကို သဘောကျအောင် ပေါင်းသင်းနိုင်သည်။ ရုံးလုပ်ငန်းကို ကျွမ်းကျင်ပါသည်။ သူသည် ဖိုက်တာမဟုတ်။ ဦးသိန်းစိန်မှာ ဂလိုက်ဒါ တစ်ဦးဖြစ်သည်။ လာဘ်မြင်သည်။ လူကြီးကြိုက် နေတတ် သွားတတ် စားတတ်သည်။ ၎င်း၏ရှေ့ရေးကို ကြိုတင် သိမြင်သူပီပီ နာမည်ကို ထိန်းသိမ်း နေထိုင်တတ်သည်။ ရုံးလုပ်ငန်း ( Stuff Duty ) ပိုင်းတွင် တော်သော်လည်း တပ်မတော်အတွင်း ခေတ်ပြိုင်များအကြား လူတော်တစ်ဦး ဟူ၍လည်း မပြောနိုင်ပေ။ တိုက်ခိုက်ရေးသမားကောင်း တစ်ဦးတော့ မဟုတ်။
ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ရုံးချုပ်လို ရွေမြို့တော်ကြီးပေါ်တွင် စခန်းမှူးရုံး၊ စခန်းမှူးကြီးအဖြစ် နေထိုင်လာသူဖြစ်ရာ လူကြီးတိုင်းနှင့် ပတ်သက်ရင်းနှီးခွင်၊့ လုပ်ကိုင်ပေးနိုင်ခွင့်၊ ကိုယ်ရည်ကိုယ်သွေး ပြသခွင့် အခွင့်အလမ်းများတော့ ရရှိခဲ့သည်။ ဦးသိန်းစိန်သည် စစ်ဦးစီးဗိုလ်မှူးကြီး (စစ်ဆင်ရေး) ဗိုလ်မှူးကြီး ရာထူးဖြင့် ရှိနေစဉ် အတောအတွင်း စခန်းမှူးဖြစ်သူ ဗိုလ်မှူးကြီးဘဆန်း ပြဿနာတက်၍ ဖယ်ရှားခံရပြီး သူ့အား ပူးတွဲတာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ တဖန် စစ်ဦးစီး ဗိုလ်မှူးချုပ် (စစ်ဆင်ရေး) ရာထူး တိုးမြှင့်ပေးလိုက်ချိန်တွင် တပ်မမှူး စကခ (၄) ရာထူးနှင့် ချိတ်ပြီး အခွင့်အရေး ယူနိုင်ခဲ့ပါသည်။
သူသည် ရုံးကိစ္စ အရေးကြီးတာဝန် အကြောင်းပြကာ စနေ၊ တနင်္ဂနွေ နှစ်ရက်သာ မှော်ဘီရှိ တပ်မဌာနချုပ်သို့ နေ့ခြင်းပြန်သွားပြီး သြဝါဒပေးကာ ဝါးစေမြိုစေ လုပ်ခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် သူသည် ရာထူးအဆင့်ဆင့် တက်လှမ်းရာတွင် မြေပြင်မဖြတ်ဘဲ မပင်မပန်း ရရှိခဲ့သည်။ ၂၀၀၁ ခှုနှစ်က တိုင်းမှူးဘဝဖြင့် နယ်စပ်ရှိ အက်စ်အက်စ်အေ စခန်းကုန်းများကို တိုက်ရာတွင် မမျှော်လင့်ဘဲ ထိုင်းတပ်များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲပါ ဆက်လက်ဖြစ်ပွားခဲ့ရာ သူ၏ စွမ်းရည်ကို ထင်ပေါ်အောင် မပြနိုင်ခဲ့ပေ။ အောက်ခြေ တပ်မှူးငယ်များ ကောင်းသဖြင့် မိမိစခန်းကိုတော့ ထိန်းနိုင်ခဲ့သည်။ တိုက်ပွဲအစီအမံ လိုအပ်ချက်များကို ကောင်းစွာ ဆောင်ရွက်နိုင်စွမ်း မရှိခဲ့သဖြင့် ရည်မှန်းချက် မပြည့်ခဲ့ပေ။
ထိုစဉ်က ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးမှ စိတ်တိုင်းကျခြင်း မရှိသဖြင့် အရာရှိ၊စစ်သည်များ စွမ်းရည်မပြည့်မှီ ဟူ၍ပင် မှတ်ချက်ပြုခဲ့သည်။ သို့သော် ဗိုလ်သန်းရွှေတပည့် ပီသစွာဖြင့် မကြာမှီ စစ်ရေးချုပ်အဖြစ် တာဝန်ထမ်းဆောင်နိုင်ခဲ့ရာမှ ဝန်ကြီးချုပ်၊ သမ္မတ အဖြစ်သို့ပါ ရောက်ရှိလာခဲ့၏။ စစ်ရေးချုပ် အဖြစ်တွင်လည်း ကလေးစစ်သား ပပျောက်ရေး ကော်မတီဥက္ကဌကြီး ဖြစ်ပေရာ ကလေးစစ်သားများ စုဆောင်းရေးကို စာရွက်ပေါ်တွင် တားမြစ်သော်လည်း လက်တွေ့တွင် လျစ်လျူရှုခဲ့သူ ဖြစ်သည်။
၎င်းဝန်ကြီးချုပ် ဘဝတွင် လူသိန်းချီ၍ သေဆုံးထိခိုက် ပျက်ဆီးရသော သဘာဝ ဘေးအန္တရာယ် နာဂစ်မုန်တိုင်းကြီး ဧရာဝတီတိုင်း၌ ကျရောက်ခဲ့ပါသည်။ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးကော်မတီ ဥက္ကဌလည်းဖြစ်၊ ဝန်ကြီးချုပ်လည်း ဖြစ်သူ ဗိုလ်သိန်းစိန်သည် ထိုမုန်တိုင်း ကျရောက်ခဲ့ရာ နေရာသို့ တာဝန်ရှိသူတို့ ထုံးစံအတိုင်း သွားရောက်စစ်ဆေးခဲ့ရာ “ထိပ်ပြောင်ပြောင်၊ ရှူးဖိနပ်ပြောင်ပြောင်၊ စကားပြောင်ပြောင်” ပြောင်သုံးပြောင်နှင့် “အခုတော့ ဘာမှ ပါမလာသေးဘူး၊ အခုသိသွားပြီ။ အိုးခွက် ပန်းကန်ကအစ လိုတယ်။ ပြန်သွားရင် တင်ပြပေးမယ်” ဟု မှာကြားသွားလေရာ ကြားရသူအပေါင်း အံ့သြဘနန်း ဖြစ်ခဲ့ကြရသည်။
ဝန်ကြီးချုပ်တစ်ဦး အနေဖြင့် ရဲရဲတင်းတင်း ပြတ်သားစွာ ဆုံးဖြတ်နိုင်သူ လုပ်ဆောင်ပေးနိုင်သူ မဟုတ်ကြောင်း တွေ့ရှိခဲ့ရပါသည်။ ဝန်ကြီးချုပ်တစ်ဦး အနေနှင့် ကြိုတင်မျှော်တွေးပြီး ပြင်ဆင်သွားသင့်ပါသည်။ အားငယ်ချောက်ချားနေသော မုန်တိုင်းသင့် ပြည်သူများအား အနည်းဆုံး အဝတ်အထည်၊ စောင်၊ မိုးကာတဲများ၊ အစားအသောက်များ၊ နွေးထွေးလုံခြုံစွာ ထားပေးနိုင်ရေးလောက်ကိုတော့ဖြင့် လုပ်ပိုင်ခွင့်အရ ချက်ခြင်း ဆောင်ရွက်ပေးသင့်ပါလျက် ဘာမှယူဆောင်သွားခြင်း၊ လုပ်ကိုင်ပေးခြင်း မပြုခဲ့ပါပေ။ နယ်မြေ အခြေအနေကိုလည်း နယ်မြေခံ နယ်ဘက်၊ စစ်ဘက်များမှ အချိန်နှင့်တပြေးညီ တင်ပြနေကြသဖြင့် သိနေပါလျက် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါချေ။ ၎င်း၏ လုံခြုံရေးနှင့် အခြားကိစ္စ အဝဝကိုတော့ ကောင်းစွာ ဆောင်ရွက်နိုင်ခဲ့သည်။
အကယ်၍များ ဤကဲ့သို့ အခြေအနေမျိုး၌ ဗိုလ်ခင်ညွှန့်သာဆိုလျင် တိုင်းသူပြည်သားများနှင့် ဆန့်ကျင်ဖက် အဖွဲ့အပေါင်းတို့ ကျလောက်အောင် ဆွဲဆောင်စည်းရုံး စွမ်းရည်ပြသွားနိုင်မည်မှာ အမှန်ဧကန်ပင် ဖြစ်လိမ့်မည်။ နာဂစ်မုန်တိုင်းနှင့် မရှေးမနှောင်း တရုတ်ပြည် ငလျင်ဘေး၌ တရုတ်ဝန်ကြီးချုပ်၏ ပြည်သူလူထုအပေါ် ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကူညီလုပ်ကိုင် ဆောင်ရွက်ချက်များသည် ကမ္ဘာ့မီဒီယာကြီးများမှာ ဘွားဘွားကြီး ပေါ်ထွက်လာခဲ့သဖြင့် နိုင်ငံတော်အကြီးအကဲ ဗိုလ်သန်းရွှေနှင့် တပည့်ကျော် ဝန်ကြီးချုပ်ကြီးတို့ များစွာအရှက်ရပြီး ဝန်ကြီးချုပ်အဆင့်ဖြင့် ဆန်အိတ် ဝင်ထမ်းပြရသည့် အပြုအမူမျိုးနှင့် ဒုက္ခသည်များ ကျွေးသည့်ဟင်းကို TV CAMERA ရှေ့တွင် ဟန်လုပ်ကာ မြည်းပြသည့် အပြုအမူမျိုး စသည့် အရှက်ပြေ ကလေးကလား အလုပ်များအား ကမန်းကတန်း လုပ်ပြခဲ့ကြရ၏။ ဗိုလ်သန်းရွှေထံ ခွင့်ပြုချက် မတောင်းရသေးလျှင် အီးတောင်မပေါက်ဘဲ အောင့်ထားလေမည့် ၀န်ကြီးချုပ်ပါပေ။
ဦးသိန်းစိန်သည် အာဏာရှင် ဗိုလ်သန်းရွှေ၏ မျက်နှာနှင့် ၎င်း၏ ရာထူးနေရာကိုသာ ကြည့်သူဖြစ်ပေရာ နောက်ပိုင်း မြန်မာပီပီ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး မုန်တိုင်းသင့် ပြည်သူများအား သွားရောက်ကူညီ ထောက်ပံ့အားပေးနေသူများကိုမူ တားမြစ်ခြင်း၊ ဖမ်းဆီးခြင်း၊ ထောင်ချခြင်းများ မတရား ပြုလုပ်ခဲ့သည်။ ၎င်းအပြင် မှတ်တမ်း ပြုရလောက်အောင် သမ္မတ တစ်ဦးတွင် ရှိသင့်ရှိထိုက်သော ဗဟုသုတ အကြားအမြင် ပြည့်စုံခြင်းလည်း မရှိပေ။ ဆရာဖြစ်သူ ဗိုလ်သန်းရွှေလည်း ဒုတိယ တပ်ချုပ်ဖြစ်စဉ် စာဖတ်ရမှာ အလွန်ပျင်းသဖြင့် တပ်ချုပ်ဖြစ်သူ ဗိုလ်ချုပ်စောမောင်က “ကိုသန်းရွှေ စာဖတ်ပျင်းတယ်” ဆိုပြီး ဆူပူကြိမ်းမောင်း ခံခဲ့ရဖူးသည်။
အာဏာရှင်များကို သဘောထား ပျော့ပြောင်းသူ၊ သဘောထား တင်းမာသူများအဖြစ် အချို့က ကိုယ့်ကိုသတ်မည့်ဓါးအား တွက်ချက် ကြည့်နေကြသေး၏။ မည်သည့်ဓါးရွေးရွေး အသေသတ်ခံရမှာပင် ဖြစ်သည်။ သည်လို တွက်ချက်ပြမှုများဖြင့် ယနေ့အခါ အများပြည်သူနှင့် တပ်မတော်သားများကို တွေဝေငေးမော မျှော်လင့်နေအောင် ဝိုင်းဝန်း ဘေးတီးပေးနေကြတာ တွေ့မြင်နေရ၏။ အမှန်တကယ်တော့ ဦးသိန်းစိန်၏ နဖူးပြင်ပမာ အဖြေမှာ ပြောင်ရှင်းနေပါသည်။ မြန်မာပြည်သားများအားလုံး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့် မရကြသေးပါ။
လူ၏စိတ်သဘောထားကို အပြင်ဘန်းနှင့် အကဲခတ်၍ မရနိုင်ပါ။ ကိုယ်နှင့် သင့်မြတ်တိုင်းလည်း အကဲဖြတ်၍ မရနိုင်ပါ။ လူသည် လိုဘပြည့်နေလျှင် ကိုယ်ကျိုးကို ထိပါးမလာသေးလျှင် အပြောချို သဘောကောင်း ပြတတ်သော်လည်း လောဘ၊ ဒေါသ ၊ မောဟနှင့် သတ္တဝါသာ ဖြစ်ပေသည်။ သို့ဖြစ်သောကြောင့် ဗိုလ်သိန်းစိန် ဝန်ကြီးချုပ်ဘဲလုပ်လုပ် သမ္မတဘဲလုပ်လုပ် ဗိုလ်သန်းရွှေ တပ်ချုပ်ဘဲလုပ်လုပ် နိုင်ငံတော်ဥသျှောင်ဘဲလုပ်လုပ် တိုင်းပြည်အတွက် တစုံတရာ ထူးလာနိုင်စရာ အကြောင်းမမြင်ပေ။ နိုင်ငံတော်ကြီးလည်း ဖွံ့ဖြိုးတိုးတက်လာမည် မဟုတ်ပေ။ တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည် ဖြစ်ပေရာ နိုင်ငံတော်ကြီးနှင့် ပြည်သူလူထု တိုးတက်ဖွံ့ဖြိုးလာခြင်း မရှိမှတော့ တပ်မတော်အနေနှင့်လည်း အပြင်ယံရွှေမှုန်ကြဲ အတွင်းနောက်ချေးခံ အဖြစ်က တက်နိုင်မည် မဟုတ်ပါ။
ပြည်သူလူထုနှင့် တပ်မတော်သားအပေါင်းတို့ ဆက်လက် ဆောင်ရွက်သင့်သည်မှာ လတ်တလော ဦးစားပေးအဖြစ် ပထမအချက် အာဏာရှင်စံနစ်၊ အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေးဖြစ်ပြီး ဒုတိယအချက်က ဒီမိုကရေစီ အစစ်အမှန် ရယူနိုင်ရေး ဖြစ်သည်။ ဘိုးဘိုးအောင်တပေါင်နှင့် ပေါ်လာမည်ဆိုပြီး နဂါးနီသီချင်းလေးနှင့် မျှော်မှန်းခြင်းထက် လက်တွေ့ကျကျ ပြည်သူလူထုနှင့် တပ်မတော် ကြည်း၊ရေ၊လေ အားလုံး ပူးပေါင်းဆောင်ရွက် ရပေလိမ့်မည်။ လူညီလျင် ဤကို ကျွဲဖတ်နိုင်ပါသည်။ ပြည်တင်းလျင် မင်းမခံနိုင် ဆိုသောစကားအတိုင်း လူ၏ညီညွတ်ခြင်း၊ စိတ်ဓါတ်၏ညီညွတ်ခြင်း ( Unity of men , Unity of mind ) များနှင့် ဗိုလ်သန်းရွှေ ဘယ်လိုဇာတ်ခင်းနေနေ လိုက်ပါငေးမော မနေတော့ဘဲ နည်းလမ်းအသွယ်သွယ်ဖြင့် တိုက်ပွဲဝင်ကြ ရပေတော့မည်။ ပြည်သူလူထု သည်လည်းကောင်း၊ တပ်မတော်သားအပေါင်းတို့ သည်လည်းကောင်း မိမိတို့ ရည်မှန်းချက် ပန်းတိုင်အရောက် အချိန်မနှောင်းသေးခင် ဆက်လက်ချီတက်ကြဖို့ အားသစ်လောင်းကြဖို့ တိုက်တွန်းလိုက်ရပါသည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment