မနက်ဖြန်ကျရောက်မဲ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ဟာ ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့ ပါ။ ပြည် ထောင်စုနေ့ အကြောင်းတွေးလိုက်တိုင်း ပထမဆုံး သတိရတာကတော့ အလယ်တန်း၊ အထက်တန်း ကျောင်းသားဘ၀တုန်းက ရေးခဲ့ဖူးတဲ့ ''ပြည်ထောင်စုနေ့ တို့မမေ့'' ဆိုတဲ့ စာစီစာကုံးပြိုင်ပွဲတွေပါပဲ့။ ပြည်ထောင်စုနေ့တင် မကပါဘူး။ လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့တွေမှာလဲ အလားတူ ခေါင်းစဉ် တွေနဲ့ စာစီစာကုံးတွေ ရေးခဲ့ကြရပါတယ်။
ဒီနေ့ မြန်မာနိုင်ငံက အလက၊ အထက တွေမှာ ဒီလိုစာစီစာကုံးပြိုင်ပွဲတွေ ဆက်ရှိနေဆဲလို့ ကျနော် ထင်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီခေတ်လို့ပြောနေတဲ့ ဒီနေ့ခေတ် ဆယ် ကျော်သက်ခလေးတွေဟာလဲ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ခေတ်မှာလူဖြစ်ခဲ့တဲ့ ကျနော် တို့ ငယ်ငယ်တုန်းကလိုဘဲ့ ပြဌဏ်းစာအုပ်ပါ အချက်လက်တွေကို အလွတ်ကျက်ပြီး စာစီစာကုန်းရေး တာ၊ စာမေးပွဲဖြေတာတွေလုပ်နေကြဆဲပါ။
ဒါပေမဲ့ အဲဒီပြဌဏ်းစာအုပ်ကို ဘယ်သူတွေကရေးတာလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ရေးထားတာလဲ။ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာတဲ့ လွန်ခဲ့တဲ့ ၆၆ နှစ်က ပင်လုံစာချုပ်ပါအချက်လက်တွေနဲ့ ဒီနေ့ ကျောင်း စာအုပ်ပါ အချက်လက်တွေ တထပ်တည်းကျရဲ့လားဆိုတာကိုတော့ ကျနော်တို့ခေတ်ကကျောင်းသား အတော်များများ မစဉ်းစားခဲ့သလို ဒီနေ့ခေတ်ကျောင်းသားအတော်များများဟာလဲ စဉ်းစားမိမှာမဟုတ် သေးဘူးလို့ ကျနော်ထင်ပါတယ်။
ကျနော်မှတ်မိသမျှကိုပြန်ကောက်ရမယ်ဆိုရင်တော့ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်းကိုဘဲ့ ကျောင်းစာအုပ်မှာ အကျယ်တ၀င့်ရှင်းပြထားပြီး အဲဒီနေ့မတိုင်ခင်မှာပြုလုပ်ခဲ့တဲ့ အဆင့်ဆင့်သောဆွေး နွေးပွဲတွေ၊ မြန်မာအစိုးရခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ချင်း၊ ကချင်၊ ရှမ်းနယ်က တောင်တန်း သားကိုယ်စားလှယ်တွေကြား ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ပါ အချက်အလက်တွေ၊ ဘာကြောင့် အဲဒီ အ ချက်အလက်လက်တွေက အရေးကြီးတယ်ဆိုတာတွေကို အသေချာဖေါ်ပြထားခြင်းမရှိပါဘူး။ သတင်း သဘောအရပြောမယ်ဆိုရင်တော့ ဘာဖြစ်တယ်ဆိုတာကိုဘဲ့ အလေးပေးဖေါ်ပြထားပြီး ဘာကြောင့်ဖြစ် ပေါ်လာတယ်၊ ဘာကြောင့်အရေးကြီးတယ်ဆိုတဲ့ဘက်မှာ ဖေါ်ပြမှု အားနဲနေခဲ့တယ်လို့ ထင်ပါတယ်။
ဒါက အခုမှစဉ်းစားမိတာပါ။ ကျောင်းသားဘ၀ကတော့ ဒီလိုစဉ်းစားရကောင်းမှန်းမသိခဲ့ပါ။ လွတ်လပ် ရေးနေ့၊ ပြည်ထောင်စုနေ့ မနက်ပိုင်းတွေမှာကျင်းပလေ့ရှိတဲ့ အားကစားပွဲတွေမှာဆုရအောင် ၀င်ပြိုင်ဖို့နဲ့ ညနေပိုင်းတွေမှာကျင်းပတဲ့ ယဉ်ကျေးမှုကပွဲက လှပျိုဖြူတွေကို ကြည့်ဖို့လောက်သာ စိတ်ဝင်စားခဲ့သူ ပါ။ ကျနော်တို့ခေတ်က ပြည်ထောင်စုအလံကို နိုင်ငံတ၀ှမ်း သယ်ယူတာ၊ တိုင်းအားကစားကွင်းမှာ အ ခန်း နားအကြီး အကျယ်လုပ်ပြီး ကြိုဆိုတာ၊ ယဉ်ကျေးမှု ပြခန်းမျိုးစုံ၊ ယဉ်ကျေးမှု အကမျိုးစုံနဲ့ဖျော်ဖြေ တာတွေကို လူအများ အထူးစိတ်ဝင်စားခဲ့ပါတယ်။ မှတ်မှတ်ရရ အဲဒီခေတ်က နာမည်ကြီးလှတဲ့ ရန်ကုန် ကျိုက္ကံဆံကွင်းက ပြည်ထောင်စုနေ့ပြပွဲကိုတောင် ကျနော် တကူးတကာ့သွား ကြည့်ဖူးပါတယ်။
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ တန်းတူရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဆွေးနွေးခဲ့တဲ့နေ့၊ ပြည်မနဲ့တောင်တန်းဒေသအားလုံးပေါင်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ဗြိတိသျှနယ်ချဲ့ဆီကနေ လွတ်လပ်ရေးအရယူနိုင်ဖို့ ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့နေ့၊ အဲဒီနေ့ကို ပြည်ထောင်စုနေ့အဖြစ်သတ် မှတ်ပြီး အခန်းနားတွေအကြီးအကျယ်ကျင်းပနေပေမဲ့ ပြည်ထောင်စုရဲ့အနှစ်သာရကိုမဖေါ်ပြဘဲ ယဉ် ကျေးမှုအက အခုန်တွေနဲ့သာ အချိန်ကုန်နေစေခဲ့ပါတယ်။ ကျောင်းသားလူငယ်တွေဟာလဲ ယဉ်ကျေးမှု ကပွဲမှာ ဘယ်တိုင်းရင်းသူကလှတယ်၊ ၀တ်စုံကကောင်းတယ်၊ ဘယ်လို စသဖြင့် အပေါ်ယံအမြင်တွေ နဲ့ဘဲ့ အချိန်တွေကုန်လွန်ခဲ့ရတယ်လို့ကျနော်ထင်ပါတယ်။
ကမ္ဘာကြိးသည် ကျောင်းမှာလုံး၍ အိမ်မှာပြားသည်
ကျနော်တို့ငယ်ငယ်တုန်းက ခေတ်စားခဲ့တဲ့ ကာတွန်းတခုထဲက စာသားတွေပါ။ အခုခေတ်က အင်တာ နက်ခေတ်၊ အိုင်းဖုန်းခေတ်၊ မျက်နှာစာအုပ်ခေတ်ရောက်နေပြီဆိုတော့ ဒီစကားလုံးဟာ ဒီနေ့လူငယ် တွေအတွက် ငြင်းခုန်ဘွယ်မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ကျောင်းစာအုပ်ပါ ပြဌဏ်းချက်တွေဟာ အိမ်မှာ တမျိုး၊ ကျောင်းမှာတမျိုး အဓိပ္ပါယ်ထွက်နေတာတတ်တာကတော့ တူနေဆဲလို့ထင်ပါတယ်။
ကျောင်းစာအုပ်ပါ သမိုင်းသင်ခန်းစာတွေ၊ ပထ၀ီ သင်ခန်းစာတွေကို အမှန်လို့ထင်ခဲ့ပြီး အသေကျက် မှတ်လာခဲ့တဲ့ ကျနော်တို့မျိုးဆက်ဟာ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းကျမှ သမိုင်းတွေ၊ ပထ၀ီတွေဟာ ကျောင်းမှာတမျိုး၊ အပြင်မှာတမျိုးဖြစ်နေမှန်း သိခွင့်ရလာခဲ့ပါတယ်။
''လွတ်လပ်ရေးနေ့တွေ၊ ပြည်ထောင်စုနေ့တွေက အတုအယောင်တွေပါကွာ။ အဲဒါတွေအစစ်အမှန်ဆို ရင် ငါတို့ ဒီနေရာမှာ နေဖို့ဘယ်လိုမလဲ''
အဲဒါ ကျနော်တို့တောထဲရောက်ရောက်ချင်း ပထမဆုံးအကြိမ်ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခန်းနားအ တွက်ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်တဲ့ KNU (ကရင့်အမျိုးသားအစည်းရုံး) အရာရှိတဦးရဲ့ စကားပါ။ သူ့စကားကိုကြားတော့ ကျနော်အတော်အံသြသွားပါတယ်။ မြန်မာနိုင်ငံမှာနေစဉ် နှစ် ၂၀ ကျော်ကာလ အတွင်း ဒီလိုစကားမျိုး တခါမှမကြားဖူးပါ။
လွတ်လပ်ရေးနေ့ကျရင် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ကျရင် ပြည်ထောင်စုနေ့ ကျင်းပပြီး ဒီလိုဘဲ့ ပျော်ပွဲရွှင်ပွဲတွေလုပ်၊ အားကစားပြိုင်ပွဲလုပ်နဲ့ နေလာခဲ့တာ နှစ်တွေဘယ်နဲတော့မလဲ။
ဒါပေမဲ့ အခုတော့ အဲဒီနေ့တွေဟာ အနှစ်သာရမရှိဘူး၊ အဲဒီနေ့တွေအတိုင်း အစစ်မှန်အဓိပ္ပါယ်ရှိမယ် ဆိုရင်၊ တနည်းအားဖြင့် အဲဒီနေ့တွေဖြစ်ပေါ်လာစဉ်က ပေးခဲ့တဲ့ ကတိတွေ၊ စာချုပ်စာတန်းတွေအတိုင်း တာဝန်ရှိသူအားလုံးက စနစ်တကျဆောင်ရွက်လာမယ်ဆိုရင် ကျနော်တို့ကျောင်းသားတွေ တောခိုစရာ အကြောင်းမရှိသလို KNU အပါဝင် လူမျိုးစုတွေလဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌဏ်းခွင့်အတွက် လက်နက်ကိုင်တော်လှန်ရေးလုပ်နေစရာမလိုဘူးလို့ KNU အရာရှိက ပြောသွားတာဖြစ်ပါတယ်။
ဒါက နောက်ပိုင်းမှ စဉ်းစားရင်းနဲ့ တဖြေးဖြေးနားလည်လာတာပါ။ သူ့စကားကို စကြားကြားချင်းမှာ ''ဒီ လူဘာကြောင်တာလဲ'' ဆိုပြီး နားမလည်နိုင်သလို သူ့ကိုကြည့်ခဲ့ပါတယ်။ ရဲဘော်တွေကလဲ အဲဒီပုဂ္ဂိုလ် ရဲ့စကားကို နားမလည်ကြပါဘူး။ တသက်လုံး ဒီလိုပဲ့လုပ်လာတဲ့ ပြည်ထောင်စုနေ့ဘဲ၊ သူတို့မလာလဲ ကိုယ်ဘာသာ ကိုယ့်စခန်းမှာ ဆက်လုပ်ရုံပေါ့။ ဒါပေမဲ့ တခုစိတ်ဝင်စားဖို့ကောင်းတာကတော့ လွတ်လပ် ရေးနေ့၊ ပြည်ထောင်စုနေ့တွေကို သူတို့မလာပေမဲ့ ဖုန်းမော်နေ့တို့၊ ၈ လေးလုံးနှစ်ပတ်လည်နေ့တို့၊ ဒေါ် အောင်ဆန်းစုကြည်မွေးနေ့တို့ကိုတော့ KNU အပါဝင် မဟာမိတ်အဖွဲ့တွေက စိတ်ဝင်တစား တက် ရောက်အားပေးကြပါတယ်။
ဒါက ပြည်ထောင်စုနေ့ရဲ့သမိုင်းဆိုင်ရာ အချက်လက်နဲ့ အဓိပ္ပါယ်အပေါ် မတူညီတဲ့အရပ်ကလာတဲ့ လူ နှစ်ဦးရဲ့ ကွဲပြားတဲ့ အမြင်တခုပါ။ ပြီးတော့ ပထ၀ီ။ ပထ၀ီကတော့ ရှေ့မှာပြောခဲ့တဲ့အတိုင်း ကျောင်းမှာ လုံး၍ အိမ်မှာပြားနေသည်ဆိုတာ အမှန်ပါဘဲ့။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ အခုရောက်နေတဲ့ ထိုင်း-မြန်မာနယ် စပ်တကျော၊ တရုတ်-မြန်မာ နယ်စပ်တကျောမှာ လူမျိုးစုသူပုန်တွေထိမ်းချုပ်ထားတဲ့ ဒေသ ဒီလောက်အထိ အကျယ်ကြီးရှိနေတယ်ဆိုတာကို ကျောင်းသင်ခန်းစာထဲက ပထ၀ီမှာ ကျနော် တို့ တခါမှမကြားဖူးခဲ့လို့ဖြစ်ပါတယ်။
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ပူတာအိုကနေ သံလွင်မြစ်အရှေ့ဖက်တခြမ်းလုံး၊ သောရင်းမြစ် တလျောက်နဲ့ ဘုရားသုံးဆူဒေသအပါဝင် ဟိုး...အောက်ဖက်စွန်း ကော့သောင့်အထိ တရုတ်၊ ထိုင်း နယ်စပ်တလျောက်လုံး လူမျိုးစုသူပုန်တွေ ထိမ်းချုပ်ထားတဲ့ဒေသက နဲနဲနောနောမှ မဟုတ်တာ။ ၁၉၈၈ ကျနော်တို့တောခိုစဉ်ကာလထုတ်ဝေတဲ့ စာအုပ်စာတန်းတွေအရဆိုရင် မြန်မာနိုင်ငံ အကျယ်အ၀န်းရဲ့ ၂၅ ရာခိုင်နှုံး လောက်ကိုတောင် လူမျိုးစုသူပုန်တွေက ထိမ်းထားတဲ့ သဘောရှိပါတယ်။
ဒီအချက်လက်အမှန်တွေကို ဘာဖြစ်လို့ သမိုင်းရေးဆရာတွေ၊ ပထ၀ီရေးဆရာတွေက ကျောင်းသား တွေကို သိခွင့်မပေးခဲ့တာလဲ။ သမိုင်းတွေ၊ ပထ၀ီတွေကို အရှိတိုင်းမသင်ဘဲ လိုတိုးပိုလျှော့လုပ်ပြီး လက်ရှိအစိုးရအကြိုက် ပြဌဏ်းချက်တွေရေးဆွဲ ခဲ့တာလား။ အခုချိန်မှာကော အမှန်တိုင်းပြန်လည်ရေး ဆွဲ ပြဌဏ်းဖို့အချိန်မရောက်သေးဘူးလား။
ပင်လုံစာချုပ်အကြောင်း၊ ဖက်ဒရယ်မူအကြောင်းပြောတာ စိုးရိမ်စရာလား
ပြည်ထောင်စုနေ့ကျင်းပပုံကိုသာသိပြီး ပင်လုံစာချုပ်ပါ အချက်လက်တွေ၊ အဲဒီကတဆင့်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေ၊ လွတ်လပ်ရေးရပြီးချိန်ကစပြီး လူမျိုးစုတွေရဲ့ ရုန်းကန်တိုက် ပွဲဝင်နေမှုတွေအကြောင်း ဘာမှကောင်းကောင်းမသိတဲ့ ကျနော်ဟာ တောထဲရောက်တဲ့အခါမှာတော့ ဒီ အချက်လက်တွေကို အသဲအသန်လေ့လာခဲ့ရပါတယ်။ မလေ့လာလို့မဖြစ်၊ လူမျိုးစု မဟာမိတ် လက် နက်ကိုင်အဖွဲ့တွေက ဒီအကြောင်းဘဲ့နေစဉ်ပြောနေပြီး ဒီအတွက်ဘဲ့ သူတို့တတွေက ဒီတော ဒီတောင် တွေထဲ ရာစုနှစ်တ၀က်ကျော်အထိ ရောက်နေကြရတာမဟုတ်လား။
ဒီလိုနဲ့ ပင်လုံစာချုပ်နဲ့ ဖက်ဒရယ်မူအကြောင်းဆွေးနွေးချက်တွေဟာ မာနယ်ပလောဌာနချုပ်အပါဝင် တောတွင်းသူပုန်စခန်းအသီးသီးနဲ့ တောတွင်းကျေးလက်ဒေသတွေ၊ နယ်စပ်နဲ့ပြည်ပမှာထုတ်ဝေတဲ့ စာအုပ်စာတန်းတွေမှာ အဆက်မပြတ်ဖေါ်ပြပါရှိခဲ့ပေါ့။ ဒါပေမဲ့ အစိုးရထိမ်းချုပ်ဒေသမှာတော့ ဒါတွေကို ပြောသံတခါမှ မကြားမိ။ ဒီကိစ္စကိုပြောမိရင် ခွဲထွက်ရေးသမားလိုလို၊ တိုင်းပြည်သစ္စာဖေါက်လိုလို အ ထင်ခံခဲ့ရတဲ့အခြေနေက မဆလ ခေတ်ကအတိုင်း ရှိမြဲရှိနေဆဲဖြစ်နေပါတယ်။
ကျနော်မှတ်မိသလောက်ဆိုရင် ပြည်ထောင်စုနေ့နဲ့ လူမျိုးစုပြသာနာအကြောင်း၊ အတိအကျပြောရမယ် ဆိုရင် ဖက်ဒရယ်မူအကြောင်း ပွင့်ပွင့်လင်းလင်း မီဒီယာအပေါ် စတင်ဆွေးနွေးလာသူဟာ အဲဒီပင်လုံ စာချုပ်အခန်းနားဆီတက်ခဲ့တဲ့ ရှမ်းခေါင်းဆောင် ဦးရွေအုန်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် ၀န်းကျင်ဟာ မီဒီယာအခြေနေ၊ နိုင်ငံရေးအခြေနေ ပွင့်လင်းမှုမရှိသေးတဲ့အတွက် ဒီလိုကိစ္စမျိုးကို ပြည်ပ ရေဒီယိုတွေပေါ် တက်ပြောရဲတဲ့ ပြည်တွင်းက နိုင်ငံရေးသမား အတော်ရှားပါးတဲ့ကာလဖြစ်ပါတယ်။
ဆိုလိုတာကတော့ ၁၉၅၈ ခုနှစ် ၀န်ကြီးချုပ်ဦးနု ခေတ်ကဖြစ်ပွါးခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေ ခံဥပဒေပါ ''ခွဲထွက်ခွင့်မူ'' အငြင်းပွါးမှုကိစ္စ၊ အဲဒီနောက်ပိုင်း ''လူမျိုးစုတွေခွဲထွက်မှာစိုးလို့ စစ်တပ်က အာဏာ သိမ်းရပါတယ်၊ တိုင်းပြည်ကြီး ဂျောက်ထဲကျဖို့ လက်တလုံးအလိုမှာ တပ်မတော်က ကယ် တင်လိုက်ရပါတယ်'' လို့ လုပ်ကြံအကြောင်းပြချက်နဲ့ ဗိုလ်ချုပ်နေ၀င်းရဲ့စစ်တပ်က အာဏာသိမ်းမှုဖြစ် စဉ်တွေဟာ ဒီနေ့ကာလမှာ ဆွေးနွေးသင့်တဲ့ကိစ္စတွေဖြစ်ပါတယ်။
ဦးရွေအုန်းလို ပွင့်ပွင့်လင်းလင်းဆွေးနွေးတဲ့ နိုင်ငံရေးသမားတွေ၊ လူမျိုးစုခေါင်းဆောင်တွေ လိုနေပါ တယ်။ ဒါတွေကို ပွင့်ပွင့်လင်းလင်း မဆွေးနွေးဘဲ စစ်တပ်နဲ့ အစိုးရကပြောတဲ့အတိုင်း သမိုင်းရေး ဆရာတွေက ကျောင်းစာအုပ်ထဲ ထည့်ရေးထားတာဟာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒီလိုတဖက်သတ်ရေး ထားတဲ့အတွက် ''ဖက်ဒရယ်မူ'' လို့ပြောလိုက်တာနဲ့ လူတွေက မထိရဲ မကိုင်ရဲ ဖြစ်လာခဲ့၊ ဖြစ်နေခဲ့တာ ဒီနေ့မြင်နေရတဲ့ အတိုင်းပါပဲ့။
အခုလိုနိုင်ငံရေးပွင့်လင်းစကာလမှာ အထူးသဖြင့် ပွင့်လင်းစအစိုးရသစ်နဲ့ လွှတ်တော်သစ်ခေတ်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ပြည်ထောင်စုနေ့မှာ ပင်လုံစာချုပ်နဲ့ ဖက်ဒရယ်မူကိစ္စ ဆွးနွေးသင့်ပါ တယ်။ နေပြည်တော် ပါလီမန်ထဲက လူမျိုးစုပါတီကိုယ်စားလှယ်တွေ၊ လူမျိုးစုအခွင့် ရေးနဲ့ ဒီမိုကရေစီအခွင့်ရေး ဒွန်တွဲနေတယ်လို့ ယုံကြည်တဲ့ နိုင်ငံရေးသမားတွေ အသေချာဆွေးနွေး တင်ပြသင့်တဲ့ကာလလို့ ကျနော် ထင်ပါတယ်။
တဆက်တည်းတင်ပြချင်တာကတော့ နေပြည်တော်မှာကျင်းပမဲ့ ပြည်ထောင်စုနေ့ အခန်းနားဆီ ပါလီမန်ထဲ ပါလီမန်ပက နိုင်ငံရေးသမားတွေ၊ လူမျိုးစုခေါင်းဆောင်တွေအပြင် ''ပြည် ထောင်စုနေ့ဟာ အတု အယောင်ပါ'' လို့ တချိန်ကပြောခဲ့တဲ့ KNU နဲ့ နယ်စပ်တကျောက လူမျိုးစု လက် နက်ကိုင်အဖွဲ့ေ ခါင်းဆောင်တွေကိုပါ ဖိတ်ခေါ်ပြသသင့်တဲ့အချိန် ရောက်နေပြီလို့ ကျနော်ထင်ပါတယ်။
ပြည်ထောင်စုနေ့ အလံသယ်အခန်းနားတွေ၊ ယဉ်ကျေးမှုကပွဲခုန်ပွဲ၊ အားကစားပြိုင်ပွဲတွေ၊ ခေါင်းဆောင် ကြီးများရဲ့ ရှန်ပိန်သောက်တဲ့ညစာစားပွဲအပါဝင် နှစ်စဉ်လုပ်နေကြပွဲတွေအပြင် ပင်လုံစာချုပ်ပါအချက် လက်တွေ၊ ပြည်ထောင်စုရဲ့အနှစ်သာရတွေ၊ ဖက်ဒရယ်မူရဲ့အနှစ်သာရတွေကိုပါဆွေးနွေးနိုင်တဲ့၊ အသွင် သဏ္ဍန်အပြင် အနှစ်သာအရပါ ပြည်ထောင်စုစိတ်ဓာတ်ကို ဖေါ်ဆောင်နိုင်မဲ့ တကယ့် ပြည်ထောင်စုနေ့ မျိုး ကျင်းပသင့်တဲ့အချိန်ရောက်နေပြီလို့ ၆၆ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ အလေးအနက် တိုက် တွန်း တင်ပြလိုက်ရပါတယ်။
No comments:
Post a Comment