Sunday, 12 May 2013

ထပ်ထားလမ်းလား သေနာလမ်းလား


ကျုပ်က အသက်တော်တော်ကို ကြီးလာခဲ့ပြီလေ။ ဒီတော့ လူလိမ္မာ ပီပီ သံဝေဂလေး ရသပေါ့ဗျာ။ သံဝေဂဆိုတာ သံသရာမှ ထိတ်လန့်ကြောက်ရွံ့ခြင်းလို့ဆိုသဗျ။ ဘဝမှာ အလကားနေ အသေစောင့်ရင်း ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ ဝတ္ထုတွေကလည်း ရှိပေသကိုး။

ကြားဖူးတယ် မဟုတ်လား။ ဗြဟ္မာ့ဘုံ၌ ခံရခြင်းဟာလည်း ဆင်းရဲပဲတဲ့။ အဲဒါ ကြောက်ရွံ့ ထိတ်လန့်စရာပဲတဲ့။ ဗြဟ္မာ့ဘုံမှာ စံစားရခြင်းကိုတောင် ကြောက်စရာဆိုမှတော့ ကျုပ်တို့လို တိရစ္ဆာန်ဘုံမှာ ခံစားနေရသူတွေအဖို့ ဘာများပြောစရာ လိုတော့မှာလဲဗျ။

အားလုံးအကြားပဲလေ။ ဗြဟ္ဓာဘုံနဲ့တူတဲ့ နေပြည်တော်ဘုံမှာ စံစားနေကြတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ကြည့်။ အိမ်က ထမင်းချက်၊ တံမျက်လှဲကိုတောင် လခမပေးနိုင်ရှာကြတော့ဘူးနဲ့ တူရဲ့။ နိုင်ငံတော်ကို ငွေတောင်းနေကြတယ်လေ။ ကျပ်သိန်း နှစ်ထောင်လောက် ဆိုလား ဘာလားမသိပါဘူး။ အော်.........ဆင်းရဲ......ဆင်းရဲ။

ဒါနဲ့ကျုပ်စိတ်ထဲ လူ့ငရဲထောင်ဘဝကို ပြန်လည်တမ်းတ လွမ်းသမိသဗျာ။ ကောင်းတာရယ်လို့ ဘာမှမရှိတော့ မကောင်းတာ၊ ဆင်းရဲတာ၊ ငတ်တာ၊ ပြတ်တာ၊ နာတာ၊ ကျင်တာ၊ သေငယ်ဇော မျောတာတွေကိုပဲ လွမ်းသ တမ်းတရပေသပေါ့ဗျာ။

လယ်တီဆရာတော်ဘုရာကြီး ရေးဖွဲ့ဆုံးမတဲ့ ကဗျာတွေထဲကလို ငါတို့ “ အလကားတောမှာ ဗျာမောကျယ်” နေကြတာပါကလားလို့တွေးမိတယ်။ “ ခွင့်သာတုန်းမှာ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင်ရှိသေးပေလိမ့်လား” ဆိုတဲ့စကားကိုလည်း အမှတ်ရမိတယ်။ ရုန်းကြရတော့မယ်ဗျို့။

လယ်တီဆရာတော်ဘုရားကြီးရဲ့ကဗျာတွေကို အမှတ်ရမိရာကနေ လက်ပံတောင်းကြေးနီစီမံကိန်းဒေသမှာ လယ်တီ ဆရာတော်ရဲ့သာသနာ့ဗိမာန်တွေကို တရုတ်ဝမ်ပေါင်ဆိုလား ပေါင်ဝမ်ဆိုလားက အပြောင်နှံပစ်ဖို့လုပ်နေတယ်ဆိုတာ ကြားနေပြန်သဗျာ။ စိတ်မချမ်းသာဘူး။ ဗမာမောင်ပိုင်ဆိုလား၊ ဦးပိုင်ဆိုလားနဲ့ ပေါင်းဖြိုနေကြ ဆိုလားပဲ။

နေပါအုန်း၊ အဲ့ဒီမောင်ပိုင်က ဘယ်လိုလုပ် တရုတ်နဲ့ပေါင်းမိ၊ ချိတ်မိတာလဲ။

ဟာဗျာ....ဇာတ်လမ်းက အရှည်ကြီးဗျ။ ဗမာအစိုးရက တရုတ်အစိုးရနဲ့ ကြေးနီလုပ်ငန်းသဘောတူစာချုပ်ချုပ်သတဲ့။ တရုတ်အစိုးရ လက်သုံးတော်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဗမာအစိုးရလက်စွဲတော် ဦးပိုင်တို့ ပေါင်းပြီးမြေလှန်ကြတာတဲ့။ အဲ့ဒီမှာ လယ်တီ ဗိမာန်တွေပါ အပိုစွက်ပြီး အဖြိုအဖျက်ခံရတာလို့ မိတ်ဆွေတွေက ပြောကြတယ်။

မြေတွေလှန်၊ ယာတွေဖျက်၊ ရွာတွေပျက်၊ ရေတွေဆိုး၊ လေတွေလဲ သိုးကုန်သတဲ့။ ဒီတော့ ဒေသခံက ကန့်ကွက် ဆန္ဒပြကြသတဲ့။ စီမံကိန်းကြီးဖျက်သိမ်းဖို့ တောင်းဆိုသတဲ့။ ပါတ်ဝန်းကျင်က ပြည်သူတွေရော တစ်ပြည်လုံးက လူတွေရော၊ ကျောင်းသားတွေရော၊ ဘုန်းကြီးတွေရော ဝိုင်းကူလာကြသတဲ့။ သပိတ်စခန်းတွေဖွင့်ခဲ့ကြသတဲ့။ အစိုးရက သပိတ်စခန်းကို မီးလောင်ဗုံးဆိုလား၊ လောင်မီးဗုံးဆိုလားနဲ့ပစ်ပြီး အကြမ်းဖက် ဖြိုခွဲသတဲ့။

သမ္မတဦးသိန်းစိန်အစိုးရက လုပ်တာလား။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးတစ်ပါးကတော့ နေပြည်တော်က အမိန့်အရ လုပ်တာလို့ဆိုတာပဲ။

အင်းလေ....စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအစိုးရဆိုကိုး။
ဒီလောက်တော့ စီးမှာ ကန်းမှာပေါ့ဗျာ။ နေပါအုန်း။ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ပါနေဆို။

ပါတာပေါ့။ သူမပါလို့ဖြစ်မလားဗျာ။ တိုင်းပြည်ကြီး အမှိုက်ကစ ပြဿဒ်မီး လောင်တော့မယ့်ကိစ္စ။ သူက နိုင်ငံရေး မီးသတ်သမားပဲဟာ။

အစိုးရက သူ့ကိုအသုံးချတာပေါ့။ ဒေါ်စုစကားရှိတယ်လေ။ တိုင်းပြည်ကောင်းဖို့ကိစ္စမှာ သူ့ကိုအသုံးချရင်လဲခံမယ်တဲ့။ အဲ့ဒါပဲဗျ။ ထိပ်ထားလမ်းကြောင်းဆိုတာ။ ပြောပါအုန်း။ ဒီလိုဗျ။ ၁၉၉၃-၉၄ လောက်မှာ ကျုပ်အမေရိကန်သတင်းမဂ္ဂဇင်း Time တစ်စောင်ဖတ်ရတယ်။ ထောင်ထဲမှာ။ မဂ္ဂဇင်း မျက်နှာဖုံးက ဒေါ်စုရဲ့ပုံ မျက်နှာအပြည့်။ ဒေါ်စုပုံအောက်မှာ အဲဒီတုန်းက စစ်အာဏာရှင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်(ထောက်လှန်းရေးထိပ်သီး) ရဲ့ပုံ။ ခေါင်းစီးက The Lady and The General တဲ့။ ကျုပ်က ဆောင်းပါးကိုဘာသာပြန်၊ ပလပ်စတစ်ပေါ်မှာ သံချွန်နဲ့ရေး၊ ထောင်ထဲက ရဲဘော်တွေဆီဖြန့်။ ဘာသာပြန် ခေါင်းစီကို “ ထိပ်ထားနဲ့သေနာ” လို့တပ်လိုက်တယ်။ (သေနာဆိုတာ သေနာပတိကြီး ဗိုလ်ချုပ်မှူးကြီးလို့ ဆိုလိုတာပါ။ ထိပ်ထားရဲ့ နိုင်ငံရေးဟာ ဒီမိုကရေစီစနစ်။ သေနာရဲ့ နိုင်ငံရေးဟာ အာဏာရှင်စနစ်။ ထိပ်ထားရဲ့ နိုင်ငံရေး လုပ်ဟန်က ညှိနှိုင်း ဖြေရှင်းခြင်း။ သေနာရဲ့ နိုင်ငံရေးလုပ်ဟန်က အမိန့်အာဏာ။ (စည်းကမ်းလို့ တံဆိပ်ကပ်တယ်)။

ဒီနေ့ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာတွေ၊ ပဋိပက္ခတွေ၊ အကျပ်အတည်းတွေ၊ လိပ်ခဲတည်းလဉ်းတွေ၊ ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းတုတ်တွေ၊ ရန်-ငါတွေ၊ သူမသာကိုယ်ဈာပနတွေ။ ဒါတွေအားလုံးရဲ့ ဇစ်ဖြစ်က ဘာလဲ။

ချုပ်ပြောရင် ရှင်းတယ်ဗျ။ ဒီနေ့ ကျုပ်တို့ ဘယ်လမ်းလိုက်မလဲ။ ထိပ်ထားလမ်းလား။ သေနာလမ်းလား။ တစ်လမ်းလှမ်းရင် တစ်လမ်းခွာရမယ်ဗျ။ ဒီမိုကရေစီလမ်းလား။ အာဏာရှင်လမ်းလား။ အမိန့်အာဏာလမ်းလား၊ ညှိနှိုင်း ဖြေရှင်းလမ်းလား။ ရွေးကြပေတော့။

ဒီမိုကရေစီထိပ်ထားလမ်းသစ်လမ်းကောင်း ရှေ့မှာရှိတယ်။ အာဏာရှင်သေနာလမ်း ဟောင်းလမ်းဆိုးလဲ ရှေ့မှာပဲရှိသေးတယ်။

ထိပ်ထားလမ်းရွေးကြရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြခံဥပဒေဆိုတာကြီး ကို ပြင်ရမယ် ဗျ။ ပြောင်းရမယ်ဗျ။ ဖြုတ်ရမယ်ဗျ။ ဖျက်ရမယ်ဗျ။ ။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၇)

No comments:

Post a Comment