Friday 10 May 2013

မြန်မာတက္ကသိုလ်များအတွက် ဗြိတိန်ထံမှ ဒေါ်အောင်ဆန်းစုကြည်အကူအညီတောင်း



(BBC News မှ 9 May 2013 ရက်စွဲပါ “Daw Aung San Suu Kyi seeks UK help for Burma Universities” သတင်းကိုဘာသာပြန်ဆိုသည်။)

တပ်မတော်အစိုးရလက်ထက်တွင် ဖျက်ဆီးခံလိုက်ရသော မြန်မာတက္ကသိုလ်များ ပြန်လည်ထူထောင်ရေးအတွက် အကူအညီရရန်ဗြိတိန်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါသည်။ လန်ဒန်မြို့တက္ကသိုလ် အဓိပတိများစုဝေးပွဲသို့ မိန့်ခွန်းပြောကြားရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို မိန့်ခွန်းပေးပို့ခြင်းဖြစ်သည်။

“တပ်တော်အစိုးရရဲ့ ဦးတည်ချက်က စည်းကမ်းထိန်းသိမ်းဖို့သာဖြစ်ပြီး၊ ပညာရေးပံ့ပိုးပေးဖို့ မဟုတ်ပါ ဘူး”ဟု သူမကပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က “မြန်မာတက္ကသိုလ်စနစ်ကို နိုင်ငံတကာအထက်တန်းပညာရေး လမ်ကြောင်းပေါ်သို့ ပြန်လည်တွန်းတင်ရန်လိုအပ်နေကြောင်း၊ လက်ရှိတက္ကသိုလ်ပညာရေးစနစ်မှာ လွန်စွာနိမ့်ကျနေကြောင်း ဘွဲ့ရသူများထံတွင် ဘွဲ့နှင်းသဘင်ဓါတ်ပုံမှလွဲ၍ ဘာမှမကျန်ကြောင်း” ရှင်းလင်းပြောကြားသည်။

အစိုးရအတွက် ဆူးညှောင့်ခလုတ်

ပညာရေးပြုပြင်ပြောင်းလဲရေးဥပဒေကို ရေးဆွဲနေသည့် လွှတ်တော်ကော်မတီကို ဦးဆောင်သူ ဒေါ်အောင်ဆန်း စုကြည်က “မြန်မာနိုင်ငံတွင် နိုင်ငံရေးအရှုပ်အထွေးများကြောင့် အထက်တန်းပညာရေးစနစ် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးသွားခဲ့ရကြောင်း၊ ပညာတတ်နှင့် ကျောင်းသားများမှာ အစိုးရအတွက် အနှောင့်အယှက်များဟု ရှုမြင်ခံခဲ့ရကြောင်း၊ တက္ကသိုလ်စနစ်နှင့် တက္ကသိုလ်ဘဝမှာ နှစ်ပေါင်း ၅၀ အတွင်း ပျက်စီးရပ်ဆိုင်းသွားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ပညာရေးအာမခံချက်မရှိသော ခေတ်မီလွတ်လပ်သည့် တက္ကသိုလ်စနစ်ဖွံ့ဖြိုးရန် လိုအပ်နေကြောင်း ဆက်လက်ပြောကြားသည်။

“ပညာရေးလွတ်လပ်ခွင့်ဆိုတာ ရှင်တို့အတွက်မထူးဆန်းပေမယ့် ကျွန်မတို့အတွက်အလှမ်းဝေးနေတဲ့ အိပ်မက်တစ်ခုပါ။ လူငယ်တွေလွှတ်လွှတ်လပ်လပ်တွေ့ဆုံ အသိဥာဏ်ဖလှယ်ဖို့အတွက် တက္ကသိုလ်ကျောင်းနယ်မြေ နေထိုင်မှုဘဝကိုလည်း ပြန်လည်ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ လူငယ်တွေအညွန့်ကျိုးသွားအောင် တက္ကသိုလ်ကျောင်းသားဘဝကိုဖျက်ဆီးဖို့ ကြိုးစားတာဟာ တိုင်းပြည်ရဲ့အနာဂါတ်ကိုဖျက်ဆီးလိုက်တာပါပဲ။” ဟု သူမက ဆိုသည်။

ဗြိတိသျှကောင်စီက စီစဉ်သော မြန်မာကိုယ်စားလှယ်များ၏ ဗြိတိန်တက္ကသိုလ်ပညာရေးအကြာင်း ရှင်းလင်းဟောပြောပွဲအပြီးတွင် အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြာခဲ့ခြင်းဖြစ်ပါသည်။

ရှေးကတည်းက ဆက်ဆံခဲ့မှုကိုအလေးထား

မြန်မာတက္ကသိုလ်များ အထီးကျန်အသင်းကွဲဖြစ်နေချိန်တွင် နိုင်ငံတာအထက်တန်းပညာရေးနယ်ပယ်တွင် ကူးလူးဆက်သွယ်မှုများနှင့် ပြိုင်ဆိုင်မှုများ ဆက်လက်တိုးတက်မြင့်မားလျှက်ရှိသည်။ ယခုအချိန်တွင်မူ မြန်မာတက္ကသိုလ်များနှင့် အခြားနိုင်ငံများ ပြန်လည်ချိတ်ဆက်ရန် ကြိုးပမ်းမှုအချို့ ရှိလာပြီဖြစ် ပါသည်။ ယခုနှစ်အတွင်း အမေရိကန်တက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး၊ လက်တွဲလုပ်ဆောင်မည့် အစီအစဉ်များကိုကြေညာခဲ့သည်။

သို့သော် မြန်မာနှင့်ဗြိတိန်အကြား ယခင်ကတည်းက ဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည်က အလေးထား ပြောကြားသွားပါသည်။ “တစ်ချိန်က မြန်မာ့ပညာရေးစနစ်ဟာ ဗြိတိသျှပညာရေးစနစ်နဲ့ တော်တော်နီးစပ်ခဲ့ပါတယ်။ ခေတ်မီ ပညာရေးစနစ်ကို ဗြိတိန်အစိုးရက မိတ်ဆက်ပေးခဲ့တယ်လို့တောင် အမှန်တကယ် ပြောနိုင်ပါတယ်။ အခုတော့ နောက်တစ်ကြိမ် အကုန်လုံးပြန်လည်သင်ယူရတော့မှာပေါ့”ဟု သူမကဆိုပါသည်။

“ကျွန်မတို့နိုင်ငံအနေနဲ့ ဗြိတိန်နိုင်ငံဆီသာမကဘဲ၊ ခေတ်နဲ့အညီ ပညာရေးစနစ်ပါ လိုက်ပါပြောင်းလဲနေတဲ့ အခြားနိုင်ငံတွေဆီကပါ လေ့လာသင်ယူရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

No comments:

Post a Comment