Sunday 3 November 2013

ဂုဏ်ယူစွာဖြင့် စက်ဘီးစီးနင်းမည့် Srako (စရကို)




မြန်မာနိုင်ငံအဝှမ်း တကိုယ်တော်စက်ဘီးစီးနင်း၍ ခုခံအားကျဆင်းမှု ဝေဒနာရှင်များ၏ နေထိုင်မှု အား မျှဝေဟောပြောခြင်းခရီးစဉ် မိတ်ဆက်ပွဲအခမ်းအနားအား ၂.၁၁.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)ရှိ သုခခန်းမဆောင်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မိတ်ဆက်ပွဲအခမ်းအနားတွင် ၂ဝဝ၅ ခုနှစ်မှ စတင်၍ HIV ရောဂါပိုးကူးစက်ခံခဲ့ရသော Srako (စရကို)မှ မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅) ခု၊ မြို့ပေါင်း (၂၅၅) မြို့သို့စက်ဘီးဖြင့် တကိုယ်တော်ခရီးစဉ်အား ခုခံ အားကျဆင်းမှုရောဂါနှင့် ပက်သက်၍ ကြုံတွေ့ခဲ့ရသည်များကို မိဘပြည်သူများသို့ ရှင်းလင်းပြောကြားခြင်း များ ပြုလုပ်ခဲ့ပြီး ခရီးစဉ်အား ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ စတင်ထွက်ခွာမည်ဖြစ်သည်။ သူ၏အတွေး၊ သူ၏အိမ်မက်များအား အကောင် အထည်ဖော် ဖြစ်မြောက်ရေးအတွက် Srako (စရကို)သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ စက်ဘီး ဝယ်ယူနိုင်ရန် အကူအညီတောင်းခံလာခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)သည် Srako (စရကို)၏ စိတ် ဓါတ်နှင့် လုပ်ဆောင်ချက်၊ ရည်ရွယ်ချက်၊ ဇွဲလုံလတို့အား လေးစားဂုဏ်ယူသောအားဖြင့် စက်ဘီးဝယ် ယူရန်အတွက် မိဘပြည်သူတို့လှူဒါန်းထားသော အလှူငွေများဖြင့် ကူညီဆောင်ရွက်ပေးခဲ့သည်။ ယနေ့ ၂.၁၁.၂ဝ၁၃ ရက်နေ့တွင် Srako (စရကို)မှ သတင်းမီဒီယာများမှတဆင့် မိဘပြည်သူသို့အား ခရီးစဉ်နှင့် ပက်သက်၍ အသိပေး မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ တိုက်ဆိုင်စွာပင် နိုဝင်ဘာလ (၂) ရက်နေ့သည် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ၏ (၅၄) နှစ်မြောက်မွေးနေ့ဖြစ်သည်။ ထို့ကြောင့် မင်္ဂလာ ရှိသော၊ အဓိပ္ပါယ်ရှိသော၊ အတိတ်နမိတ်ကောင်းများနှင့် ပြည့်စုံသော နေ့ရက်လေး ဖြစ်ပါတော့သည်။

အခမ်းအနားအား နေ့လည် (၁းဝဝ) နာရီအချိန်တွင် အစီအစဉ် (၈) ရပ်ဖြင့်ကျင်းပခဲ့သည်။ အခမ်း အနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်၊ Srako (စရကို)နှင့် ၄င်း၏ ဖခင်ဖြစ်သူ ဦးကက်နက်ထွန်းမောင်၊ MPG (Myanmar Positive Group) ဥက္ကဌ ဦးမျိုးသန့်အောင်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အသင်းသူ/သား များဖြင့် စုံညီစွာ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားမှူးအဖြစ် Miss Myanmar မနန်းခင်ဇေယျာမှ ကူညီ ဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနား မစတင်မီ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ နည်းပြဆရာ ဦးခင်မောင်လွင် (ပတ္တလား)၊ ဦးဇော်မျိုးအောင် (တယော)၊ တေးသံရှင် ဦးတင်အောင်ကျော်တို့မှ ဦးကျော် သူ၏ (၅၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုပေးခဲ့သည်။ အခမ်း အနားတွင် ဦးကျော်သူမှ Srako (စရကို)၏ ခရီးစဉ်နှင့်ပက်သက်၍ အသင်းမှ ကူညီပံ့ပိုးဖြစ်ပုံနှင့် ခရီးစဉ်မှ မိဘပြည်သူတို့အတွက်ရရှိလာမည့် အသိပညာများနှင့် အဆိုပါခရီးစဉ်အား နာရေးကူညီမှုအသင်း(ရန် ကုန်)မှ နယ်ဒေသများရှိ အသင်းအဖွဲ့များနှင့်ချိတ်ဆက်၍ ခရီးစဉ်အတွင်း လိုအပ်သည့်ပံ့ပိုးမှုများ ကူညီပေး နိုင်ရန် စီစဉ်မှုများအား ရှင်းလင်းပြောကြားခဲ့ရာတွင် “ကျွန်တော် နာရေးကူညီမှုအသင်း(ရန်ကုန်) ကိုလည်း မေတ္တာရပ်ခံထားတယ်။ ဘယ်လောက်ပဲ အခြေအနေဆိုးဆိုး၊ ရိုးရိုးဖျားတာဆိုရင် မခေါ်နဲ့၊ အက်ဆီးဒင့် ဖြစ်လို့ မေ့မျောနေတဲ့ အချိန်မှာဆိုရင်တောင် ရောက်တဲ့နေရာမှပဲ ရအောင်ကုပေးပါ။ ကျွန်တော် နောက်ပြန်မဆုတ်ချင်လို့ပါ။” ဟုပြောကြားခဲ့သည်။ ၂.၁၁.၂ဝ၁၃ ရက်နေ့ထုတ် (The Messenger) နေ့စဉ် ထုတ်သတင်းစာတွင်လည်း “ပတ်ဝန်းကျင်မှာ ခွဲခြားဆက်ဆံတာမကြုံခဲ့ရဘူး” ဟူသောခေါင်းစဉ်ဖြင့် အခန်း ဆက် အင်တာဗျူးဆောင်းပါးလည်း ပါဝင်လာခဲ့သည်။ အဆိုပါ ဆောင်းပါးထဲတွင် “လူတော်တော်များများ ရဲ့ စိတ်ထဲမှာ ရှိနေကြတာက HIV ရောဂါရှိတဲ့သူကို မိန်းမလိုက်စားလို့၊ မူးယစ်ဆေးသုံးစွဲတာကိုပဲ အာရုံ ထားနေကြတယ်။ ဝေဒနာရှင်ကိုယ်တိုင်ကလည်း လူတွေကို ဖွင့်မပြောရဲဘူး။ အဲဒီတော့ ဘာဖြစ်ကြသလဲ ဆိုတော့ မလိုလားအပ်ဘဲ ကျန်တဲ့သူတွေကိုပါ ကူးစက်သွားနိုင်တယ်” ဟု မိဘပြည်သူများ သတိချပ်စရာ၊ မှတ်သားစရာ စကားစုလေးပါလာခဲ့သည်။ ထို့နောက် Srako (စရကို)၏ဖခင် ဦးကက်နက်ထွန်းမောင်နှင့် MPG ဥက္ကဌ ဦးမျိုးသန့်အောင်၊ ဒေါက်တာရဲဖြိုးကျော်၊ ကိုမျိုး(မြန်မာစာ) တို့မှ အမှတ်တရစကားများ အသီးသီးပြောကြားပေးခဲ့ပြီးနောက် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်မှ နိဂုံးချုပ် ကျေးဇူးတင် စကားပြောကြားပေးရာတွင် “မိမိတို့အနေဖြင့် HIV ဝေဒနာခံစားနေရသော ဝေဒနာရှင်များနှင့် (၃) ကြိမ်ဆုံခဲ့ဖူးကြောင်း၊ ပထမတကြိမ်တွင် သုခရိပ်မြုံမှ ဝေဒနာရှင်ကလေးများ ထားရှိရန်အတွက် အိမ်ငှါး ရန် အခက်အခဲကြုံတွေ့စဉ် ကျွန်မသူငယ်ချင်းက သန်လျင်မှသူ့အိမ်ကို မေတ္တာဖြင့် အခမဲ့ ကူညီပေးခဲ့တဲ့ အတွက် သုခရိပ်မြုံဂေဟာကို ဖွင့်လှစ်နိုင်ခဲ့ပြီး ပထမဦးဆုံး HIV ဝေဒနာရှင် မိဘမဲ့ကလေးငယ် ညီအစ်ကို နှစ်ယောက်ကို ဦးကျော်သူ၏ကိုယ်ပိုင်ကားနဲ့ ပုလဲမြို့သစ်မှခေါ်ဆောင်၍ သန်လျင်နေအိမ် သုခရိပ်မြုံကို ပို့ဆောင်ပေးခဲ့ဖူးတယ်။ ဒုတိယအကြိမ်ကတော့အခုလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဖွင့်လှစ် တည်ထောင်ထားတဲ့ HIV ဝေဒနာသည်ဂေဟာကို အစိုးရမှ ဖျက်သိမ်းခိုင်းရာတွင် ဒေါ်အောင်ဆန်းစု ကြည်မှ အကူအညီတောင်းခံလာတဲ့အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေနဲ့ ဂီတအနုပညာရှင် များ၊ စာပေပညာရှင်များနှင့် လက်တွဲပြီး ကူညီဖေးမခဲ့ကြတဲ့အတွက် ဖျက်သိမ်းမခံခဲ့ရတော့ဘဲ ယခု Srako (စရကို)၏ ခရီးစဉ်အား တတိယအကြိမ်အဖြစ် ကူညီပေးခွင့်ရတာပါ” ဟု ပြောကြားခဲ့သည်။ အခမ်းအနား မပြီးဆုံးမီ တစ်ကိုယ်တော် စက်ဘီးစီးသမား ဦးအေးကြူ အသက် (၆၅) နှစ်သည်လည်း Srako (စရကို) အတွက် တက်ရောက်၍ အားပေးချီးမြှင့် ဂုဏ်ပြုခဲ့သည်။ အခမ်းအနားသို့ ကြွရောက်လာကြသော ဧည့် သည်တော်များအား ရေခဲမုန့်များအား ရွှေငါးမောင်မောင်မှ ဒါနပြုခဲ့ပြီး ကော်ဖီ၊ မုန့်တို့အား ဦးကျော်သူမှ မွေးနေ့အလှူအဖြစ် ဧည့်ခံကျွေးမွေးခဲ့ကြပြီး အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့တော့သည်။

Srako (စရကို)၏ ခရီးစဉ်သည် အောင်မြင်ချောမွေ့မှုများဖြင့် ခရီးစဉ်ပြီးဆုံးသည်အထိ အောင်မြင် နိုင်ရန်အတွက် အနယ်နယ်အရပ်ရပ်ရှိ မိဘပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များတို့မှ ဝိုင်းဝန်းကူညီ အားပေး စောင့်ရှောက်ကြပါရန် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တိုက်တွန်းနှိုးဆော်လိုက်ရပါတော့သည်။

(ကမ္ဘာပြည်သူ/သား၊ မြန်မာ့ပြည်သူ/သားများအားလုံး ရောဂါဘေးဆိုး ကပ်အမျိုးမျိုးတို့မှ ကျော်လွှားနိုင်ကြပါစေ)

ဦးကျော်သူ

ပြန်လည်မျှဝေပေးပါတယ်။
4 November 2013 at 00:10















No comments:

Post a Comment