Saturday 11 May 2013

အခြေခံဥပဒေ ပြင်ဆင်ရန် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်


(Bangkok Post မှ 10 May 2013 ရက်စွဲပါ “Suu Kyi predicts charter change”သတင်းကို ဘာသာပြန်ဆိုသည်)

တပ်မတော်က ရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေအား ပြင်ဆင်မှုများကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ တွန်းအားပေးနိုင်ဖွယ်ရှိသည်ဟုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့တွင် ပြောကြား သည်။

“၂၀၁၅ မတိုင်မီ အခြေခံဥပဒေကိုပြင်ဆင်ဖို့ ကြိုးစားကြမှာပါ။ ကျွန်မတို့လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု သူမက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။

၁၉၈၉ မှ ၂၀၁၀ အတွင်း ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ဧပြီလကြားဖြတ်ရွေးကောက်ပွဲတွင် သူမ၏ NLD ပါတီက လစ်လပ် ၄၅ နေရာအနက် ၄၃ နေရာအနိုင်ရရှိပြီးနောက် သူမ ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ်အမတ်တစ်ဦး ဖြစ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအစိုးရ၏ ထိပ်တန်းအာဏာပိုင်နှစ်ဦးဖြစ်သော သမ္မတဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် နီးနီးကပ်ကပ် တိုင်ပင်ညှိနှိုင်းလုပ်ဆောင်သော ဆက်ဆံရေးကို တည်ဆောက်ထားပါ သည်။

သမ္မတဦးသိန်းစိန်သည် စစ်သားလူထွက်အများစုဖြင့် ဖွဲ့စည်းထားသော ပြည်ခိုင်ဖြိုးပါတီကို ဦးဆောင်ကာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့ပြီးနောက် လက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်လျှက်ရှိသည်။

“အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရမယ့် အရေးကြီးကိစ္စရပ်တွေကို အကြီးတန်းပြည်ခိုင်ဖြိုးပါတီဝင်တွေက တင်ပြ ခဲ့ကြပြီး ကန့်ကွက်မှုမရှိ အတည်ပြုနိုင်ခဲ့တဲ့အတွက် အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်ခိုင်ဖြိုးပါတီကလည်း လိုလားတယ်လို့ ကျွန်မယုံကြည်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အမြစ်တွယ်နေသော တပ်မတော်လွှမ်းမိုးမှုကို ပျက်ပြယ်စေမည့် ဥပဒေမှန်သမျှကို အလုံအလောက် ပယ်ချနိုင်ရန် လွှတ်တော်တွင် တပ်မတော်ကိုယ်စားလှယ် ၂၅ % ထည့်သွင်းထားသော အချက်မှာ ၂၀၀၈ အခြေခံဥပဒေ၏ အငြင်းပွားဆုံး ကိစ္စဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေးသည် ခက်ခဲလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံထားပါသည်။

မြန်မာနိုင်ငံတွင် နောက်တစ်ကြိမ် ရွေးကောက်ပွဲကို ၂၀၁၅ တွင် စီစဉ်ထားပြီး ပြည်ပနိုင်ငံသားနှင့် လက်ထပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရွေးပွဲမဝင်နိုင်အောင် လက်ရှိအခြေခံဥပဒေက တားဆီးထားသည်။


Yangon Chronicle
12.5.2013

No comments:

Post a Comment