Thursday 30 May 2013

လားရှိုးတွင် ဆူပူအကြမ်းဖက်မှု ထပ်မံဖြစ်ပွား၊ တစ်ဦးသေ လေးဦးဒဏ်ရာရ




ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သဖြင့် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် ရှမ်းပြည်နယ် လာရှိုးမြို့တွင် မေလ ၂၉ ရက် နေ့ မွန်းလွဲ ၂ နာရီကျော်၌ ဆူပူအကြမ်းဖက် မှုများ ထပ်မံဖြစ်ပွားခဲ့ရာ နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။


အဆိုပါ အကြမ်းဖက်မှုများကို ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ကာ လူစုခွဲခဲ့ရကြောင်း၊ ယင်းအကြမ်းဖက်မှုများ ကို ကိုင်တွယ်ရန် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် တို့ လားရှိုးမြို့ကို ရောက်ရှိနေကြပြီ ဖြစ်ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် အပါအဝင် နှစ်ဖက်လူ့အဖွဲ့အစည်း ခေါင်းဆောင်များဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်ရေး လုပ်ဆောင်နေကြောင်း ၄င်းကဆိုသည်။

လားရှိုးမြို့တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများတွင် ပါဝင် ပတ်သက်သည်ဟု ယူဆရသူ ၂၂ ဦးကို ဖမ်းဆီးထား ကြောင်း လားရှိုးမြို့ အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက The Voice သို့ မေလ ၂၉ ရက်နေ့ ညတွင် ပြောကြားသည်။

ဆူပူအကြမ်းဖက်သည့် လူအုပ်စုများသည် မေလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ခန့်တွင် လားရှိုးရပ်ကွက် (၂) ရှိ သီတာအေး ရုပ်ရှင်ရုံကို မီးရှို့ခဲ့ပြီး ယင်းအနီးရှိဆိုင်ခန်း များကို ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ မွန်းလွဲ ၂ နာရီကျော်တွင် ရပ်ကွက် (၈)ရှိ ယုံဟော် အားကစားကွင်းအနီးရှိ ကားဟောင်းပစ္စည်း အရောင်းဆိုင်များ ဖျက်ဆီးခံခဲ့ရပြီး ယင်းအနီးရှိ သာရေးနာရေး ကားတစ်စီးကို မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း လားရှိုးဒေသခံများကို ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။

"တုတ်တွေ၊ ဓားတွေကိုင်ထားတဲ့ လူအုပ်တွေက ဆိုင်ကယ်တွေ၊ သုံးဘီးတွေ၊ Light Truck တွေနဲ့ သွားနေကြတယ်။ လုံခြုံရေးတွေကလည်း ကားတွေနဲ့လှည့်နေတာ တွေ့တယ်။ စစ်တပ်နဲ့ရဲကတော့ လုံခြုံရေး ယူထားတယ်"ဟု လားရှိုး ဒေသခံ ရှေ့နေတစ်ဦးက ညနေ ၅ နာရီခန့်တွင် ပြောကြားသည်။

မေလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့် တွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီး ဒေါ်အေးအေးဝင်း (၂၄နှစ်) ကို ကျိုင်းတုံမြို့မှ လာသည့် အစ္စလာမ်ဘာသာဝင် ဦးနေဝင်း (၄၈နှစ်) က ဓာတ်ဆီလောင်း မီးရှို့ခဲ့ရာမှ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့သည်။

လားရှိုးမြို့တွင် ဖြစ်ပွားနေသည့် ဆူပူ အကြမ်းဖက်မှုများကို သတင်းယူနေသည့် အလွတ်သတင်းထောက် နှစ်ဦး ရိုက်နှက်ခံခဲ့ရပြီး ကင်မရာမှ Memory Card ကို သိမ်းယူခံခဲ့ရကြောင်း၊ ရိုက်နှက်ခံရသူ သတင်းထောက်နှစ်ဦး အနက် ဦးခွန်ဇော်ဦး မှာ ဦးခေါင်းတွင် ဒဏ်ရာရရှိပြီး နောက်တစ်ဦးဖြစ်သူ ဦးချစ်ထွေးမှာ ကျောကုန်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း ဦးခွန်ဇော်ဦး က ပြောကြားသည်။

ကားပစ္စည်းအဟောင်းဆိုင် များကို ဖျက်ဆီးပြီး ဆိုင်ကယ်အစီး ၂၀ ခန့်ဖြင့် ထွက်လာကြစဉ် ကင်မရာ ကိုင်ဆောင်ထားသည့် ၄င်းတို့နှစ်ဦးကို တွေ့၍ ယင်းဖျက်ဆီးသူများက ကင်မရာများကို လုယူခဲ့ရာ ကင်မရာကို မဖျက်ဆီးရန် တောင်းပန်ခဲ့သဖြင့် ကင်မရာကို ဖျက်ဆီးခဲ့ခြင်းမရှိ ခဲ့သော်လည်း ရိုက်နှက်ခဲ့သဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလာရကြောင်း ဦးခွန်ဇော်ဦးက ဆိုသည်။
လားရှိုးမြို့တွင် ရောက်ရှိ သတင်းယူနေသည့် သတင်းသမားများကို ဒေသအာဏာပိုင်များက လုံခြုံရေးအတွက် အာမခံခြင်း မရှိသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုလည်း မရှိကြောင်း သတင်းလွတ်လပ်ခွင့် ကော်မတီက ထုတ်ပြန်ပြီး နှစ်နာရီခန့်အကြာ တွင် လားရှိုးတွင် ရောက်ရှိနေသည့် သတင်းထောက်များ အခက်အခဲရှိပါက ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝေလင်း ဖုန်း- ၀၉- ၅၃၄၃၉၉၆၊ ဦးစီး အရာရှိ ဒေါ်ဆိုင်းလီခမ်း ဖုန်း-၀၉-၄၀၃၇၅၅၂၅၊ ဦးထွန်းနေလှိုင်ဦး ဖုန်း-၀၉-၄၃၁၇၁၃၆၈ တို့ကို ဆက်သွယ်အကူအညီ တောင်းနိုင်ကြောင်း ဦးရဲထွဋ်က အင်တာနက် လူမှုစာမျက်နှာက တစ်ဆင့် ထုတ်ပြန်ခဲ့သည်။

မေလ၂၉ရက်နေ့ ည ၈ နာရီခန့်တွင် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားသဖြင့် လူစုလူဝေး ကင်ရှင်းနေပြီဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်လုံခြုံရေး တပ်ဖွဲ့ဝင်များက လားရှိုးမြို့ပေါ်တွင် လှည့်လည်နေပြီး သက်ဆိုင်ရာကလည်း ညမထွက်ရ အမိန့်နှင့် ပတ်သက်၍ လိုက်လံကြေညာနေကြောင်း ဒေသခံများက မေလ ၂၉ ရက်နေ့ ညနေ ၈ နာရီ ခန့်တွင် မေးမြန်းချက်များအရ သိရှိရသည်။

မေလ၂၈ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှု များကြောင့် ဗလီတစ်လုံး၊ ဘာသာရေးစာသင်ကျောင်း သုံးကျောင်း၊ နေအိမ်ရှစ်လုံး၊ ဆိုင်ခန်း ၁၇ခန်း၊ ပျက်စီးဆုံးရှုံး ခဲ့ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက မေလ ၂၉ ရက်နေ့ ညတွင် ထုတ်ပြန်ထားသည်။


The Voice Weekly

No comments:

Post a Comment