Thursday 28 March 2013

မောင်မောင်ဝမ်း ရဲ့  သုံးသပ်ချက်

ဘာသာရေးစစ်ပွဲတွေ ၊ ဘာသာရေး ပဋိပက္ခတွေ ဘာကြောင့်ဖြစ်ပွားခဲ့ရတာလဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပညာရှင်များက သုံးသပ်ကြတဲ့အခါ အောက်ပါ အရင်းမြစ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်….။
ဘာသာတခုကို ယုံကြည်သူများဟာ..သူတို့ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကို အခြားဘာသာများထက် မြင့်မြတ်တယ်၊ သန့်စင်တယ် ၊ တခုတည်းသော အမှန်တရားဖြစ်တယ် လို့ အကြွင်းမဲ့ လက်ခံထားခြင်း
( လူသားများဟာ သူတို့ လက်ခံထားတဲ့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားနဲ့သာလျှင် ထိုက်တန်တယ်…တခြားသော ဘာသာများသည် လူ့ဘောင်လောကကြီးကို ဖျက်စီးနေသူများအဖြစ်ရှုမြင်သုံးသပ်ပြီး ) လွှမ်းမိုးဘို့ ကြိုးစားလာသောအခါ…အဆုံးသတ် ဖြိုခွင်းဘို့ကြိုးစားလာသောအခါမှာ ဖြစ်ပွားကြတယ်လို့…သုံးသပ်ပါတယ်
( ဂျာမဏီနိုင်ငံ..Passau University မှာ ကျင်းပခဲ့တဲ့ International Conference on Religion, Conflict and Development စာတမ်းမှ ကောက်နှုတ်ချက် )။
ဒီအချက်အပေါ်မူတည်ပြီး ကျနော်တို့ တွေးခေါ်စဉ်းစားကြည့်ကြရအောင်…ပထမဆုံး သီတဂူဆရာတော်ဘုရာကြီး ဟောကြားခဲ့တဲ့ တရားအပိုင်းအစတခုကို တင်ပြချင်တယ်…..ဗုဒ ဓမ္မသည် ယုံကြည်မူ့ကိုသာ ဦးစားပေးပြီး အသိဥာဏ်မပါသော ( Religion ) မဟုတ်……စရဏ အကျင့်က ပဓါနဖြစ်ခြင်းကြောင့် ကိုယ့်ကိုယ် ကိုယ်အားကိုးရသော အမှန်တရားသာဖြစ်သည်။
ဒီနေ့ ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာ ကိုးကွယ်ယုံကြည်နေသော အခြားဘာသာတရားများမှာ ( Religion ) များဖြစ်သည်….။ ဗုဒ ဓမ္မ ဆိုသည်မှာ အထက်မှာဖော်ပြခဲ့သည့်အတိုင်း ဘာသာ ( Religion ) မဟုတ်သည့်အတွက်….မည်သို့မျှ တုပယှဉ်ပြိုင်စရာ အကြောင်းမရှိဟု ယုံကြည်မိသည်။ ယှဉ်ပြိုင် တုပတယ်ဆိုတာ တူညီမှသာလျှင် ယှဉ်ပြိုင်လို့ရပါတယ်…( နံမည်ကျော် ဘော့လုံးသမား ဒေးဗစ်ဘက်ခမ်းဟာ သူနဲ့ အတူတူ…ရော်နယ်ဒိုကို ယှဉ်ပြိုင်နိုင်ပါတယ်….သို့သော် ဂေါက်ချန်ပီယံ.တိုက်ဂါးဝုဒ် နဲ့ သူနဲ့ ဘာမှမဆိုင်ပါ တူလည်း မတူပါ..ဒါ့ကြောင့် ယှဉ်ပြိုင်စရာ အကြောင်းလည်းမရှိပါ…)။ တကယ်တော့ ဒီကမ္ဘာလောကကြီးမှာ ဗုဒ ဓမ္မ သာလျှင်ရှိပါတယ်…ဗုဒ ဘာသာလို့မရှိပါ ( သုံးဖန်များလွန်းသောကြောင့် အပေါ်ယံ သဏ္ဍန်အားဖြင့် သုံးစွဲခြင်းမှာ ပြသနာမရှိသော်လည်း…အနှစ်သာရပါ…တူညီသည်ဟုယုံကြည်သွားလျှင် ပြသနာများမှာ…ဒီနေရာကစတင်ပါတော့သည် )။ ဗုဒ ၏ နိဗ္ဖါန်သည်…ပကတိတည်ရှိနေသော အမှန်တရားတခုဖြစ်သည်…ဘုံဗိမ္မာန်မဟုတ်…။ စရဏ အကျင့်မပါပဲ လျှောက်လှမ်းလို့ရနိုင်သော အရာမဟုတ်….။ ဒီကမ္ဘာလောကကြီးတွင် ရေ၊မီးရှိသည်…ဒါဟာ ပကတိတည်ရှိနေသည့် အမှန်တရားများဖြစ်သည်…ဒီ ရေမီးတည်ရှိနေခြင်းကို…ဖျက်စီးလို့လည်းမရ…ပြုပြင်လို့လည်းမရ…ရေ မရှိမီးမရှိအောင် လုပ်လို့မရ ဖန်တီးလို့မရ….လောကတွင်ရှိသော မီးများအားလုံးကို အေးအောင်လုပ်ရွေ့ ရေများအားလုံးကို ပူအောင်လုပ်လို့မရ ( ဒါ ပကတိ အရှိတရားများဖြစ်သည် )။ ထို ပကတိတည်ရှိနေသော တရားများကို…ကာကွယ်လို့လည်း…ပြောင်းလည်းသွားမှာမဟုတ်သလို…မကာကွယ်လို့လည်း ပျောက်ပျက်သွားမှာ မဟုတ်ပါ။ ..ထို့နည်းတူ…ဗုဒ ၏ နိဗါန် သည် လောကတွင်တည်ရှိနေသော ပကတိ အရှိတရားဖြစ်သည်….ထို ပကတိအရှိတရားကို ကာကွယ်လို့ ပိုမိုတောက်ပြောင်လာမှာမဟုတ်သလို…ပျောက်ပျက်အောင် ဖျက်စီးလို့လည်း ပျောက်ပျက်သွားလိမ့်မည်မဟုတ်ပါ……။ တခါက စာတတ်ပေတတ် ဘုန်းတော်ကြီးတပါးက မိန့်တော်မူတာကြားဘူးသည်….ဗုဒ ၏ ဓမ္မ များကို ဘာသာ ( Religion ) အဖြစ် မိမိသဘောနဲ့ မိမိသွပ်သွင်းလိုက်ချိန်မှစတင်ရွေ့…ဗုဒ ဘာသာသည် မငြိမ်းမချမ်းဖြစ်လာရသည်ဟုဆိုသည်။
အခြားဘာသာသက်ဝင်ယုံကြည်သူများကို တိုက်တွန်းလိုသည်မှာ ဗုဒ ဓမ္မများသည် ဘာသာ ( Religion ) မဟုတ်သည့်အတွက်..သင်တို့နဲ့ ယှဉ်ပြိုင်ဘက်မဟုတ်…သင်တို့ စိုးရိမ်နေရမည့်အရာမဟုတ်..သင်တို့အား အန္တယာယ်ပြုမည့် အရာမဟုတ်ပါ…..။ သီးခြားတည်ရှိနေသော (ဘာသာမဟုတ်သော) ဗုဒ ဓမ္မများကို….ဘယ်တုန်းအခါကမှ မရှိခဲ့ဘူးသော ၊ ဘုရားရှင်လည်း ဟောကြားတော့ မမူခဲ့သော….ဗုဒဘာသာအဖြစ် တံဆိပ်ကပ်နှိပ်ပြီး…တိုက်ခိုက်ချေမူန်းခြင်း သည်….မသင့်တော်ပါ..ဆိုင်လည်း မဆိုင်ပါ….။ အသားလွတ် ရန်မူခြင်းသာ ဖြစ်လိမ့်မည်…ထို့အတူ ဗုဒ ဘာသာဝင် ( ဘာသာဆိုတာမရှိသော်လည်း သုံးဖန်များသောကြောင့် ပညတ်အရ ဒီအတိုင်းပဲ သုံးပါဦးမည် )…ဆိုသူများမှလည်း ….မိမိနဲ့သက်ဆိုင်ခြင်း မရှိသော…ယှဉ်ပြိုင်ရလောက်အောင် တူညီနေခြင်းလည်း မရှိသော အခြား ဘာသာများကို ထိုးနှက်တိုက်ခိုက်ချေမှုန်းနေခြင်းသည်….ဒေါသမီးတောက်လောင်နေမူ့ကို..နေရာရွေ့ပြီး ရန်လိုမူ့များသာလျှင်ဖြစ်လိမ့်မည်။
တခါက အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်သော သူတဦးနဲ့ ကာလအတန်ကြာဆုံဘူးပါတယ်..အဲဒီအခါမှာ ကျနော်သိခဲ့ရတာကတော့…သူတို့မှာလည်း…( ဗုဒ၏ သမထ ကျင့်စဉ်ကဲ့သို့ ကျင့်ကြံအားထုတ်သော ) ကျင့်စဉ်ရှိကြောင်း…အစ္စလာမ်ဘာသာ၏ အစစ်မှန်တရားသဘောများကို သက်ဝင်ယုံကြည်သူမှန်သမျှ…ပြင်းပြင်းထံထံကျင့်ကြံအားထုတ်ကြကြောင်းသိလိုက်ရတဲ့အခါ..တော်တော် အံ့သြသွားခဲ့ဘူးပါတယ်…တကယ်တော့…ဒီလို ကျင့်ကြံအားထုတ်ရတဲ့ တရားတွေဆိုတာ…ဗုဒ မူပိုင်မဟုတ်ပါ…လောကတွင် ပကတိတည်ရှိနေသော အရှိတရားများသာဖြစ်ပေသည်။ နိဗါန် ဆိုသည်မှာလည်း ဗုဒ ၏ မူပိုင်မဟုတ်ပါ…တီထွင်ဖန်တီးထားချက်လည်း မဟုတ်ပါ……ဒီလောကကြီးမှာတည်ရှိနေတဲ့ ပကတိအရှိတရားကို ကိုယ်တိုင်ကျင့်ကြံအားထုတ်ခြင်းမှသည် သိမြင်သဘောပေါက်နားလည်သွားခြင်းသာဖြစ်သည်…။ သံသရာ အဆက်ဆက်တွင် ပွင့်တော်မူခဲ့သော ဘုရားရှင် အဆက်ဆက်သည်လဲ….နိဗါန်ကိုသာလျှင် ဦးတည်ပြီး…ပွင့်တော်မူလာခြင်းဖြစ်ပေသည်။
တခါက သူငယ်ချင်းဖြစ်သူ ထိန်လင်း ( ပန်းချီ ထိန်လင်း - အင်္ဂလန် ) ကပြောပြတဲ့ အချက်ကလည်း အလွန်မှ အတုယူစဉ်းစားဖွယ်ရာတခုဖြစ်ပါတယ်….အင်္ဂလန်မှာ ဆရာကြီး ဦးဂိုအင်ကာ ရဲ့တရားစခမ်းများရှိပါတယ်…လာရောက်ကျင့်ကြံတရားအားထုတ်ကြသူများထဲမှာ..ဗုဒဘာသာဝင်များသာမက…ခရစ်ယာန်တွေ၊ မွတ်စလင်တွေပါ ပါပါတယ်….။ ဒီလိုလာရောက်ကျင့်ကြံအားထုတ်ခြင်းအတွက် အခြားဘာသာဝင်များအဖို့….ဗုဒဘာသာဝင်အဖြစ်ပြောင်းလည်းစရာမလိုသလို…စိတ်တောင်ကူးစရာမလိုပါ……ဗုဒ ဘာသာ ကိုးကွယ်ယုံကြည်ဘို့ကိုလည်း…အဓမ္မမည်သူကမျှ စကားနဲ့တောင်ပြောဆိုခြင်းအမှု့မပြုပါ…..။ လာရောက်ကျင့်ကြံအားထုတ်သူ အခြားဘာသာဝင်များဟာ..သူတို့သာလျှင်မကပဲ..မိသားစုများ မိတ်ဆွေများကိုပါခေါ်ဆောင်လာပြီး…ကျင့်ကြံအားထုတ်ကြသည့်အတွက်…ငြိမ်းချမ်းမူ့များရနေသည်ဆိုသည်ကို..သိကြပါရဲ့လား…ဒီလိုအောင်မြင်လို့လည်း…ကမ္ဘာအရပ်ရပ်မှာ ဆရာကြီး ဦးဂိုအင်ကာ ရဲ့ တရားစခမ်းများအောင်မြင်နေသည်မဟုတ်ပါလား……….။
အနှစ်ချုပ်ပြောလိုသည်မှာ ဒီကမ္ဘာ လောကတွင် တည်ရှိနေသော ပကတိအရှိတရားများသည်…အားလုံးပိုင်ဆိုင်..အားလုံးလုပ်နိုင်ခွင့်ရှိသော အရာများဖြစ်သည်…။ မီးကိုလူတိုင်းသုံးစွဲနိုင်သည်၊ ရေကိုလူတိုင်းသုံးစွဲနိုင်သည်၊ ဗုဒ ဓမ္မ၏ ဦးတည်ရာပန်းတိုင်ဖြစ်သော နိဗာန်ကို လူတိုင်း ကျင့်ကြံအားထုတ်ခြင်းဖြင့် အရောက်သွားနိုင်သည်။ ဒါ ပကတိတည်ရှိနေသော အမှန်တရားသာလျှင်ဖြစ်သည်။ ထို့အတွက် အခြားဘာသာကိုသက်ဝင်ယုံကြည်သူများမှလည်း…မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားနဲ့ မည်သို့မျှ သက်ဆိုင်ခြင်းမရှိသော….ယှဉ်ပြိုင်စရာမဟုတ်သော..ဗုဒဓမ္မကိုလက်ခံယုံကြည် ကျင့်ကြံအားထုတ်နေသူများကို…သင်တို့၏ ရန်သူစာရင်းမှ ပယ်ဖျက်လိုက်ပါ။ ဘာသာတရားတခုအဖြစ် တန်းထားနေခြင်းမှ ဖယ်ထုတ်လိုက်ပါ…….။ သဘာဝတရားမှာ အမြဲဖြစ်လေ့ဖြစ်ထရှိတဲ့ မိမိခန္ဒာ၏ လောဘ၊ ဒေါသ၊မောဟ တရားများကို အမည်ပြောင်းပြီး ဘာသာရေး၊ နိုင်ငံရေး၊လူမူ့ရေး ရန်လိုမူ့များကို အလွန်မှ စက်ဆုတ်မိပါသည်။ တနေ့က ခြံတခြံရှေ့က လမ်းဖြတ်လျှောက်အသွား…ခြံထဲက ခွေးတကောင်သည် တ၀ုန်းဝုန်းထိုးဟောင် ရန်လုပ်ခြင်းခံရသည်..သူ့ကို ကျနော်နည်းနည်းလေးမှ ရန်မပြုမိပါ..။ အသိဥာဏ်နည်းသော သတ္တ၀ါများ၏ အကျင့်တခုသည် မည်သူကိုမဆို…ရန်လုပ်နေရမှ စိတ်ကျေနပ်သရောင်ဖြစ်နေခြင်းပင်ဖြစ်ပေသည်။ သူတို့၏ စိတ်ကျေနပ်မူ့အတွက် လူသားများ၏ အသက်အိုးအိမ်စည်းစိမ်များကို ပေးဆပ်နေရခြင်းသည်…တရားပါသလား….။ သေချာတာတခုရှိပါသည် မဖောက်မပြန်မပြောင်းမလည်းတရား….သင်ပြုသမျှလုပ်ရပ်..သင့်ထံပြန်လာမည်…..။
သတ္တ၀ါ မှန်သမျှ ဘ၀တဏှာ အရ မိမိ၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်တတ်သည်မှာ သဘာဝဖြစ်သည်….သို့သော်…အခြားတစုံယောက်ကို ရန်လုပ်နေရမှ စိတ်ကျေနပ်နေခြင်းသည် ကား ဖောက်ပြန်ခြင်းလုပ်ရပ်သာဖြစ်ပေသည်။ ရန်လိုမူ့များ ဒီကမ္ဘာမြေပြင်ပေါ်မှာ ကျဆုံးပါစေ။

( တောင်းပန်ချက် - ကျနော့် keyboard မှာ တချို့စာလုံးများ ရိုက်လို့မရပါသဖြင့် လိုအပ်နေသည်များကို နားလည်ပေးပါ )။

4 comments:

  1. ဗုဒကို သိသလိုလိုနဲ့ ကောက်ချက်ချပြသွားတယ် ဆန္ဒြပြတဲ့ ကိုယ်တော်တွေက ၀ိနည်းတော်နဲ့မညီဘူးဆိုရင်တောင် ဒီမိုကရေစီရေးအတွက်ဖြစ်လို့ မြတ်စွာဘုရား ခွင့်လွှတ်တော်မူမှာပါဆိုပြီးဖြေသွားတဲ့ ဒီဗီဘီ မြန်မာ့အရေးကျွမ်းကျင်သူဆိုသူတွေကိုတောင် သတိရသွားတယ်
    ဘုရားဟော ပဋိကတ် ၃ ပုံကိုလေ့လာလိုက်ပါဦး လောကအပြောနဲ့ တရားသဘောကို နားမလည်တော့ ဘုရားထက်ခေါင်းတစ်လုံးပိုမြင့်ချင်သလိုဖြစ်နေတယ် မရှက်တက်ကြပါလား

    ReplyDelete
  2. ကျနော်သိခဲ့ရတာကတော့…သူတို့မှာလည်း…( ဗုဒ၏ သမထ ကျင့်စဉ်ကဲ့သို့ ကျင့်ကြံအားထုတ်သော ) ကျင့်စဉ်ရှိကြောင်း…အစ္စလာမ်ဘာသာ၏ အစစ်မှန်တရားသဘောများကို သက်ဝင်ယုံကြည်သူမှန်သမျှ…ပြင်းပြင်းထံထံကျင့်ကြံအားထုတ်ကြကြောင်းသိလိုက်ရတဲ့အခါ..တော်တော် အံ့သြသွားခဲ့ဘူးပါတယ်
    ထေရ၀ါဒ ဗုဒဘာသာမှာ သမထကျင့်စဉ်မရှိပါဘူး မြတ်စွာဘုရားက ကဲ့ရဲ့တော်မူပါတယ် ထေရ၀ါဒကို ကောင်းကောင်းနားမလည်ဘဲ ဒီလိုထင်ရာမြင်ရာတွေရေးတာ ရှက်ဖွယ်လိလိပါ
    သမထနဲ့ ၀ိပသနာက မတူပါဘူး ဒီအရွယ်ရောက်တာတောင်မသိဘူးဆိုတော့ ဘာအယူကိုလက်ခံထားပါသလဲ

    ReplyDelete
  3. တကယ်တော့…ဒီလို ကျင့်ကြံအားထုတ်ရတဲ့ တရားတွေဆိုတာ…ဗုဒ မူပိုင်မဟုတ်ပါ…လောကတွင် ပကတိတည်ရှိနေသော အရှိတရားများသာဖြစ်ပေသည်။ နိဗါန် ဆိုသည်မှာလည်း ဗုဒ ၏ မူပိုင်မဟုတ်ပါ…တီထွင်ဖန်တီးထားချက်လည်း မဟုတ်ပါ……ဒီလောကကြီးမှာတည်ရှိနေတဲ့ ပကတိအရှိတရားကို ကိုယ်တိုင်ကျင့်ကြံအားထုတ်ခြင်းမှသည် သိမြင်သဘောပေါက်နားလည်သွားခြင်းသာဖြစ်သည်…။ သံသရာ အဆက်ဆက်တွင် ပွင့်တော်မူခဲ့သော ဘုရားရှင် အဆက်ဆက်သည်လဲ….နိဗါန်ကိုသာလျှင် ဦးတည်ပြီး…ပွင့်တော်မူလာခြင်းဖြစ်ပေသည်။
    ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး ပြောလည်း ဆောင်ပါးရှင် မောင်မောင်ဝင်းဆိုတဲ့သူနားလည်မယ့်ပုံလည်းမပေါက်ပါဘူး တော်တော်ဆိုးတဲ့ဆောင်းပါးဘဲ လင့်ပေးလိုက်မယ် ပိဋိကတ် ၃ ပုံဒေါင်းလို့ရတဲ့လင့် http://myanmarbuddha1988.blogspot.com/

    ReplyDelete
  4. တခါက စာတတ်ပေတတ် ဘုန်းတော်ကြီးတပါးက မိန့်တော်မူတာကြားဘူးသည်….ဗုဒ ၏ ဓမ္မ များကို ဘာသာ ( Religion ) အဖြစ် မိမိသဘောနဲ့ မိမိသွပ်သွင်းလိုက်ချိန်မှစတင်ရွေ့…ဗုဒ ဘာသာသည် မငြိမ်းမချမ်းဖြစ်လာရသည်ဟုဆိုသည်။
    စာတက်ပေတက်ဘုန်းကြီးရဲ့ ဘွဲ့တော်လေးသိပါရစေ
    ဘယ်ကဆရာတော်လဲ ဘယ်ကျောင်းမှာသီတင်းသုံးပါသလဲ
    တစ်လက်စတည်း ဘလော့ပိုင်ရှင် ဦးထွန်းဝေကို ခွင့်တောင်းပါရစေ ဒီပို့ကို ရှယ်ချင်ပါတယ် ဒီလိုအချိန်မှာထင်မြင်ချက်တွေပေးမယ်ဆိုရင် ကိုယ်တိုင်တိတိကျကျလေ့လာသဘောပေါက်မှပေးသင့်ပါတယ် ဒီလိုဗဟုသုတတွေနဲ့ အဲလိုနေရာတွေကို ဘယ်လိုများရောက်လာပါသလဲ ဦးအောင်သိန်းလင်းနဲ့ အမျိုးများတော်သလားမသိဘူး လေသံဖမ်းတရားနာတဲ့ပုံက တစ်ထေရာတည်းပဲ

    ReplyDelete