Monday 22 July 2013

ဗိုလ်ချုပ် အောင်ဆန်း၏သူငယ်ချင်းဦးဖိုးခက်







ရှားပါးပုံများဖြစ်ပါတယ်

ဗိုလ်ချုပ် အောင်ဆန်း၏သူငယ်ချင်းဦးဖိုးခက်

“ဟေ့ဘိုးကက်”ဆိုသည့် နှုတ်ဆက်စကားသည် တစ်ဦးနှင့်တစ်ဦး အလွန်ရင်းနှီး ခင်မင်ကြောင်းပြသည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါ်လိုက်သည့် “ဘိးုကက်”မှာအမှန်ဖြစ်သည်။ ရေနံချောင်းအမျိုးသားကျောင်းနေစဉ်က“ဘိုးကက်”ဟုခေါ်သည်။ နောင်မှ“ဘိုးခက်”ဖြစ်သွားသည်။
ယနေ့လူငယ်များသည်“ကက်”ကိုမြင်ဖူးသူ၊ “ကက်ကစားနည်း”သိသူ မရှိသလောက် ဖြစ်သွားသည်။ “ကက်”ကိုမြန်မာအဘိဓာန်တွင် ပုံများနှင့်ဖော်ပြထားသည်။ ကက်ကို အဖြူအနီပွင့်များပါသော သစ်သားပြားငယ်ဖဲချပ်။ ယင်းဖဲချပ်ဖြင့်ကစားနည်း။ စပါး၆၄တင်းဝင်သော ပုတ်ကြီး။ ယင်း၏ချင့်ဝန်ဟု အစိပ္ပာယ်(၄)မျိုးဖွင့်ထားသည်။ စာရေးသူငယ်စဉ်က ကိုလိုနီခေတ်တွင် ရပ်ထဲရွာထဲ ကက်ကစားနေကြသည်ကို ခဏခဏတွေ့ရသည်။ ချင့်ဝန်၏အစိပ္ပာယ်မှာလည်း “တင်းပြည်စသည်တို့ဖြင့် တွက်ယူသော အတိုင်းတာမျိုး” ဟုဖွင့်ဆိုသည်။ ကက်ကစားနည်းတွင်ကျယ် နေချိန်တွင် စာရေးသူ၏အဘိုးနှင့်အဘွား ဦးချစ်တီးဒေါ်ဇီလိတို့က ယောက်ျားလေးထဲက ပထမဆုံးမွေးသည့်သားကို ဘိုးကက် နောက်တစ်ဦးကို ဘိုးထင်ဟု အမည်ပေးသည်။ “ထင်”မှာ မြန်မာအဘိဓာန်တွင် “ကက်ဖဲတွင် တတိယ အကြီးဆုံးဖဲချပ်။ (တရုတ်Tian)ဟု ဖွင့်ဆိုထားသည်။
ဗိုလ်ချုပ်အောင်ဆန်းဆီ စာရေးရပုံကိုလည်း စာရေးသူဖခင်ကို မေးကြည့်သည်။ ခရစ်နှစ်၁၉၃၄ခုနှစ်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့်မဟာဝိဇ္ဇာကျောင်းသားလေးမောင်ချမ်းမြ (မြကေတု၊ မြန်မာစာ ပါမောက္ခ၊ နောင်တွင် စာရေးသူတို့ကို မွန်စာသင်ပေးသူ) ဆောင်းပါးများ ကိုယ်စီရေး၍ အငြင်းပွားကြသည်။ အကြောင်းရင်းမှာ ပုဂံခေတ် အနော်ရထာမင်းက တရုတ်ပြည်သို့ စွယ်တော်တောင်းအသွား၊ ရေထဲငုပ်၍ ရှောင်တိမ်းနေသော ဥတည်ဘွားကို ဆရာကြီးကိုယ်တော်မှိုင်းက ရေများကို ဂါထာမန္တန်ခေါ် ပန်တူ အတတ်ပညာဖြင့် စုတ်ထုတ်သည် ဟု ဂျာနယ်များတွင် ရေးသားဖော်ပြသည်။ မောင်ချမ်းမြက ပန်တူအစွမ်း မဖြစ်နိုင်။ ရှေးဟောင်းဝေါဟာရ “ပတူ”ခေါ် ရေစုပ်စက်တစ်မျိုး အစွမ်းသာ ဖြစ်နိုင်ကြောင်း၊ ဂျာနယ်တွင်ဖော်ပြရာမှ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် မောင်ချမ်းမြ ဂျာနယ်များတွင် အပြန်အလှန်ရေးသားကြသည်။ နှစ်ဦးစလုံး၏ တင်ပြချက်များကို စာရေးသူဖခင်ကကျေနပ်သဖြင့် ထိုအကြောင်းပါ မြန်မာစာအုပ်ထွက်ရှိပါသလား ဟု ဗိုလ်ချုပ်အောင်ဆန်းထံ မေးသည့်စာဖြစ်သည်။
စာထဲတွင် ရေနံမြေ သပိတ်အကြောင်းပါလာသည်။ ချောက်မြို့ရေနံမြေ စာရေးများ လုပ်သားများနှင့် ရေနံချောင်းရေနံမြေ လုပ်သားများပူးပေါင်း၍ ချောက်မြို့ သခင်ဘိုးလှကြီး (အာဠာဝက) ခေါင်းဆောင်ကာ ရန်ကုန်သို့ ခြေကျင်ချီတက် ဆန္ဒပြကြသည် “၁၃၀၀ပြည့် အရေးတော်ပုံ” ဖြစ်ပါသည်။ ချီတက်သည့်အထဲတွင် ရေနံချောင်းရေနံမြေ လျှပ်စစ် ၀ါယာမင်းဖြစ်သူ စာရေးသူ၏ဖခင် ဦးဘိုးခက် ပါဝင်သည်ကို ဗိုလ်ချုပ်အောင်ဆန်းမသိ၍ ထိုသို့ ရေးလိုက်ခြင်းဖြစ်ပါသည်။
စာထဲမှာပါသည့် “ဘအုံး ဆိုတဲ့ကောင်ကိုလည်း ငါအမှတ်ရသေးတယ်” ဆိုထားရာ ဘအုံး အကြောင်းကို စာရေးသူ၏ဖခင်အားမေးကြည့်ရာ ဘအုံးအကြောင်း ပြောပြချက်များကို စာရေးသူမှတ်သားထားသော်လည်း စစ်သည်ဘ၀နှင့် ဟိုမြို့ပြောင်း သည်မြို့ပြောင်း နှင့် ရှာမတွေ့တော့ပါ။
“မကွေးက သခင်လှမောင်ဆိုတာ လက်စသတ်တော့တို့နဲ့ တန်းအတူတူ လှမောင်ပါလား၊ ငါမသိဘူး၊ အင်းစိန်ထောင်တွေ့တော့မှသိတယ်” စာထဲမှာပါသည့် အမျိုးသားကျောင်းသားဘ၀ သူတို့နှင့်တစ်တန်းထဲသား လှမောင်ဖြစ်သည်။ ဖောင်းကတောရွာ၏ အနောက်တောင်ထောင့် ဧရာဝတီ မြစ်မကြီး၏ အရှေ့ဘက်ကမ်းရှိ ဘူးကျွန်းရွာမှ ဖြစ်သည်။ ကျောင်းအားရက်တွင် လှမောင်ရှိရာ ဘူးကျွန်းရွာသို့ ရေတက်ချိန် လှေငယ်လေးနှင့်သွားကြသည်။ အောင်ဆန်းကို လှေငယ်လေးပေါ် အလယ်ခေါင်တွင် ထားကာ လှော်တက်တစ်ချောင်းနှင့် လှော်စေသည်။ ဘိုးကက်က နောက်က ပဲ့လည်းကိုင် လှော်လည်းလှော် ရှေ့မှာ ဘိုးထင်ကလှော်သည်။ ရေတိမ်ပိုင်းကသွားကြသည်။
ဆောင်းရာသီ ရေကျချိန်၌လည်း သဲသောင်ပြင်များကို ဖြတ်၍ ဖောင်းကတောရွာမှ လှမောင်ရှိရာ ဘူးကျွန်းရွာသို့ ခြေကျင် သွားကြသည်။ အောင်ဆန်း၊ ဘိုးကက်၊ ဘိုးထင် တို့သုံးယောက်မှာ အင်းအိုင်ဘေးနား ကပ်၍ဖြတ်သွားစဉ် ဟင်္သာငှက်များ အုပ်စုဖွဲ့၍ နေစာလှုံနေသည်ကို တွေ့မြင်ကြရရာ အောင်ဆန်းမှာ စိတ်ရွှင်လန်းနေသည်။ ဘူးကျွန်းရွာနား အရောက် ဆီးပင်များမှ ဆီးသီးများ မြေပြင်ကြွေကျ ပြန့်ကျဲနေသည်ကို အောင်ဆန်းနှစ်သက်ကြည်နူးနေသည်။ အပြန်လာရာလမ်းဘေး ၀ဲယာတွင် ကြက်သွန်၊ အာလူးခင်း၊ မြေပဲခင်း၊ ပြောင်းဖူးခင်း၊ စိမ်းစားဥပင်များ ၊ ပြောင်းဖူးထွားထွားနှင့် ပြောင်းပင်များ စိမ်းစိမ်းစိုစို တွေ့မြင်ရသည့် အောင်ဆန်းမှာ စိတ်ကြည်လင်လန်းဆန်းနေသည်ဟု ဖခင်ကပြောပြသည်။ မြစ်ကမ်းဘေးရှိ ညောင်မုတ်ဆိတ်ပင်များကို အောင်ဆန်းအလွန် သဘောကျသည်။ ညောင်ပင်အောက်တွင် အတန်ကြာထိုင်နေတတ်သည်။
၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ လဆန်းရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံညီလာခံသို့ အသွား ရေနံချောင်းမြို့သို့အရောက် လူထုကြီးကို တရားဟောသည်။ စာရေးသူဖခင် ဦးဘိုးခက်နှင့် ညီဦးဘဌေးတို့ ရွှေဘုံသာဘောလုံးကွင်းသို့ဖောင်းကတောရွာမှ ခြေကျင်သွားကြသည်။ ချောင်းတိမ်ချောင်းကို ကျော်လိုက်သည်နှင့် ရွှေဘုံသာသို့အသွား ကတ္တရာလမ်းမှာ အတက်ကြီးဖြစ်သည်။ အတက်ကြီးမှာ မြင်းလှည်းများပင် တဖြည်းဖြည်းတက် နေရင်း မြင်းများရှေ့သို့ဒူးညွတ်ကာ ဖင်ထိုင်ကျရသည့် အတက်ကြီး ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း တရားဟောရာ ရွှေဘုံသာဘောလုံးကွင်း သို့ရောက်သောအခါ နောက်ကျနေပေပြီ။ ဗိုလ်ချုပ်အောင်ဆန်းမှာ တရားဟောပြီးသွားပေပြီ။ ပထမဦးဆုံးထွက်လာသည့် လူအုပ်ကြီးမှာ များလှသည်။ တိုးဝှေ့၍ ကွင်းအတွင်းသို့ ၀င်မည်အလုပ်….
ဖခင်က “မ၀င်ပါနဲ့တော့ကွာ…..
တို့ဒီနားကပဲ စောင့်တော့မယ်”
ဟု ကွင်းအတွင်း ၀င်မည့်တံခါးပေါက်ကြီး အနီးအနားကစောင့်နေကြသည်။ ရှေ့ဆုံးက ထွက်လာသည့် လူအုပ်ကြီးနောက်မှ ကွင်းအတွင်းကြွင်းကျန်ခဲ့သည့် လူအများအပြား ခြံရံကာ ဗိုလ်ချုပ်အောင်ဆန်းသည် ရှေ့ဆုံးမှ ထွက်လာသည်။ ဖခင် ဦးဘိုးခက်က သူ့ညီဦးဘဌေးကို ….
“ဟိုမှာ …..အောင်ဆန်း……အောင်ဆန်း”
ဟု လက်ညှိုးထိုးပြလိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် သူတို့မှာ ရှေ့သို့ ၀ါးတစ်ပြန်ကွာ သွားပေပြီ။ သူ့ကားနားသို့ ရောက်ကာနီးနေပေပြီ။ ထိုအခိုက် စာရေးသူဦးလေးဦးဘဌေး က လူအုပ်ကြီး အကြား ပြေးဝင်သွားကာ ဗိုလ်ချုပ်အောင်ဆန်းနောက်နား ကပ်လျက်ရောက်ရှိသွားသည်။
ဦးဘဌေးက “ရှူးရှဲ…..ရှူးရှဲ…..ရှူးရှဲ…..”
“ရှူးရှဲ…..ရှူးရှဲ…..ရှူးရှဲ…..”
ဟု ပါးစပ်က လုပ်ပြလိုက်သည်။
“ရှူးရှဲ အသံကြားလိုက်သည်နှင့် တစ်ပြိုင်နက်…..ဗိုလ်ချုပ်အောင်ဆန်းသည် ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ (၁၅)နှစ် ကြာသွားသော်လည်း ထို“ရှူးရှဲ” အသံကို မှတ်မိသွားပေပြီ။ ဖောင်းကတောတောင်ရွာမှာ အောင်ဆန်းဝေပုံကျ ရသည့် သူစားမည့် ပဲကျိုသုပ်ထဲ မိုးမျှော်ငရုတ်သီးများ ထောင်းထည့် သဖြင့် ….
“ရှူးရှဲ…..ရှူးရှဲ…..ရှူးရှဲ…..ဘဌေးရ……စပ်လှချည်လားကွ”
ဆိုခဲ့သည်များကို လည်းမှတ်မိသွားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အလွန်အံ့အားသင့်သွားပြီး “ဟ ဘဌေးပါလား…. ဘယ်သူပါသေးလဲ၊ အစ်ကိုကြီးကောပါလား…..”ဟု မေးလိုက်သည်။ ထိုအခါ ဦးဘဌေးက…. အစ်ကို ဦးဘိုးခက်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအချိန်မှ ဖခင်သည် ဗိုလ်ချုပ်အောင်ဆန်း အနီးသို့ပြေးသွားသည်။ လူအများကဘေးမှဝိုင်းကြည့် နေကြသည်။ ဗိုလ်ချုပ်အောင်ဆန်းက
“ဦးချစ်တီး ၊ ဒေါ်ဇီလိ ၊ မမညို၊ ဘိုးထင်တို့ကောနေကောင်းလား…”.ဟု မေးသည်။ ဖခင်က “ဖခင် ဦးချစ်တီးနှင့် သားငယ် ဘအေးတို့ဆုံးသွားပြီ။ ဒေါ်ဇီလိ ၊မမညို၊ ဘိုးထင်တို့နေကောင်းကြတယ်……”ဟု ပြန်ဖြေသည်။
ခဏအကြာ စကားပြောဆိုကြပြီး ဗိုလ်ချုပ်အောင်ဆန်းက….
“ယခု ..ပင်လုံမြို့ကို အရောက်သွားရမယ် ….။ဒီကအသွား ကျောက်ပန်းတောင်းမြို့မှာ တရားဟောရအုံးမယ်။ ပင်လုံကအပြန် ဖောင်းကတောရွာလေးကို လာဖြစ်အောင်လာခဲ့ပါမယ်၊ သွားတော့မယ်ကွာ….”
ဟုနှုတ်ဆက်ကာ လူအုပ်ကြီးပါ လက်ဝှေ့ရမ်းနှုတ်ဆက်၍ အော်စတင်ကားရှေ့ခန်းအတွင်းသို့ ၀င်သွားပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ ပင်နီအင်္ကျီ၊ ဖော့ဦးထုပ်ဆောင်းထားသည်။
ဇူလိုင်(၁၉)ရက်နေ့ည ဖောင်းကတောရွာလေးတွင် ကြေကွဲဖွယ်ရာ ဖြစ်ရပ် ဖြစ်ခဲ့ရပါသည်။ “ပင်လုံကအပြန် ဖောင်းကတောရွာလေးကို လာဖြစ်အောင်လာခဲ့ပါ့မယ်…” ဟုစကားဆိုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ ပင်လုံက အပြန် (၅)လရှိသွားပါပြီ။ ဖောင်းကတောရွာလေးသို့ မလာဖြစ်သေးပါ။တိုင်းပြည်လွတ်လပ်ရေးရဖို့ နေ့မအားညမအား ကြိုးပမ်းနေရသဖြင့် မလာဖြစ်သေးဟန်တူပါသည်။ သို့သော် မျှော်သူများကတော့မျှော်နေကြပါသည်။

မူရင်း Thet Hsu Hlaing's photo.

ကိုထွန်းဝေ
ပြန်လည်မျှဝေပါတယ်.။
22.7.2013

No comments:

Post a Comment