Tuesday, 28 May 2013
ဝန်ကြီးများ အမတ်မင်းများအတွက် မုန့်ဖက်ထုပ် လက်ဆောင် (သူရိန်ထက်)
ရောင်းရင်းရေ …
ဒီဖက်နှစ်ပိုင်းအတွင်းမှာ တီဗွီတွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေ၊ ဘာဘာညာညာ မီဒီယာတွေမှာ အတွေ့ရအများဆုံးဟာ ခေါင်းပေါင်းစ တလူလူနဲ့ အမတ်မင်းတွေ၊ ၀န်ကြီး ၀န်မင်းတွေပဲ ဆိုရင် မှားမယ်မထင်ဘူးဗျ.. နော်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့လေ… ခုလို အမတ်မင်း၊ ၀န်မင်းတွေ ရာထောင်မက မြင်တွေ့ရတာ၊ ခုထိတော့ ဟုတ်တိပတ်တိ မရှိလှပေမယ့် နိုင်ငံ့အကျိုး ရွက်သယ်ပိုးတော့မယ့်ဟန် တပြင်ပြင် လုပ်နေကြတာတော့ တယ် အားတတ်ဖွယ်ကောင်းသကိုးဗျ။
တဟုန်းဟုန်းထနေတဲ့ အလုပ်သမားပြသနာတွေ၊ တဆူဆူ တပူပူဖြစ်နေတဲ့ လယ်သမား အခက်အခဲတွေ၊  တမဟုတ်ချင်း ကျယ်ပြန့်လာတဲ့ လျှပ်စစ်မီး ဆန္ဒဖေါ်ထုတ်မှုတွေ၊ တသေသေ တကျေကျေနဲ့ ဆိုးဝါးနေတဲ့ ကချင် ပြည်နယ် စစ်ပွဲနဲ့ စစ်ဘေးဒုက္ခသည်ပြသနာတွေ၊  တအုံနွေးနွေးဖြစ်နေတဲ့ ရိုဟင်ဂျာ ပြသနာတွေ၊ မထင်မှတ်ပဲ ဖြစ်ပေါ်နေတဲ့ ရေဘေး အခက်အခဲပြသနာတွေ… စတဲ့ စတဲ့ ပြသနာပေါင်း သောင်းခြောက်ထောင်ကို အမတ်မင်းတွေက မသိကျိုးကျွန်ပြုတဲ့သူကပြု၊ နှမ်းဖြူး တဲ့သူက ဖြူး၊ လေပင့်တဲ့သူကပင့်၊ ရိသဲ့သဲ့ လုပ်တဲ့သူကလုပ်၊ မတော်တရော် ပြောသူကပြော၊ စားပြီး နားမလည် လုပ်တဲ့သူကလုပ်၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ် လုပ်ပြသူက လုပ်ပြ၊ နှာစေးတဲ့သူက စေး စသဖြင့် နည်းပေါင်းစုံနဲ့ အမတ်မင်းများ ၀န်မင်းများက ဖြေရှင်းနေကြတာ ကိုလည်း အင်မတန်မှ အားတတ်ဖွယ် တွေ့နေရတာကလား။
ဒီလို အားတတ်ဖွယ်တွေ အင်မတန်တွေ့ရလေတော့ တခါတုန်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောဖူးတဲ့ မုန့်ဖက်ထုပ်ခြောက်ဝန်ကြီး ဆိုတာကို သွားသတိရမိတယ်။ (စကားချပ်။      ။စာအုပ်စာတမ်းတွေ အင်မတန်ချိနဲ့နေရတဲ့ အခြေအနေမို့ မူရင်းအတိုင်း ပြန်မဖေါ်ထုတ်နိုင်တာကိုတော့ သည်းခံပေးပါ တကာတော်။) ဆရာကြီးပြောခဲ့တာကို မှတ်မိသလောက် ပြန်ဖေါက်သည်ချပါရစေ။
တခါတုန်းက..ပေါ့ဗျာ။ ရှင်ဘုရင်ကြီးတပါးမှာ သမီးတော်လေး တယောက်ရှိဆိုပဲ။ တခါမတော့ မင်းသမီးလေး ဟာ မကျန်းမမာဖြစ်သတဲ့။ ဝေဒနာဟာ တစစ ဆိုးဝါးနေတာမို့ သမားတော်တွေ၊ အထူးကုတွေ အစုံအလင်နဲ့ ကြိုးစားကုသပေမယ့် မသက်သာ မပျောက်ကင်းတဲ့အပြင် အိပ်ယာထက်မှာ ခပ်မျော့မျော့လေးပဲ ရှိတော့တယ်တဲ့။ (ခုခေတ်လို စင်္ကာပူမှာ ဆေးသွားကုတာတွေဘာတွေလည်း ခေတ်မစားသေးဘူးကိုးဗျ။) ဘုရင့်သမားတော်တွေ၊ ကျန်းမာရေးဝန်ကြီး (ဟိုတုန်းကတော့ သမားဝန်ကြီးလို့ ခေါ်တယ်ဆိုပဲ) က အစ လက်လျော့ရတော့မယ့် အခြေအနေ ဖြစ်နေတော့ ဘုရင်ကြီးလည်း အင်မတန်မှ စိုးရိမ်းသောကတွေ ဖြစ်ပြီး ကြံရာမရ ဖြစ်နေသတဲ့။
ဒီလိုနဲ့ နောက်ဆုံး သမီးတော်လေးရဲ့ ဝေဒနာကို ပျောက်ကင်းအောင် ကုသနိုင်ရင် သမားဝန်ကြီး ခန့်မယ် လို့ မြို့တွင်းမြို့ပြင် တိုင်းရပ်အခွင်ခွင်ကို မောင်းခတ်ကြေညာစေသတဲ့။
အဲဒီအချိန်မှာ မြို့ပြင် ကျူးကျော်ရပ်ကွက်မှာ ဆေးကုစားတဲ့ ဆရာတယောက်လည်း ရှိသတဲ့။ နာမည်က  ဗိန္ခောဆရာ  ဆရာဇော် ဆိုပါတော့။ သူက ဆေးပညာကို ကျွမ်းကျင် တတ်မြောက်လှချည်ရဲ့တော့ မဟုတ်တာမို့ လျက်ဆားလေး ဘာ လေး ဖေါ်ပြီး ရမ်းသမ်းကုရတဲ့ ဆရာရမ်းကု ဆိုပါတော့။ တပည့်တယောက်တော့ ရှိပေမယ့် ငတ်တလှည့် ပြတ်တလှည့်နဲ့ ခက်ခက်ခဲခဲ အသက်မွေးနေရရှားသကိုးဗျ။
ဘုရင့်သမီးတော် မကျန်းမာလို့ ဆေးကုသပေးနိုင်ရင် ၀န်ကြီးခန့်မယ် ဆိုတဲ့ မောင်းခတ် ကြေညာသံကို ဆရာဇော် ကြားတော့ … “အင်း… ခုလို ငတ်တလှည့် ပျက်တလှည့် နေတာထက်စာရင် ရမ်းသမ်းကုလိုက်လို့ မင်းသမီးလေး ကျန်းမာသွားလို့ကတော့ ကြိုတင်မဲတွေ မဲလိမ်တာတွေ လုပ်စရာတောင် မလိုပဲ ၀န်ကြီးဖြစ်မယ်။  သေသွားရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ.. သေမြေကြီး ရှင်ရွှေထီးပဲ။ ကြုံတုန်း ၀င်စမ်းကြည့်ဦးမှပဲ” လို့ တွေးမိပြီး ကြေညာမောင်းခတ်တဲ့ ပြန်ကြားရေးဝန်ထမ်းတွေဆီ သွားတွေ့သတဲ့။
“ဗျို့.. ဆရာလေးတို့.. မင်းသမီးက အတော်လေး နေမကောင်းဖြစ်နေတာလားဗျ။ ဘာရောဂါလဲ”
“ဒါတော့ မသိဘူးဗျို့..။ ခင်ဗျားက ဘာလုပ်မလို့လဲ“
“သြော်.. ကျုပ်က သမားတော်ကြီးပါ။ ခုတလော အထူးကု ဆေးခန်းတွေ ပြသနာဖြစ်နေတာနဲ့ အနားယူ နေတာဗျ..။ နေပါဦး.. ခင်ဗျားတို့ ဘုရင့်သမီးတော်ကို ဆေးကုနိုင်ရင် သမားဝန်ကြီး တကယ်ပေးမှာလား”
“ဟ.. ရှင်ဘုရင်ဗျ.. လူကြားကောင်း နားထောင်ကောင်းအောင် ပြောရုံပြောတတ်တဲ့ သမ္မတ မဟုတ်ဘူး။ ကတိတည်တယ်။ ခင်ဗျားကုနိုင်ရင် ၀န်ကြီးခန့်မှာဗျ“
“ရွေးကောက်ပွဲရော ၀င်ရဦးမှာလား။ ကြိုတင်မဲတွေ၊ ဖယောင်းသုတ်တာတွေ လုပ်ဦးမှာလား”
“ဟာ.. ဒါတွေ မလိုဘူး။ ကုသနိုင်လို့ကတော့ ၀န်ကြီးတန်းခန့်မှာဗျ။ ခေါင်းပေါင်း ပေါင်းတတ်ဖို့သာ လေ့ကျင့်ထား”
“မဆိုးဘူးဗျ..။ အဲ.. နေဦး.. ၀န်ကြီးပဲ ခန့်မှာလား။ မင်းသမီးလေးနဲ့ လက်ထပ်ပေးပြီး “စိန်စီသောည” တွေ ဘာတွေရော လုပ်ဦးမှာလားဗျ.. ဟီး”
“အာ.. အဲဒါတော့ မပါဘူး.. ကဲဗျာ.. လေရှည်တယ်.. ခင်ဗျား လိုက်ကုမလား။ နန်းတွင်း သမားတော်ကြီးတွေတောင် လက်လျော့ထားရတာနော်။ ကုနိုင်ရင် တပါတည်း ခေါ်ခဲ့ ရမယ်တဲ့.. ”
ဆရာဇော်လည်း အတော်လေး စဉ်းစားပြီး “ကုမယ်ဗျာ.. ခု လိုက်ခဲ့မယ်.. ” ဆိုပြီး ရှိတဲ့ အ၀တ်နွမ်းလေး နှစ်စုံလောက် လွယ်အိတ်ထဲထည့်ရင်း တပည့် လုပ်သူကိုလည်း ဆေးတွေ ထည့်ခိုင်းသတဲ့။
“ဆရာ.. ဆေးက ဘာဆေးတွေ ယူခဲ့ရမှာလဲ။ ဖေါ်စပ်ပြီးသားကလည်း လျက်စားပဲ ရှိတာလေ”
“အာ.. ရှိတာသာ ထည့်ခဲ့။ အဲ.. နေဦး.. ဟိုနေ့က နေလှမ်းထားတဲ့ ဆေးမြစ်တွေ ရသလောက် ထည့်ခဲ့ကွာ” တဲ့။ ဒါနဲ့ တပည့်လုပ်သူကလည်း နေလှမ်းထားတဲ့ ဆေးမြစ်တွေထဲက လက်လှမ်းမှီသမျှ ဟိုနည်းနည်း ဒီနည်းနည်း ထည့်ယူပြီး နန်းတော်ထဲ လိုက်သွားရော ဆိုပါတော့။
ဘုရင်ကြီးက ဆေးကုနိုင်တဲ့သူ ပါလာတယ်ဆိုလို့ ၀မ်းသာပေမယ့် ဆရာဇော်ရဲ့ ခပ်နွမ်းနွမ်း မခန့်မငြား အနေအထားကိုကြည့်ပြီး စိတ်တော့ ပျက်မိတာပေါ့။ ဘာပဲဖြစ်ဖြစ် ကုနိုင်မယ့်သူ မရှိတဲ့ အခြေအနေမှာ ကောက်ရိုးတမျှင်လို သဘောထားကြီး ဆရာဇော် ဆေးကုတာကို ခပ်လှမ်းလှမ်းက ၀န်ကြီး အခြွေအရံတွေနဲ့ အကဲ ခတ်ကြည့်နေသတဲ့။
အိပ်ယာသလွန်ပေါ်မှာ မလှုပ်မယှက် ရှိနေတဲ့ မင်းသမီးလေးကို ကြည့်လိုက်၊ လက်ကလေး ကိုင်ကြည့်လိုက်၊ ဆေးအိတ်ထဲက ဆေးမြစ်တွေ ကြည့်လိုက်နဲ့ အကြံထုတ်နေတဲ့ ဆရာဇော့်ပုံစံက အားရစရာ မရှိတာတော့ အမှန်ပါပဲ။ နောက်ဆုံး ဆရာဇော်လည်း မထူးဘူးလို့ ဆုံးဖြတ်လိုက်တယ်ထင်ရဲ့။ တပည့်ဆီက ဆေးလွယ်အိတ်ကို ယူပြီး ကြည့်တောင်မကြည့်ပဲ လက်လျှိုပြီး  တွေ့ရာ ဆေးမြစ်တခုကို ကောက်ယူ၊ ကျောက်ပြင်တချပ်ပေါ်မှာ ရေသန့်လေးနဲ့ တပည့်ကို သွေးခိုင်းပြီး ဆေး တပန်းကန်လုံးလောက်ရတော့ အထိန်းတော်ကြီးကို ပေးပြီး  ဇွန်းကလေးနဲ့ ဖြေးဖြေးချင်း မင်းသမီးလေးကို တိုက်လိုက်ပါလေရော..။
ဆေးတိုက်နေချိန်မှာ နန်းတော်ထဲမှာလည်း ငြိမ်သက်ပြီး မင်းပရိသတ်တွေက ဆေးကုသတာကို ၀ိုင်းကြည့်နေသလို ဆရာဇော်လည်း ဘာဆက်လုပ်ရင် ကောင်းမလဲလို့ အကြံထုတ်နေတာပေါ့။ အကြံထုတ်ချိန် ရအောင် ဆေးတိုက်တာကိုလည်း ဖြေးဖြေးချင်း အကြာကြီး တိုက်ခိုင်းသတဲ့။
အတော်ကြီးကြာတော့ အသက်တောင် ငွေ့ငွေ့လေး ရှူနေတဲ့ မင်းသမီးလေးဟာ မျက်တောင်လေးတွေ ပုတ်ခတ် ပုတ်ခတ် လှုပ်၊ ပါးစပ်ကလေးက ဟစိဟစိလုပ်လာတာကို တွေ့လိုက်ရသတဲ့။ ဘုရင်ကြီးနဲ့ တကွ တနန်းတော်လုံးလည်း ၀မ်းသာအားရဖြစ်လာသလို ဆရာဇော်ဆိုရင် ကိုယ့်မျက်စိတောင် ကိုယ်မယုံလို့ ပွတ်ကြည့် ရ ဆိုပဲ။ ဒါနဲ့ အားတက်လာပြီး လက်ကျန် ဆေးမြစ်လေးကို ဆက်သွေးပြီး တိုက်ခိုင်းတာပေါ့။
ဒုတိယအကြိမ် ထပ်တိုက်ပြီး အတော်လေးကြာတော့ မင်းသမီးလေးက ခပ်တိုးတိုးလေးနဲ့ “ရေ.. ရေ ပေးပါ” ဆိုပြီး တောင်းသတဲ့။ အားလုံးလည်း ၀မ်းသာပြီး ရေလည်းတိုက်၊ ၀ိုင်းလည်း အုံလာလို့ ဆရာဇော်က ခပ်တည်တည် နဲ့ လူနာနားသိပ်မကပ်ဖို့ (လူကြီးကို လုံခြုံရေး လုပ်ပေးနေကြတဲ့ လူတွေ မျက်နှာပေးမျိုးနဲ့ပေါ့လေ) မောင်းထုတ်ရ ဆိုပဲ။
မင်းသမီးလေး သက်သာလာတယ်ဆိုတော့ ဆရာဇော်လည်း အတော်လေး စဉ်းစားရ ကြပ်နေတာပေါ့။ သူ တိုက်လိုက်တဲ့ ဆေးဟာ ဘာဆေးလဲ၊ ချိုလား၊ ချဉ်လား၊ ငန်လား၊ ဘာအမြစ်လဲ။ နံ့သာဖြူလား၊ ကရမက်လား၊ ဆေးဒန်းလား၊ တောင်တန်ကြီး လား၊ ဆင်တုံးမနွယ်လား.. ပေါ့လေ။ သူများမပြောနဲ့ သူကိုယ်တိုင်တောင် မသိလို့ ဆေးလက်ကျန်လေးကို မသိမသာ လျှာနဲ့ တို့ကြည့်သတဲ့။ ဒီတော့မှ သူ့ဆေးအကြောင်းရော၊ မင်းသမီးလေးရဲ့ ရောဂါအခြေအနေရော သဘောပေါက်ပြီး ဆေးကျန်ကလေးကို ကျင်းပြီး တိုက်၊ အဟာရဖြစ်မယ့်ဟာလေးတွေ တိုက်လိုက်နဲ့ ကုသလိုက်တာ မကြာခင် ပျောက်ကင်းပြီး ဆရာဇော်လည်း သမားဝန်ကြီး ဖြစ်သွားပါလေရော တဲ့ဗျား..။
တကယ်တော့ ဆရာဇော် မကုခင်ကတည်းက ရောဂါက ပျောက်ကင်းနေပါပြီ။ ဆေးဆရာပေါင်းစုံ၊ ဆေးနည်း ပေါင်းစုံနဲ့ ဆေးဝါး မန္တန် ပရိတ်ပဌာန်း က အစ အမျိုးမျိုး သက်သာပျောက်ကင်းအောင် ကုသထားပြီးသားပါ။ ဒါပေမယ့် ဆေးဆရာတွေ မေ့နေတာက လူနာကို အာဟာရ တိုက်ကျွေးဖို့ပါ။ ရောဂါပျောက်ပေမယ့် ရက်ရှည်လများ အာဟာရ မရရှိတော့ မေ့မျောနေတဲ့ လူနာကို ဆရာဇော်က မထင်မှတ်ပဲ အာဟာရ ကျွေးလိုက်မိလို့ပါ။ ဆရာဇော် လျှာနဲ့တို့ပြီး မြည်းကြည့်လိုက်တဲ့ ဆေးဟာ တကယ်တော့ ဆေးမြစ်မဟုတ်ပဲ ဆေးမြစ်တွေ လှမ်းထားတဲ့အပေါ် ကျေးငှက်တွေ ချီလာတဲ့ မုန့်ဖက်ထုပ်တခုဟာ နေလှမ်းလို့ ခြောက်ပြီး ဆေးမြစ်ထဲ ရောနေတဲ့ မုန့်ဖက်ထုပ်ခြောက်ကို သွေးတိုက်မိ လျက်သား ဖြစ်နေတာကိုး။
ဆေးပညာ မတတ်ပေမယ့် သမားဝန်ကြီး ဖြစ်သွားရတဲ့ ဆရာဇော်လို ၀န်ကြီးမျိုးတွေ ဒီခေတ် ဒီအခါ ခေတ် ပြောင်းချိန် လိုလို ဘာလိုလို အခြေအနေထဲ ရောနှောမပါလာပါစေနဲ့လို့ ဆုတောင်းမိပါရဲ့ဗျာ။
ပြည်သူပြည်သားတွေမှာတော့ ရှင်ကြီးဝမ်းထဲ နေရတော့လည်း မသက်သာ၊ ရှင်ငယ်ဝမ်းထဲ နေရတော့လည်း မလွယ်ကူ၊ ခု တခါ ရှင်သစ်ဝမ်းထဲ ၀င်ရရင်တော့ ချောင်လည်တန်ကောင်းရဲ့လို့ မျှော်လင့်ချက်ကလေးတွေ တဝေေ၀ ဖြစ်နေတာကို ပန်းကောင်းအညွှန့်ကျိုးတော့ တယ် မဖြစ်စေချင်ဘူးကိုးဗျ။
အမတ်မင်းတို့ ၀န်မင်းတို့ ခေတ်မှာ ပြောင်းအောင်လည်းလုပ်နိုင်ကြပါစေ..။ ကောင်းအောင်လည်း လုပ်နိုင်ကြပါစေ… လူထုအကျိုးလည်း (နည်းနည်းပါးပါးဖြစ်ဖြစ်) သယ်ပိုင်းနိုင်ကြပါစေ ….။ မုန့်ဖက်ထုပ်ခြောက် ၀န်ကြီးတွေ မဖြစ်ကြပါစေ သတည်း..။ 
(နတ်လူ သာဓုခေါ်စေသောဝ်)
No comments:
Post a Comment