Wednesday 10 July 2013

NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်၌ တွေ့ဆုံ



Wednesday, 10 July 2013 02:26

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ဇူလိုင် ၈ ရက် ညပိုင်းက နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် တွေ့ဆုံခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲသို့ တိုင်းရင်းသား ပါတီများအပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံ ဖြစ်သည့်အတွက် တိုင်းရင်းသားများအကြား နီးကပ်မှု နားလည်မှုရှိရန် လိုအပ်ကြောင်း၊ ဆွေးနွေးဖြေရှင်းသည့် နည်းလမ်းဖြင့် ပြဿနာဖြေရှင်းသည့် ယဉ်ကျေးမှုမျိုး ထူထောင်ရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့အပြင် တိုင်းရင်းသားများအကြား တန်းတူအခွင့်အရေးရှိရေး တန်းတူရည်တူရှိရန် လိုအပ်ကြောင်း၊ အချင်းချင်း နားလည်လေးစားမှုရှိရန် လိုကြောင်းနှင့် ယုံကြည်မှုရှိကြရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "ယုံကြည်ချက်ချင်းတူမှ တကယ်တွဲလုပ်လို့ ရတယ်။ ယုံကြည်ချက်ချင်းတူတာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါက စစ်မှန်တဲ့ သွေးစည်းညီညွတ်မှု တည်ဆောက်ရေးကိုလည်း အားပေးပါတယ်။ ယုံကြည်မှုကို အခြေခံပြီးတော့ အချင်းချင်း နားလည်လေးစားမှုယူပြီး ရှိတဲ့ပြဿနာတွေကို တစ်ယောက်နဲ့တစ်ယောက် ယုံယုံကြည်ကြည်နဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ ဖြေရှင်းနိုင်တဲ့ ယဉ်ကျေးမှုတစ်ခုကို အမြစ်တွယ်အောင် လုပ်ရမယ်။ လုပ်နိုင်တဲ့ အခွင့်အရေးဟာ ကျွန်မတို့ခေတ်မှာ ရပါပြီ။ ဒီလို တစ်ခေတ်မှာ တစ်ခါရတဲ့ အခွင့်အရေးကို လက်လွှတ်လိုက်ရင် ကျွန်မတို့ဟာ နိုင်ငံအပေါ်မှာ တာဝန်မကျေရာ ရောက်ပါလိမ့်မယ်။ အခွင့်အရေးဆိုတာ တစ်ခါတလေ နှစ်ခါပြန်မလာဘူး။ ရှိတုန်းမှာ ခိုင်ခိုင်မာမာ ကိုင်ထားရမယ်။ အဲလိုမလုပ်လို့ရှိရင် နောင်ပြန်ရမလား မရဘူးလား ဆိုတာကို ဘယ်သူမှ မခန့်မှန်းလို့ မရဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ယုံကြည်မှုကို အခြေခံပြီးတော့ အချင်းချင်း နားလည်လေးစားမှုယူပြီး ရှိတဲ့ပြဿနာတွေကို တစ်ယောက်နဲ့တစ်ယောက် ယုံယုံကြည်ကြည်နဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ ဖြေရှင်းနိုင်တဲ့ ယဉ်ကျေးမှုတစ်ခုကို အမြစ်တွယ်အောင် လုပ်ရမယ်။ လုပ်နိုင်တဲ့ အခွင့်အရေးဟာ ကျွန်မတို့ခေတ်မှာ ရပါပြီ . . . . .

ယခုကဲ့သို့ ညစာအတူ စားသုံးခြင်းသည် တစ်ဦးနှင့်တစ်ဦး နားလည်မှု ယူရန်အတွက် ခြေလှမ်းတစ်ရပ် ဖြစ်သည်ဟု ပြောကြားသည်။

ညစာစားပွဲသို့ တက်ရောက်လာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က "တိုင်းရင်းသားလူမျိုးစုများ အခွင့်အရေး ကာကွယ်ရေး ဥပဒေမူကြမ်းကို ကျွန်တော်ရေးဆွဲနေပါတယ်။ တိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအားလုံး ရရှိခံစားနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်သွားပါမယ်။ ဒါဟာ ကျွန်တော်တို့ တိုင်းရင်းသား အားလုံးရဲ့ အကျိုးစီးပွား ဖြစ်ပါတယ်။ ဒါဟာလည်း ဒီနေ့လွှတ်တော်က နေပြီးတော့ ရရှိလာတဲ့ တိုင်းရင်းသားများအတွက် အခွင့်အရေး လမ်းစဖြစ်ပါတယ်။ မြေပြန့်မှာနေကြတဲ့ ညီအစ်ကိုမောင်နှမများ ဖြစ်ကြတဲ့ ဗမာတိုင်းရင်းသား များကလည်း ကျွန်တော်တို့ တိုင်းရင်းသား လူနည်းစုများရဲ့ အခွင့်အရေးတွေ အပေါ်မှာ ၀ိုင်းဝန်းကူညီ ပေးမယ်လို့ ယုံကြည်ထားပါတယ်။ ကျေးဇူးလည်း တင်ပါတယ်" ဟု ပြောကြားသည်။

တိုင်းရင်းသား ကိုယ်စားလှယ်များက ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံညစာစားပွဲများ ပြုလုပ်ဆုံတွေ့လိုကြောင်း ပြောကြားသည်။

No comments:

Post a Comment