Wednesday 29 May 2013

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်မည်ဟောကိန်းနှင့်ဥပဒေအမြင်

Wednesday, May 29, 2013

 Photo: ဒေါ်အောင်ဆန်းစုကြည်သမ္မဖြစ်မည်ဟောကိန်းနှင့်ဥပဒေအမြင်
Wednesday, May 29, 2013

နာမည်ကျော်မြန်မာဗေဒင်ပညာရှင်  တစ်ဦးက “၂၀၁၅ ခုနှစ်မှာ ဒေါ်အောင် ဆန်းစုကြည်သမ္မတဖြစ်လာလိမ့်မည်” ဆို သော သူ၏ဟောကိန်းကိုမပြင်နိုင်ကြောင်း  ထပ်မံအတည်ပြုပြောသောအခါရလဒ်၊ ဟောကိန်းမှာဟောကိန်းပင်ဖြစ်သည်ဟု မိမိကိုယ်မိမိယုံကြည်စိတ်ချစွာခံယူထား သော ပညာရှင်ကိုလေးစားပါသည်။ သူက  ဂြိုဟ်နက္ခတ်ကို တွက်ပြီးဟောတာ၊ ဥပဒေ သိစရာမလိုဟုအကြောင်းပြပါသည်။

ကျွန်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို မှီငြမ်း၍ “ဟော” ပါမည်။ ကျွန်တော်သည်ဗေဒင်ပညာဂြိုဟ်နက္ခတ်  အပူးအခွာများကို ဘာမျှနားလည်သူမဟုတ် သဖြင့်၊ သူ့ဟောကိန်းကိုဝေဖန်နိုင်စွမ်းမရှိ ပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည်အခြေခံဥပဒေအခန်း (၃) ပုဒ်မ ၅၉ က လုံးဝလွှမ်းမိုးထားသဖြင့်  ဥပဒေဂြိုဟ်စီးဂြိုဟ်နင်းများမည်သို့ရှိသည်  ကိုလေ့လာတင်ပြပါမည်။
အခြေခံဥပဒေမှာသတ်မှတ်ထားသည့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ တွင် ရှိရမည့်အဓိကအရည်အချင်းများ သည်ဒေါ်အောင်ဆန်းစုကြည်နှင့် မည်မျှ ကိုက်ညီသည်ကိုအောက်ပါအတိုင်းစိစစ် ကြည့်ပါမည်။

ပုဒ်မ ၅၉၊ ပုဒ်မခွဲ (က) နိုင်ငံတော်သမ္မတ သည်နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်   သစ္စာရှိသူဖြစ်ရမည်။ ဤပြဋ္ဌာန်းချက်နှင့် စပ်လျဉ်း၍ဘာမျှအငြင်းပွားဖွယ်မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်သည်နိုင်ငံတော် နှင့် နိုင်ငံသားတို့အပေါ်သစ္စာမရှိသော အရိပ်အယောင်များတွေ့ခဲ့ရပါက ဟို အာဏာပါဝါရှင်တွေလက်ထက်ကပင်နိုင်ငံ တော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ကြီးနှင့် စွဲပြီးလွတ်ရက်မရှိထောင်သွင်းအကျဉ်းချ မှာသေချာပါသည်။

ပုဒ်မခွဲ(ခ) မိမိနှင့် မိမိ၏ မိဘနှစ်ပါးလုံး  နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားသောတိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။ ဒေါ်အောင် ဆန်းစုကြည်ကို ဗဟန်းမြို့နယ်၊ နတ်မောက် လမ်းကအခုဗိုလ်ချုပ်ပြတိုက်အမည်ပေး ထားသည့်အိမ်မှာ မွေးခဲ့သည်။ ဖခင် ဦးအောင်ဆန်းက နတ်မောက်ဇာတိသား  သူ့မိခင်နှင့် ဖခင်တို့အကြောင်းကို သူငယ်တန်းကလေးများပင်သိကြသည်။ 

မိခင်ဒေါ်ခင်ကြည်ကမြောင်းမြသူနှစ်ဖက်  အဖွားနာမည်တိုက်ဆိုင်လိုက်ပုံများ ဦးအောင်ဆန်းအမေက ဒေါ်စု၊ ဒေါ်ခင် ကြည်အမေကဒေါ်ဖွားစုတဲ့။
ပုဒ်မခွဲ (ဂ) အနည်းဆုံးအသက် ၄၅ နှစ် ပြည့်ပြီးဖြစ်ရမည်။ အသက်က ၆၀ တောင်ကျော်လို့တစ်နိုင်ငံလုံးက “အမေစု” လို့ချစ်စနိုးခေါ်နေကြပြီ။
ပုဒ်မခွဲ (ဃ) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့်အမြင်များရှိရ မည်။ ဒီအချက်မှာ နည်းနည်း “စကား ပြော” လာပြီ။ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအမြင် တွေ ဘယ်လောက်ရှိတယ်ဆိုတာ သူ့ပထမဆုံးရွှေတိဂုံအနောက်မုခ်မိန့်ခွန်း နှင့် ပင်လုံလောက်ပါပြီ။ နိုင်ငံတကာကရ ထားတဲ့ပညာရေးဘွဲ့တွေကို တန်းစီရေး ပြဖို့တောင်မလိုတော့ပါ။ အဲဒီမှာ “စစ်ရေး အမြင်” ရှိရမယ်ဆိုတာဘာကိုဆိုလိုပါသလဲ။ အရပ်စကားနဲ့ ပြောရရင် အိတ်စ်အာမီ (ex-army) ဖြစ်မှ သမ္မတဖြစ်မှာလား။ ဒီလိုတော့လည်းမဟုတ်တန်ရာပါ။ လက်ရှိ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း  ဟာတပ်ထွက်မဟုတ်ဘူးလို့သိကြပါတယ်။ 

တပ်ထဲဝင်ဘူးမှ မြန်မာနိုင်ငံမှာ သမ္မတ ဖြစ်နိုင်မယ်ဆိုတဲ့ တစ်ချက်လွှတ်ပြဋ္ဌာန်း ချက်မျိုးတော့ရှိဖို့မသင့်ပါ။
ပုဒ်မခွဲ (င) အနည်းဆုံးအနှစ် ၂၀ နိုင်ငံ တော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။ သူ့ကိုအကျယ်ချုပ်ချခဲ့တဲ့အမိန့်စာတွေ ဆက်ဆက်တို့မြှင့်တဲ့နောက်ဆက်တွဲ အမိန့်တွေရဲ့နေ့စွဲအဖွင့်အပိတ်တွေကို ပေါင်းကြည့်ရင်တောင်၊ ဒေါ်အောင် ဆန်း စုကြည်တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ၀င်းမှာနေခဲ့တာအနှစ် ၂၀ ကျော်ပါပြီ။

ပုဒ်မခွဲ (စ) မိမိကိုယ်တိုင်၊ မိဘ၊ ဇနီးသို့ မဟုတ်ခင်ပွန်း၊ သားသမီး၊ သမက်နှင့် ချွေးမတို့သည် နိုင်ငံခြားသားများမဖြစ်ရ ဒေါ်အောင်ဆန်းစုကြည်သည်နိုင်ငံခြား တွင် နေထိုင်ခဲ့သော်လည်း နိုင်ငံသားအဖြစ် မှ ရပ်စဲစေသော ပြစ်မှုများကို ကျူးလွန် ခဲ့သူမဟုတ်သဖြင့် နိုင်ငံသားဟုတ်မဟုတ် အငြင်းမပွားရုံမက ကြားဖြတ်ရွေးကောက်  ပွဲတွင်ပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံရပြီးသူဖြစ်သည်။ သို့သော်  ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ အဖြစ်အရွေးခံခွင့်ရနိုင်ရေးမှာ ဤပြဋ္ဌာန်း ချက်က လုံးဝလွှမ်းမိုးကန့်သတ်ထားပါ  သည်။ အဘယ်ကြောင့်ဆိုသော်သူကိုယ် တိုင်ကနိုင်ငံသားဖြစ်သော်လည်း သူ၏ ကွယ်လွန်သူခင်ပွန်းနှင့် တရားဝင်သားနှစ် ဦးမှာ အင်္ဂလန်နိုင်ငံဇာတိသားများဖြစ် နေသောကြောင့်တည်း။

ဤနေရာမှစ၍ ကျွန်တော်၏ဥပဒေ အမြင်ဆွေးနွေးပွဲစပါမည်။ လက်ရှိအခြေခံ ဥပဒေပုဒ်မ ၅၉၊ ပုဒ်မစွဲ (စ) ပြဋ္ဌာန်းချက်  အပြည့်အစုံမှာ “မိမိကိုယ်တိုင်သော်လည်း ကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော်လည်း  ကောင်း၊ မိမိ၏ ဇနီးသို့မဟုတ်ခင်ပွန်းသော်  လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး  တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရား  ၀င်သားသမီးတစ်ဦးဦး၏ဇနီးသို့မဟုတ်  ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ  ၏ကျေးဇူးသစ္စာတော်ကိုခံယူစောင့်ရှောက်  ရိုသေသူသို့မဟုတ်နိုင်ငံခြားအစိုးရ၏လက် အောက်ခံဖြစ်သူသို့မဟုတ်တိုင်းတစ်ပါး ၏နိုင်ငံသားဖြစ်သူများမဖြစ်စေရ။ ထိုသူများသည်နိုင်ငံခြားအစိုးရ၏လက် အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏နိုင်ငံသားသော်လည်း ကောင်း၊ ခံစားရသောအခွင့်အရေးများ နှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများမဖြစ်စေရ” အတော့်ကိုအကွက်မိ စွာပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။
နိုင်ငံခြားသားခင်ပွန်းမှာ ကွယ်လွန် ပြီးဖြစ်သော်လည်း၊ ဥပဒေတွင် ကွယ်လွန် သူ၊ သက်ရှိဖြစ်သူဟုခွဲခြားပြဋ္ဌာန်းမထား သည့်အပြင်ခင်ပွန်းကွယ်လွန်သော်လည်း ခင်ပွန်း၏အမွေကိုဆက်ခံနိုင်ခွင့်ရှိသူဖြစ် နေသဖြင့် ဤပြဋ္ဌာန်းချက်နှင့် ငြိနိုင်ပါ သည်။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်  သမ္မတအဖြစ်အရွေးခံနိုင်ရန် ဤကန့်သတ် ချက်များကို ပြင်ဆင်မှဖြစ်ပါမည်။

 မည်သို့  ပြင်ဆင်မည်နည်း။
ဤပြင်ဆင်ရေးကိစ္စသည်ဒေါ်အောင် ဆန်းစုကြည်အားသမ္မတအဖြစ်အရွေးခံ ခွင့်ရနိုင်ရေးအတွက် အဓိကဖြစ်ရာပြင်ဆင်  လိုသော (တစ်နည်းအားဖြင့် ပယ်ဖျက် လိုသော) ကန့်သတ်ချက်စကားရပ်များ ကို ကွက်ပြီးပယ်ဖျက်လိုက်လျှင် လုံလောက်  ပါမည်။ ထိုသို့ပယ်ဖျက်ရန်အတွက် အခြေခံဥပဒေအခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာပြဋ္ဌာန်း ချက်များနှင့် အညီအောက်ပါအတိုင်းတစ်   ဆင့်ပြီး တစ်ဆင့်ဆောင်ရွက်ကြရပါမည်။

ပထမဆင့်
လက်ရှိပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း က ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် အဆိုတင်သွင်းသော ဥပဒေမူကြမ်းတစ်ရပ် ကို စတင်တင်သွင်းရမည်။ 

ထိုမူကြမ်းတွင် အောက်ပါအရေးအသားအတိုင်းပါရှိရ မည်။
“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ)တွင် ပါရှိသော “မိမိ၏ဇနီး သို့မဟုတ်ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ဇနီးသို့မဟုတ်ခင်ပွန်းသော် လည်းကောင်းဆိုသည့်စကားရပ်ကိုပယ် ဖျက်ရမည်။

ဒုတိယဆင့်
ဤပြင်ဆင်ချက်အဆို (ဥပဒေကြမ်း) ကို ပြည်ထောင်စုလွှတ်တော်ကလက်ခံ ဆွေးနွေးပြီးနောက်၊ ကိုယ်စားလှယ်အား လုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်  ရန်သဘောတူပါက အခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) အရအေက်ပါအတိုင်း  ဆက်လက်ဆောင်ရွက်ကြရပါမည်။

တတိယဆင့်
ယခုပြင်ဆင်မည့်ပုဒ်မသည်အခြေခံ ဥပဒေပုဒ်မ ၄၃၆၊ ပုဒ်မ ခွဲ (က) ၀င် ပုဒ်မဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော် က ပြင်ဆင်ရန်သဘောတူရုံဖြင့်မလုံလောက် ဘဲ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည် ပြုချက်ထပ်မံရယူရန်လိုအပ်သဖြင့် ဆန္ဒ ခံယူပွဲကျင်းပနိုင်ရန်လိုအပ်သော အခြေခံ ဥပဒေပြင်ဆင်ရေးပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးဥပဒေကိုပြဋ္ဌာန်းကာ၊ ဆန္ဒခံ ယူပွဲကျင်းပရေးကော်မရှင်အဆင့်ဆင့်ကို တစ်ပါတည်းဖွဲ့စည်းရမည်။

စတုတ္ထဆင့်
ဤပြင်ဆင်ရေးကိစ္စရပ်၏အရေးပါ ပုံကို ပြည်သူ့အတွင်းသို့ချပြပြီး သတ်မှတ် သည့်နေ့တွင် နိုင်ငံတစ်ဝှမ်း၌ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပကာ ပြည်သူတို့၏ သဘောတူညီချက်ကိုရယူရမည်။

ပဉ္စမဆင့်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထောက်ခံမဲ မှာ ထက်ဝက်မကျော်ပါက ဥပဒေပြင်ဆင် သည် အတည်မဖြစ်ဘဲ ထက်ဝက်ကျော် မဲရမှသာအတည်ဖြစ်မည်။

ဆဋ္ဌမဆင့်
ပြည်ထောင်စုလွှတ်တော်သည်ဆန္ဒခံ ယူပွဲ၏ရလဒ်ကိုအခြေခံ၍ အဆိုအတည် မဖြစ်ပါကအတည်မဖြစ်ကြောင်းကြေညာ ခြင်းဖြင့်လည်းကောင်း၊ အတည်ဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းခြင်းဖြင့်လည်းကောင်းလုပ်ငန်း ပြီးပြတ်သည်။
အထက်ပါအဆင့်များမှာ ယေဘုယျ  မှန်းဆပြီးရေးထားခြင်းဖြစ်သည်။ 

ဥပဒေ  ပြင်ဆင်ရေးတကယ်လုပ်ကြသောအခါ ပထမဆုံးအဆိုတင်ရမည့်ပြည်ထောင်စု  လွှတ်တော်ကိုယ်စားလှယ်များထဲမှ ၂၀ ရာခိုင်နှုန်းအင်အားစုရဦးမည်။ ပြည်ထောင် စုလွှတ်တော်တွင် ရွေးကောက်ခံကိုယ်စား လှယ် ၄၉၈ ဦးနှင့် တပ်မတော်သားကိုယ် စားလှယ် ၁၆၆ ပေါင်း ၆၆၄ ဦးရှိရာ ၂၀ ရာခိုင်နှုန်းဆိုပါက အနည်းဆုံး ၁၃၃ ဦး ကနဦးစုစည်းရဦးမည်။ လက်ရှိတွင် အင်အယ်လ်ဒီပါတီဝင်အင်အား ၁၀၀  ပင် မပြည့်သေးပေ။ အခြားပါတီဝင်များအပါ အ၀င်အင်အားဖြင့် ၁၃၃ ဦးရသည်ထား ဦး ၇၅ ရာခိုင်နှုန်းရရှိအောင်ဆက်လက် စည်းရုံးရဦးမည်။ 

ကိုယ်စားလှယ်ဦးရေ အားဖြင့် ၄၉၈ ဦးဖြစ်သည်။ ယင်းအရေ  အတွက်မှာ ရွေးချယ်တင်မြှောက်ခံကိုယ်စား  လှယ်အားလုံး၏အရေအတွက်ပင်ဖြစ်သည်။ ကနဦးအဆိုတင်သည့် ၁၃၃ ဦးကသဘော  တူခဲ့ပြီးဖြစ်သဖြင့် နောက်ထပ် ၃၆၅ ဦး ကိုစည်းရုံးရမည်။
ဤထောက်ခံချက်အင်အားကိန်း ဂဏန်းများအတိုင်းအမှန်ရနိုင်၊ မရနိုင် ကျွန်တော်ဥပဒေသမားက ကြိုတင်မခန့် မှန်းနိုင်တော့ပါ။ တပ်မတော်သားကိုယ် စားလှယ် ၁၆၆ ဦးပါဝင်သော ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၆၆၄ ဦး၏ အဆုံးအဖြတ်ပင်ဖြစ်တော့သည်။ ဤအဆင့်ကိုအောင်မြင်စွာဖြတ်သန်းပြီး မှသာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရန်  ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

၂၀၀၈ ခုနှစ် မေလအတွင်းတွင် ထောက်ခံဆန္ဒမဲ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း  ဖြင့် အတည်ပြုခဲ့သော ပုဒ်မပေါင်း ၄၅၇ ခုပါဝင်သည့်လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ  စာအုပ်ထဲတွင် ပုံနှိပ်ပါရှိနေသည့်စာလုံး ရေ ၄၉ လုံးကို ၀ယ်ဖျက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင်းတွင် အခြေ အတင်ဆွေးနွေးခြင်း၊ မဲခွဲဆုံးဖြတ်ခြင်း အောင်မြင်ပါက ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲကြီးကျင်းပရဦးမည်ဖြစ်ရာ လုပ်ငန်းမည် မျှကျယ်ပြန့်၍ အချိန်နှင့် ကုန်ကျစရိတ် များမည်မျှရှိနိုင်မည်ကိုခန့်မှန်းနိုင်ကြပါ သည်။

 လက်ရှိလွှတ်တော်အသီးသီး၏ သက်တမ်းသည် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီ လ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ရာ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ် တစ်ရပ်လုံးကို ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲမကျင်းပမီအပြီးဆောင်ရွက်  ရန်လိုပါမည်။
ဗေဒင်အလိုအရဂြိုဟ်အနေအထား မည်သို့ရှိမည်မသိသော်လည်း အထက်ပါ  အစီအစဉ်အတိုင်းအခြေခံဥပဒေတွင်ပြင်ဆင် နိုင်ပါမှ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ရွေးချယ်ခံခွင့်လမ်းပွင့်ပါမည်။

သက်ထွန်းရည်
The Hot News

No comments:

Post a Comment