Saturday, 11 August 2012
ဟန်ပြ ရုပ်သေးအစိုးရအဖွဲ့ (or) မင်းသားခေါင်းစွပ် ဘီလူး - အပိုင်း (၁)
The Power of Fraternity - စည်းလုံးခြင်းရဲ့ အင်အား
ဟန်ပြ ရုပ်သေးအစိုးရအဖွဲ့ (or) မင်းသားခေါင်းစွပ် ဘီလူး - အပိုင်း (၁)
ယခုဆောင်းပါးအား www.photayokeking.org မှ ကူးယူဖော်ပြပါသည်။
မူရင်းသတင်းအား http://www.photayokeking.org/policylaw/policy/396-vatuale-case တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။
ဆောင်ပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
ဗိုလ်သန်းရွှေ ဦးဆောင်သော စစ်အာဏရှင်တို့သည် မြန်မာပြည်တွင် အာဏာကို လက်မလွှတ်စတမ်း ချုပ်ကိုင်နိုင်ရန်နှင့် ကိုယ်ကျိုးစီးပွား ရှာရန်အတွက် အကြံအစည် ကြီးမားစွာဖြင့် လုပ်ဆောင်ရန် အစီအစဉ်ရှိနေကြောင်း စနစ်တကျ တင်ပြသွားရန် စီစဉ်ထားခဲ့ပါသည်။ သို့သော် ဖိုးတရုတ်ဝက်ဘ်ဆိုဒ်မှာ မမျှော်လင့်ပဲ ရန်သူမျိုးတစ်ပါး၏ ဖျက်ဆီးတိုက်ခိုက်မှုခံရကာ အချိန်အတော်ကြာ မူးဝေလျှက် ခေတ္တ အနားယူလိုက်ရလေရာ အချိန်အခါနှင့်လျှော်ညီစွာ တင်ပြနိုင်ခြင်းမရှိခဲ့ပေ။ အလျဉ်းသင့်ပါက အာဏာရှင်ဖြစ်ကြောင်း သက်သေပြမည့် ဆောင်းပါးများကို ရိုးသားကြိုးစား ဆင်းရဲပင်ပန်းစွာဖြင့် တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေသည့် တပ်မတော်သားများအားလုံး သတိမူ သိရှိနိုင်ရေးအတွက် တင်ပြသွားပါဦးမည်။
ယခုအခါတွင် အာဏာရှင်ကြီးတသိုက်သည် တပ်မတော်ကို ခုတုံးလုပ် အကာအကွယ် ယူထားသည့်အပြင် ပြည်သူလူထုနှင့် တပ်မတော်ကို ထပ်မံလှည့်စား၍ အာဏာကို ဆက်လက် ချုပ်ကိုင်ထားနိုင်ဖို့ စီမံနေပြန်ပုံကို တင်ပြသွားပါမည်။ နအဖကို ကိုယ်ယောင်ဖျောက်ကာ နောက်ကွယ်က ခိုင်မာစွာ ကြိုးကိုင်ထားနိုင်ရန် ရုပ်သေး ဟန်ပြအစိုးရတစ်ရပ် ဖွဲ့စည်းခဲ့လေသည်။ သို့သော် ၄င်းတို့ စိတ်ကြိုက် ရေးဆွဲထားသော အခြေခံဥပဒေအရ အစိုးရအဖွဲ့ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လည်ပင်းညှစ်နိုင်ပေရာ အာဏာရှင် ဗိုလ်သန်းရွှေက တပ်ချုပ်နေရာကို ဆက်လက် ချုပ်ကိုင်ထားနိုင်သလို နောက်ကွယ်က ကြိုးကိုင်နေမည်သာ ဖြစ်ပေသည်။ ဗိုလ်သန်းရွှေသည် အာဏာကို အမြဲထာဝရ ဖက်တွယ်ထားနိုင်ဖို့ ကြံစည်နေရာ ဤရာထူးနေရာကို မည်သည့်အခါမျှ လက်လွတ်ခံမည် မဟုတ်ချေ။ မဖြစ်မနေ ပေးခဲ့ရသည့်တိုင် ဤတပ်ချုပ်နေရာကို သူကိုယ်တိုင် နေမြဲအတိုင်း ကိုင်တွယ် အုပ်ချုပ် နေရသလို ဖြစ်နိုင်မည့် လူမျိုး (His master’s voice) ခွေးတံဆိပ် ဓါတ်ပြားရှင်ကိုသာ ခန့်ထားပေလိမ့်မည်။ (ရှေးဓါတ်ပြားများ ပေါ်ကာစခေတ်က ခွေးတံဆိပ်နှင့် နာမည်ကျော် ဓါတ်ပြား ရှိခဲ့ဖူး၏။ ဓါတ်ပြားကြော်ငြာမှာ His master's voice ဟူ၍ ဖြစ်သည်။ သူ့သခင် အသံအတိုင်း မူရင်းအတိုင်း အသံထွက်ပါသည်။ မူရင်းအရည်အသွေး ရရှိသည်ဆိုသော အဓိပ္ပါယ်ဖြစ်သည်။ ယင်းဓါတ်ပြားကို ခွေးတံဆိပ်ဓါတ်ပြားဟု လူအများက ခေါ်ဝေါ်ခဲ့ကြ၏။) ဤသည်မှာ တပ်မတော်ကြီးကို ချစ်လွန်းလှ၍ နိုင်ငံတော်ကြီးကို ချစ်လွန်းလှ၍ ပြည်သူလူထုကြီး အကျိုးကို ဆောင်ရွက်ချင်လွန်းလှ၍ မဟုတ်ကြောင်းတော့ ဒီနေ့ တပ်မတော်သားများကတော့ သိနားလည်နိုင်ကြ ပေလိမ့်မည်။
လူတိုင်း တပ်မတော်သားတိုင်းလိုလို သိရှိ နားလည်နေသော်လည်း နတ် “က” ရာ ငေးမောချင်သည့် အကျင့်ပါနေသူများကတော့ သိသိကြီးနှင့် ဗိုလ်သန်းရွေတီးလုံးကို ဆက် “က” ချင် နေကြသည်။ အင်တာဗျူးသမား အချို့ကလည်း ဇေကမ္ဘာ ဦးခင်ရွှေလို လူမျိုးကို ဗျူးပြပြီး ပြည်သူလူထုအား စည်းရုံးသယောင် ပြုလုပ်နေကြသည်။ ဇေကမ္ဘာသည် စီးပွားရေးသမား ဖြစ်သည်။ နအဖနှင့်ပေါင်းပြီး စီးပွားရှာလာရာ သစ္စာရှိ ငယ်ကျွန်သဖွယ် ဘယ်သူသေသေ ငတေမာရင် ပြီးရော လူစားမျိုးသာ ဖြစ်သည်။ သူသည် စီးပွားရေး လောဘဇောတက်ကာ ထိပ်တန်း အချမ်းသာဆုံး ကုန်သည်ကြီးများနှင့် အပြိုင်အဆိုင် လုပ်လာပြီး ရန်ကုန်မြို့ဝင်ဒါမီယာရှိ အစိုးရဝန်ကြီးများ နေထိုင်သော VIP မြေကွက်ကြီးကိုပင် လက်ညှိးထိုး တောင်းလာသဖြင့် ဝန်ကြီးအချို့က သူ့အား မျက်မုန်းကျိုးလာသည်။ အခြေအနေ မဟန်မှန်း သိလာ၍ သူ၏သမီးအား ဦးရွှေမန်း၏သားနှင့် ထိုးကြွေးပြီး နအဖထိပ်ပိုင်းနှင့် ဆွေမျိုးစပ်လိုက်ရသည်။ တဖန် ဦးရွှေမန်းနှင့် ခမီးခမက် တော်လာပြီးနောက် ဂျိုကြွလာကာ အမျိုးသား ညီလာခံတွင်ပင် ဖျော်ဖြေရေး စင်မြင့်ရှေ့မှ VIP ခုံတန်းမှာ ခပ်တည်တည် ရှေ့တက်ထိုင်သည့် လူစားမျိုးဖြစ်သည်။ သူ့အနေနှင့် စီးပွားရေးတွေးသာ တွေးမည်။
ဘယ်သောအခါမှ သူ့စီးပွားရေးကို ထိခိုက်ခံမည် မဟုတ်သလို သူ့ကိုယ်ကျိုး စီးပွားအတွက်သာ နိုင်ငံရေးထဲ ဝင်လာခဲ့ခြင်း ဖြစ်သည်။ မည်သည့်အခါကမှ ပြည်သူလူထုအကျိုး ဆောင်ရွက်ခဲ့ဖူးသူ မဟုတ်ပေ။ ဒီလိုလူမျိုးအပေါ် အင်တာဗျူးပြခြင်းဖြင့် ပြည်သူလူထုအတွက် ကောင်းသော အတွေးအမြင်၊ မှန်ကန်သောသတင်း၊ လူထုအတွက် အကျိုးရလဒ် ဖြစ်စေမည့် အချက်အလက်များ ထွက်ပေါ်လာနိုင်မည် မဟုတ်ချေ။ ဗိုလ်သိန်းစိန်နှင့် ပတ်သက်၍လည်း သူ့အကျိုး သူ့စီးပွါးကိုသာ မှီး၍ ပြောခဲ့ခြင်းဖြစ်၏။
ဗိုလ်သိန်းစိန်သည်လည်း နိုင်ငံတော် အကျိုးစီးပွားအတွက် ပေါ်ထွက်လာခြင်းကား မဟုတ်။ အာဏာရှင် ဗိုလ်သန်းရွှေ အကျိုးငှာ ပေါ်ထွက်လာခြင်းသာ ဖြစ်၏။ ဗိုလ်သိန်းစိန် သမ္မတ ဖြစ်လာ၍လည်း မြန်မာပြည်ကြီးနှင့် တပ်မတော်ကြီး ဖွံ့ဖြိုးတိုးတက်လာအောင် စွမ်းဆောင်နိုင်သည့် စွမ်းရည်ရှိသူ မဟုတ်သည်ကို တပ်မတော်သားများနှင့် စာရှုသူအပေါင်းကို သိစေချင်ပါသည်။
တပ်မတော်၌ တစ်ချိန်က တိုက်ခိုက်ရေး စွမ်းရည်ရှိသူများ ( Fighters ) ခေတ် ရှိခဲ့ဖူး၏။ စစ်တပ်အတွင်းရှိ ထုံးတမ်းစဉ်လာ ဆိုရိုးစကားအရ Fighters ဆိုလျှင် ပုခုံးပေါ်ရှိ အပွင့်ကို ညှစ်ကြည့်လိုက်ပါက ချွေး သွေးများ ကျလာရမည်။ ရုံးတွင် နှပ်နေသူများ၏ အပွင့်များကို ညှစ်ကြည့်ပါက “ပဲ” များ ကျလာရမည်ဟု ဆိုရိုးပြုကြသဖြင့် stuff ရုံးထိုင်သူများအား အချင်းချင်းက အထင်ကြီးမှု မရှိကြပေ။ ထို့ကြောင့် Fighter များကို အထင်ကြီး လေးစားကာ ဦးစားပေးခြင်းလည်း ခံခဲ့ကြရပါသည်။ တကယ်လည်း အရာရှိရော အခြားအဆင့်ပါ စိတ်ဓါတ်ရော စွမ်းရည်ပါ မြင့်မားခဲ့ ကြသည်။ တစ်ဦးနှင့်တစ်ဦး တကယ့် ညီအကိုရင်းထက် ချစ်ခင်လေးစားကြသည်။ အသက်ပေး ဆောင်ရွက်ရသူချင်းဖြစ်ပေရာ ရှေ့တန်းပျော်များဖြစ်၍ ကိုယ့်ဇနီးထက်ပင် ရဲဘော်အချင်းချင်း ပိုမို ချစ်ခင်ကြပေသည်။ တစ်နေရာတွင် တိုက်ပွဲသံကြားလျှင် အခြားနေရာမှ စစ်သည်အားလုံး စစ်ကူလိုက်ရန် တကြွကြွနှင့် အသင့်ရှိခဲ့ကြသည်။ စစ်ကူလိုက်လျှင်လည်း အပြေးတက်တတ်ကြသဖြင့် ကြားဖြတ် တိုက်ခိုက်ခံရမည် စိုးရိမ်သဖြင့် အရာရှိလုပ်သူက သတိပေးရသည်အထိ ဖြစ်၏။ ယုံတမ်းစကား မဟုတ်ပါချေ။
လွယ်ဆီး၊ လွယ်မီးတောင်စခန်းများ ဗကပနှင့် တိုက်ပွဲအကြီးအကျယ် ဆင်နွှဲရစဉ်က ထမင်းငတ်နေသော တပ်တစ်တပ်မှ တပ်ရင်းမှူးအတွက် ရန်သူ့စခန်းတွင်းမှ ထမင်းအိုးကို သွားခိုးယူပေးသော တပ်ကြပ်ကြီးများလည်း ရှိခဲ့ဖူးသည်။ ဗကပအင်အား များလွန်း၍ တပ်ပြန်ဆုတ်ရစဉ် ကျန်ရစ်ခဲ့သော အလွန်လေးလံလှသည့် ၇၅ မမ နောက်ပွင့်လက်နက်ကြီးကို တစ်ဦးတည်း သစ္စာရှိရှိ “မ” သယ်လာခဲ့ပေးသော တိုင်းရင်းသား တပ်မတော်သားကြီးများလည်း ရှိခဲ့ဖူး၏။ ယုံတမ်းစကားများ မဟုတ်ခဲ့ပါ။ ကလေးစစ်သား မရှိခဲ့သလို တပ်ပြေး မရှိသလောက် ရှားပါသည်။ တပ်ပြေးအဖြစ် ပြုလုပ်ရသည်ကို စစ်သည်များ အလွန်ရှက်ကြသည်။ တစ်ခါက တပ်မတော်သည် ဤသို့ဖြစ်ခဲ့ပါသည်။
နောက်ပိုင်းတွင် စစ်တိုက်ရေး ကိစ္စရပ်များ နည်းပါးလာသည့်အလျောက် တပ်တည်ဆောက်ရေး လုပ်ငန်းများ ခေတ်စားလာပြီး တိုက်ခိုက်ရေးသမား (Fighters) များလည်း မြောင်းထဲ ရောက်သွားတော့သည်။ မကြာမီကလေးကမှ ဗိုလ်ချုပ် သူရမြင့်အောင်ကို တပ်ချုပ်အဖြစ် လွှဲပြောင်းပေးဖို့ စီစဉ်ပြီး စာထွက်ရန်ပင် ပြင်ဆင်ထားသော်လည်း ကလေးဆိုးကြီးပမာ ပြန်ပေးပြန်ယူ ပြုလုပ်ခဲ့ပြန်၏။ သူရဘွဲ့ရ Fighter မြင့်အောင်အစား ဂလိုက်ဒါ သိန်းစိန်ကို နေရာပေးလိုက်ခြင်း ဖြစ်သည်။ ဂလိုက်ဒါ ( Gliders ) { light airplain without engine }များ ခေတ်ကောင်းလာသည်။ နေရာပေး ခံလာရသည်။ ရုံးလုပ်ငန်း မကျွမ်းကျင်သော အလိုက်သင့် ဖေါ်လိုမလိုက်တတ်သော ဖိုက်တာများ၊ တပ်တည်ဆောက်ရေးအတွက် သစ်ခုတ်ဝါးဆင့် ခေါ်မတတ်သော၊ တပ်မှူးကို ဝင်ငွေ မရှာပေးတတ်သော ဖိုက်တာများ နေရာပျောက်လာသည်။
မိမိတို့ငယ်စဉ်က အမြင်ကျယ်သော ဆရာတစ်ဦးက မင်းတို့ ဖိုက်တာချည်း လုပ်မနေကြနဲ့ဦး၊ ဂလိုက်ဒါ လုပ်တတ်အောင်လည်း လုပ်ကြဦး၊ ဂလိုက်ဒါဆိုတာ စက်မပါဘူးကွ၊ ဒါပေမယ့် လိုရာနေရာ မပင်မပန်းပဲနဲ့ ပေါ့ပေါ့ကလေး ပျံသန်းပြီး ဆင်းသက်နိုင်တယ်ဟု ပြောသည်။ သို့သော် ကောင်းစွာ သဘောမပေါက်ဘဲ ခေါင်းမာခဲ့ဖူး၏။ ယခု ဂလိုက်ဒါတို့ ဖြတ်ကျော် ခေတ်စားနေပေပြီ။ “စစ်သား၏ မှတ်ကျောက်သည် စစ်မြေပြင်က အဆုံးအဖြတ်ပေးမည်” ဆိုသည့် စာတမ်းလည်း ဗိုလ်သန်းရွှေနှင့်အတူ မရှိပြီ။ စစ်သားစိတ်ဓါတ်ထက် အရှက်အကြောက်မရှိ အာဏာရဖို့ ပြည်သူ့အသက်လည်း သတ်ရဲသည်။ သံဃာ့အသက်လည်း သတ်ရဲသည်။ အချင်းချင်းလည်း သတ်ရဲသည်။ ယနေ့ တပ်မတော်သားများအားလုံး သတိရှိကြပါကုန်။ အစဉ်အလာ သမိုင်းကြောင်း ကြီးမားသည့် မြန်မာ့တပ်မတော်အား လက်တစ်ဆုပ်စာ အာဏာရှင်များ လက်အောက်က ဆွဲထုတ်ကြပါစို့။
အပိုင်း (၂) ကို ဆက်လက် ဖေါ်ပြသွားပါမည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment