Wednesday 12 June 2013

သက်မဲ့သူတို့အတွက် သက်ရှိ(မွေးနေ့ရှင်)၏မြတ်ကောင်း



တချိန်တခါက ဦးကျော်သူနှင့်အတူ တွဲဖက်ရိုက်ကူးခဲ့သည့် ဆရာကြီး မင်းသိင်္ခဝတ္ထု၊ ဇာတ်ကားများ “ဆားပုလင်းနှင်းမောင်နှင့် ပန်းသုံးပွင့်”၊ “ဆားပုလင်းနှင်းမောင်နှင့် ဖဲသုံးချပ်အမှု”၊ “ဆားပုလင်းနှင်းမောင်နှင့် မီးခဲ မောင်မောင်”၊ “ပုဏ္ဍားဘကွန်း”၊ “ပြည်ကြီးမဏ္ဍိုင်မြကြီး” အစရှိသည့်ဗီဒီယိုဇာတ်ကားများ၊ သင်္ကြန်ဇာတ်ကားဖြစ် သည့် “ပွမ်ပွမ်မြည်တဲ့သင်္ကြန်” အပါအဝင် “သားဗန်တို”၊ “ဖျံပေါ်ကဖျံ”၊ “ကျွန်းပြန်သိန်းတန်”၊ “ပစ်မှတ်အလယ်သို့ လာသောဧည့်သည်”၊ “အတုံ့အလှည့်မာန်”၊ “ယောက္ခမကြီးရေးတဲ့ဖူးစာ”၊ “စက္ခုမဲ့ဓါးသမားနှင့် ချိုင်းထောက်ဘညို”၊ နှင့် ဦးကျော်သူသည် အနုပညာလောကအတွက် နောက်ဆုံးရိုက်ကူး ခဲ့သည့် “ဇာတ်ကြမ်း” အဆင့်မြင့်ဒီဗီဒီ ရုပ်ရှင်ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ကြသည့် အနုပညာ မောင်နှမ ပွင့်နဒီမောင်ဆိုလျှင် မိဘပြည်သူ ရုပ်ရှင် ကြည့်ပရိသတ်များ သိကြမည်မလွဲပေ။ ၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းကာလများ တွင် ဦးကျော်သူ အနုပညာလုပ်ကိုင်ခွင့် မရရှိတော့သည့်အတွက် ရုပ်ရှင်လောကအား ကျောခိုင်းခဲ့ပြီးနောက် ရုပ်ရှင် လောကနှင့် အဆက်ပြက်ကာ အနုပညာလောကမှ ညီအစ်ကို မောင်နှမများတို့နှင့် မတွေ့ဆုံဖြစ်ကြတော့ချေ။ ဦးကျော်သူသည် နာရေးကူညီမှုအသင်း(ရန်ကုန်)အား အချိန်ပြည့် ပေးဆပ်နေချိန်တွင် အနုပညာလောကမှ ညီအစ် ကို မောင်နှမများနှင့် တွေ့ဆုံရန် အကြောင်းဖန်လာခဲ့ပြန်သည်။ တွေ့ဆုံမှုသည် အနုပညာလုပ်ငန်းများနှင့်စပ်ဆက်၍ ဆုံတွေ့ခြင်းမျိုးတော့မဟုတ်။ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်ဖြစ်သူ ပွင့်နဒီမောင်နှင့် မိသားစုတို့သည် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် လူမှုရေးလုပ်ငန်းများအား လုပ်ကိုင်ပေးဆပ်နေသူ အား အများပြည်သူတို့အတွက် ကူညီမှုများအား တဖက်တလမ်းမှ ပံ့ပိုးကူညီပေးနိုင်ရန်အတွက် လာရောက်ခြင်း ဖြစ်ပါသည်။ ၈.၆.၂ဝ၁၃ ရက်နေ့တွင် သရုပ်ဆောင် ပွင့်နဒီမောင်မှ သူမ၏မွေးနေ့အတွက် မြင့်မြတ်သောအလှူဒါနအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် အများပြည်သူတို့၏ နာရေးကိစ္စများအား သင်္ဂြိုလ်ပေးရာ၌ အသုံးပြုလျှက်ရှိ သည့် စတီးလ်အခေါင်း၊ စတီးလ်ဗန်း၊ အလူမီနီယမ်အခေါင်းဖုံးနှင့် စတီလ်းလက်တွန်းလှည်းတို့အား မိသားစုနှင့်အတူ လာရောက်လှူဒါန်း ပေးအပ်ခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးဆောင်ရွက်မှု နိဗ္ဗာန်ယာဉ် များ၊ ကျန်းမာရေးပံ့ပိုးမှုများ လူနာများအား လေ့လာခဲ့ရင်း အားပေးစကားပြောကြားခြင်း၊ သုခအလင်းစာကြည့်တိုက် နှင့် ပညာရေးသင်ကြားမှုတို့အား လေ့လာခဲ့ကြသည်။ မိမိတို့၏နေအိမ်များတွင် ကွယ်လွန်သူ၏ ရုပ်ခန္ဓာအား ပျက်စီး ယိုယွင်းမှုမရှိ ရက်ရှည်ထားရှိလိုကြသော နာရေးရှင်များတို့အား (အခမဲ့) ငှားရမ်း၍ အသုံးပြုလျှက်ရှိသည့် အအေး ခန်းသေတ္တာ (Cool Box) ဖြစ်ပြီး ယင်းအအေးခန်းသေတ္တာ (Cool Box) များ ထမ်မံ၍လိုအပ်ပါက ထပ်မံ၍ လှူဒါန်း လိုကြောင်း ကမ်းလှမ်းခဲ့သည်။ ယခုကဲ့သို့ အများပြည်သူတို့၏ လူ့ဘဝနောက်ဆုံးခရီးအား အဆင်ပြေချောမွေ့စွာ အမြင်တင့်တယ်စွာဖြင့် သင်္ဂြိုလ်မှုများပြုလုပ်နိုင်ရန် မည်သည့်ဘုံတွင်မှ လုပ်ကိုင်ခွင့် လှူဒါန်းခွင့်မရနိုင်သည့် မြင့်မြတ် လှသည့် “ကွယ်လွန်ရှာသူ သက်မဲ့သူကို ကူညီဝိုင်းကြ သင်္ဂြိုလ်ကြသည်” ဆရာမင်းယုဝ၏ ကဗျာအတိုင်း မွေးနေ့ အလှူဒါနအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ စတီးလ်အခေါင်း၊ စတီးလ်ဗန်း၊ အလူမီနီယမ် အခေါင်းဖုံးနှင့် စတီလ်းလက်တွန်းလှည်းတို့အား လှူဒါန်းခဲ့သော ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ပွင့်နဒီမောင်၏ မြင့်မြတ်သောစိတ်၊ မြင့်မြတ်လှသော အလှူဒါနတို့အား မိဘပြည်သူအပေါင်းတို့ မုဒိတာပွားနိုင်ကြစေရန် ဝေငှလိုက်ရပါတော့သည်။






No comments:

Post a Comment