Sunday 20 October 2013

နှလုံးသားတွင် အလင်းခသူများ


သက်ရှိလောကကြီးတွင် ရှင်သန်နေထိုင်ကြသော သတ္တဝါအားလုံးတို့တွင် အာရုံငါးပါးအား ခံစား တတ်သော မျက်စိ၊ နား၊ လျှာ၊ နှာခေါင်း ထိတွေ့မှုကို ခံစားနိုင်သော အာရုံခံစနစ်တို့ဖြင့် ဖွဲ့စည်းထားသည်။ သို့သော် ဘဝ၏ကုသိုလ်ကံ အကျိုးပေးကြောင့် ထိုအာရုံငါးပါးအား အပြည့်အဝ မခံစားနိုင်ကြသော သူများ သည်လည်း လောကကြီးတွင် ဒုနဲ့ဒေး။ ကိုယ်လက်အင်္ဂါချို့တဲ့သူ၊ အကြားအာရုံချို့ယွင်းသူ၊ စိတ်ပိုင်းဆိုင် ရာ မဖွံ့ဖြိုးသူနှင့် အမြင်အာရုံချို့တဲ့သူ အမျိုးမျိုးသောဘဝကံကြောင့် သဘာဝလောကကြီး၏ သဘာဝအလှ တရားတို့ကို ပြည့်စုံစွာ ခံစား ကြားမြင် သိရှိနိုင်စွမ်း မရှိသူများကို ခေတ်စကားအရ မသန်စွမ်းသူဟူ၍ ကင် ပွန်းတပ်ကြတော့သည်။ တကယ်ပင် မသန်ပေမယ့် စွမ်းနိုင်သူများဖြစ်ကြပါသည်။ ထိုမသန်သော်လည်း စွမ်းကြသူများတွင် စက္ခုနှစ်ကွင်း အလင်းမရသော်လည်း ပညာမျက်စိ၊ ဉာဏ်မျက်စိ၊ အကြားအာရုံတို့ဖြင့် လောကအလှကို တွေ့မြင်ခံစားနေကြသော ဘဝကိုအရှုံးမပေးဘဲ ရုန်းကန်လှုပ်ရှားနေကြသော အနာဂတ် စံပြပုဂ္ဂိုလ်များနှင့် ထပ်မံ၍ တွေ့ဆုံခဲ့ကြပါသည်။

၁၃.၁ဝ.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီအသင်း(ရန်ကုန်)သို့ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့မှ ဆရာတော် ဦးဉေယျ ဦးစီးတည်ထောင် ဖွင့်လှစ်ထားသော ပရဟိတမျက်မမြင် ဘက်စုံပညာသင် ကျောင်းမှ ဆရာ/မများ၊ ရဟန်း/ကိုရင်များ၊ ကျောင်းသား/သူများအဖွဲ့တို့သည် လေ့လာရေးအဖြစ် လာ ရောက်ခဲ့ကြသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင် မောင်၊ အလုပ်အမှုဆောင်များနှင့် အသင်းသား/သူများမှ နွေးထွေးပျူငှာစွာ ကြိုဆိုခဲ့ကြပြီးနောက် ဆရာ တော် ဦးဉေယျမှ ပညာသင်ကျောင်းနှင့် ပတ်သက်၍ ရှင်းလင်းမိန့်ကြားခြင်း၊ သြဝါဒစကားချီးမြှင့်ပြီးနောက် ကျောင်းသား/သူများ၊ ဆရာ/မများ အသီးသီးတို့မှ တစ်ဦးချင်း မိတ်ဆက်စကားဆိုခဲ့ကြသည်။ အတန်း ပညာတတ်မြောက်ပြီး ကျောင်းသားများတို့သည် လက်မှုပညာ၊ အနှိပ်ပညာ၊ ကွန်ပျူတာဘာသာရပ်တို့အား လေ့လာဆည်းပူး နေသူများဖြစ်ကြောင်း သိရှိရသည်။ ထို့နောက် ဦးကျော်သူမှ နှုတ်ခွန်းဆက်စကားအဖြစ် ပြောကြားခဲ့ရာတွင် မိမိအနေဖြင့် စက္ခုနှစ်ကွင်း အလင်းမရသူများအား အတော်များများ တွေ့ဆုံခဲ့ဖူး ကြောင်း၊ ၄င်းတို့အား မြင်တွေ့ခဲ့ရပြီးနောက် မိမိကိုယ်ကိုယ်ပင် ရှက်မိပါကြောင်း။ အမြင်အာရုံချို့တဲ့သူတို့ တွင် အံ့သြဖွယ်ကောင်းလောက်သည့် ကွန်ပျူတာပညာရှင်များ၊ Software ပညာရှင်များ၊ လက်မှုအတတ် ပညာရှင်များ ပါဝင်နေခြင်းကြောင့်ဖြစ်ပါသည်။ ကျွန်တော်မင်းသားဘဝတွင် ဘဘ ဦးသုခ ရိုက်ကူးသော အဖေနှင့်သား ရုပ်မြင်သံကြား ဇာတ်လမ်းရိုက်ကူးချိန်တွင် ဘဘ ဦးသုခသည် အမြင်အာရုံအားနည်းလျှက် ရှိသည်။ ကျွန်တော်နှင့် ဦးဇော်လင်း သရုပ်ဆောင်သည့် ဇာတ်ဝင်ခန်းတစ်ခု၌ ဘဘ ဦးသုခမှ “သား မောင် ကျော်သူ အဲ့ဒီနေရာမှာ မင်းအိုက်တင် နည်းနည်းလျော့နေတယ်” ဟု ပြောသည့်အခါ ကျွန်တော်အလွန် အံ့သြမိသည်။ အမြင်အာရုံအားနည်းသော ဘဘသည် အဘယ်ကြောင့် မိမိအိုက်တင် လျှော့နေခြင်းကို သိရပါသနည်းဟု ဘေးမှ ကင်မရာမန်းအား မေးကြည့်ရာ ဘဘတွင် အမြင်အာရုံအားနည်းသော်လည်း၊ အကြားအာရုံဖြင့် အသံအနိမ့်အမြင့် အတက်အကျအား အာရုံခံကာ ကျွန်တော်တို့၏ မျက်နှာအမူအရာနှင့် သရုပ်ဆောင်ချက်အား သိရှိခံစားနိုင်ကြောင်း တွေ့မြင်ခဲ့ရသည်။

ထို့နောက် ကျွန်တော်အမြင်အာရုံချို့တဲ့သူအဖြစ် သရုပ်ဆောင်ရိုက်ကူးခဲ့သော ဇာတ်ကားတစ် ကားအားရုံတင်၍ အထူးပွဲပြသချိန်တွင် ထူးထူးခြားခြား ကြည်မြင့်တိုင် ဘာသာပေါင်းစုံ မျက်မမြင်ကျောင်း မှ ကျောင်းသားများအား ဖိတ်ခေါ်၍ ရုပ်ရှင်ကြည့်ခိုင်းခဲ့ပြီးချိန်တွင် သတင်း၊ မီဒီယာများမှ ဇာတ်လမ်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ “မင်းသားကျော်သူက ဘယ်အခန်းမှာကောင်းတယ်၊ ဘယ်မင်းသမီးက ဘယ် အခန်းမှာ သနားစရာကောင်းတယ်” စသဖြင့် အံ့သြဖွယ်ရာ ဝေဖန်ခဲ့ကြသည်။ နောက်တစ်ကြိမ် ကြည်မြင့် တိုင် မျက်မမြင်ကျောင်းတွင် ကျွန်တော်ဟောပြောစဉ်က ကျွန်တော်စကားအနည်းငယ် ပြောပြီးနောက် အသင်း၏ လုပ်ဆောင်ချက်များအား ပရိုဂျက်တာဖြင့် ပြသရာ အားလုံးငြိမ်သက်စူးစိုက်၍ နားထောင်ကြပြီး ဝမ်းနည်းကြေကွဲရမည့်နေရာတွင် တကယ့်ကို စိတ်ထိခိုက်ကြေကွဲနေပြီး၊ ရယ်မောရမည့်နေရာတွင် လက် ခုတ်လက်ဝါးတီးကာ အားပေးရယ်မောနေသည်ကို တွေ့မြင်ခဲ့ရသည်။ ထိုအချိန်မှစ၍ အမြင်အာရုံချို့တဲ့ သော်လည်း အကြားအာရုံဖြင့် အရာရာကို ခံစားတတ်ပါလားဟူ၍ သူတို့ဘဝကို ကျွန်တော်နားလည်ခဲ့ သည်” ဟု ပြောကြားခဲ့သည်။ ထို့နောက် အသင်း၏ ဆောင်ရွက်ချက်များအား ပရိုဂျက်တာဖြင့် ပြသခဲ့ပြီး အမှတ်တရဓါတ်ပုံအား ပျော်ရွှင်စွာရိုက်ကူး နှုတ်ဆက်ရင်း ပြန်လည်ထွက်ခွာသွားကြသည်။

ပြန်သွားသော်လည်း သူတို့နဲ့ပတ်သက်သည့် အကြောင်းအရာများ၊ သူတို့၏အပြုံးများ၊ သူတို့၏ ရယ်မောသံများ၊ သူတို့၏ အံ့သြထိတ်လန့်သံများသည် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ထင်ရှားစွာဖြင့် ကျန်ရစ်နေခဲ့ပါတော့သည်။ သူတို့နှင့်ပတ်သက်၍ သြော် … စက္ခုနှစ်ကွင်း အလင်းမရသော်လည်း ဉာဏ် အလင်းထွန်းလင်းနိုင်ကြသူများပါတကား … ။ လက်မှုပညာအရာတွင် ကျွမ်းကျင်စွာ တက်မြောက်ကြသူ များပါတကား … ။ တွေးခေါ်မှုများတွင် ပြိုင်ဘက်ကင်းကြသူများပါတကား … ။ မျက်စိနှစ်ကွင်း အလင်းမရ သော်လည်း ဘဝကို အရှုံးမပေးကြသူများပါတကား … ဟုတွေးတောမိရင်း “နှလုံးသားတွင် အလင်းခ သူများ” ဟုသာ မှတ်ချက်ပြုမိပါတော့သည်။
မူရင်း   ဦးကျော်သူ 





No comments:

Post a Comment