Monday 21 October 2013

၁၀ လကျော်အတွင်း နယ်စပ်တစ်လျှောက်မှ ကျပ် ၆ ဒသမ ၇ ဘီလျံကျော် တန်ဖိုးရှိ တရားမ၀င် ကုန်စည်များ ဖမ်းမိ...



၁၀ လကျော် ကာလအတွင်း နယ်စပ်တစ်လျှောက်မှ ကျပ် ၆ ဒသမ ၇ ဘီလျံကျော် တန်ဖိုးရှိ စက်သုံးဆီ၊ အရက်၊ ဘီယာ၊ ကျောက်စိမ်းနှင့် ဖုန်းဟန်းဆက် စသည့်ကုန်စည်များ တရားမ၀င် ကုန်သွယ်နေမှုကို ဖမ်းမိခဲ့ကြောင်း စားသုံးသူ အကာအကွယ် ပေးရေးနှင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် တန်ဖိုးမှာ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာမှ ၂၀၁၃ ခုနှစ် စက်တင်ဘာလကုန်အထိ မူဆယ်-မန္တလေးလမ်းကြောင်း၊ မြ၀တီ-ရန်ကုန်လမ်းကြောင်း၊ မူဆယ်၊ တာချီလိတ်၊ တမူး၊ ကန်ပိုက်တီး၊ ရှမ်း၊ ပဲခူး၊ စစ်ကိုင်းစသည့် နေရာများရှိ ကုန်စည်စီးဆင်း နေမှုများအား စစ်ဆေးရာတွင် တရားမ၀င် ကုန်စည်များကို ဖမ်းမိခဲ့သည့် တန်ဖိုးများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် နယ်စပ်တစ်လျှောက်တွင် တရားဝင် ကုန်သွယ်မှုများ ပြုလုပ်နိုင်ရန် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်း ၁၅ ခုရှိပြီး မြန်မာ-တရုတ် နယ်စပ်တွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြန်မာ-ထိုင်း နယ်စပ်တွင် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မြန်မာ-အိန္ဒိယ နယ်စပ်တွင် တမူး၊ ရိဒ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စစ်တွေ၊ မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းများကို ဖွင့်လှစ်ထားကြောင်း သိရသည်။

နယ်စပ်များမှတစ်ဆင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် မြန်မာ-တရုတ် နယ်စပ်မှ ကုန်သွယ်မှု အများဆုံး ပြုလုပ်ပြီး ဒုတိယ အများဆုံးအဖြစ် မြန်မာ-ထိုင်း နယ်စပ်များမှ ကုန်သွယ်မှု ပြုလုပ်နေရာ အဆိုပါ နယ်စပ်များ၌ပင် တရားဝင်လိုင်စင်ဖြင့် ကုန်သွယ်မှုမရှိဘဲ ရှောင်ကွင်းလမ်းများဖြင့် တရားမ၀င် ကုန်သွယ်မှုမှာ မြင့်မားနေဆဲဖြစ်ပြီး မြန်မာ-ထိုင်း နယ်စပ်ရှိ မြ၀တီနယ်စပ် ကုန်သွယ်ရေးဇုန် တစ်ဝိုက်တွင် တရားမ၀င် ကုန်သွယ်မှုပြုနေသည့် ဂိတ်ပေါင်း ၂၂ ဂိတ်အထိ ရှိနေကြောင်း သိရသည်။

၁၀ လကျော် ကာလအတွင်း တရားမ၀င် ကုန်စည်များကို ဖမ်းမိခဲ့ရာတွင် မူဆယ်-မန္တလေး လမ်းကြောင်းမှ အများဆုံး ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ကျပ် ၃ ဒသမ ၃ ဘီလျံကျော်ဖိုးရှိ ကုန်စည်များ ကုန်သွယ်မှုကို ဖမ်းဆီးအရေးယူ နိုင်ခဲ့ကြောင်း သိရသည်။

ယခုအခါ နယ်စပ်ကုန်သွယ်ရေး တစ်လျှောက်အပြင် ပင်လယ်ရေကြောင်းမှ တရားမ၀င် ကုန်သွယ်မှုများကိုလည်း စစ်ဆေးအရေးယူ နေပြီဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment