Monday, 11 February 2013

မဝေးသေးတဲ့အတိတ်က အတိုက်အခံကိုဖြိုခွဲမှုများ သင်လဲဘဲ သင်ခန်းစာယူကြနိုင်ရန်


မဝေးသေးတဲ့အတိတ်က အတိုက်အခံကိုဖြိုခွဲမှုများ သင်ခန်းစာယူကြနိုင်ရန်

မဟာဗျူဟာအရ ၁၉၉၀ မှာ ရွေး ကောက်ပွဲလုပ်ဖို့ ကြံစည်ထားကြတယ်။
နည်းဗျူဟာအရ ပါတီတွေ လွတ်လပ်စွာ တည်ထောင်ခွင့်ကို ဘယ်သူတွေ
ပါလာမလဲဆိုတဲ့ မက်လုံးပေးလိုက်တယ်။ တယ်လီဖုန်းတစ်လုံးနဲ့ ဓာတ်ဆီ
ပေပါလိုက် ပေးမယ်ဆိုတဲ့ မက်လုံး၊ အရွယ်စုံ ပါတီထောင်ကြတယ်။

ဝါရင့်တဲ့သူတွေ ရော၊ ၀ါမရင့်တဲ့သူတွေရော ပါတီပေါင်း ၂၀၀ ကျော်၊ ကိုယ့်လူသူ့ဘက်သားပါတီရော၊ သူသျှိုဒလန်ပါတီတွေရော စုံလို့ ပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းသမီး အစ်မက လည်း ပညာသင်ယူကတည်းက
နိုင်ငံရေး သိပ္ပံဘာသာကို သင်ယူထားတာ ရိပ်မိကြရမှာပေါ့။ အခုမှ
ပေါ်ပင်နိုင်ငံရေးဝင် လုပ်တာမဟုတ်ဘူး။ တော်လှန်ရေးကောင်စီ ခေတ်က ကြားဖူးနားဝစကားလေး ပြောပါရစေ၊ မှတ်ထားကြပါ။

အခါတော်ပေး ဟူးရားဖြူ၊ ဟူးရားညို တွေက မင်းလောင်းပေါ်မယ်လို့ နိမိတ်ဖတ်တယ်။ ထင်ရှား ကျော်ကြားတဲ့ မိသားစုထဲကဆိုတော့
ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ရော။ မဖြစ်ခြေဘူးဆိုပြီး ကိုယ်တိုင်ကို
တကူးတက သွားကိုမေးတာ။

"စုစု၊ နိုင်ငံရေးမလုပ်ဘူးလား၊ စိတ်မ၀င်စားဘူးလား" ဆိုပြီး တီးခေါက်တာ။ "ဒီနိုင်ငံမှာနေနေတာ၊ နိုင်ငံရေးမလုပ်ပါဘူး"လို့ ပြန်ပြောတော့ သေချာပြီ၊ သူ တော့ မဖြစ်နိုင်ဘူး၊ စိတ်ချရပြီပေါ့၊ အိုကေ ဆိုပြီး နေလာခဲ့တာ။
၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့လည်းရောက်ရော နိုင်ငံတော်ကောင်စီ
သို့ အိတ်ဖွင့်ပေးစာဆိုပြီး အစ်မနဲ့ ဘီဘီစီဦးထွေးမြင့်တို့က တိုင်းပြည်မှာ
ဖြစ်ပေါ်နေတာနဲ့ပတ်သက်ပြီး အတိုင်ပင်ခံအဖွဲ့ ဖွဲ့စည်းပြီး ဖြေရှင်းဖို့
အကြံပြုလွှာရေးပို့ခဲ့တာပါ။

အဲဒီမှာ မခံချိမခံသာဖြစ်ပြီး နာယကကြီး(ခေါ်) ဘဲလ်အဲယားကို
ခြေမြန်တော်စေလွှတ်ပြီး မေးခွန်းထုတ်တယ်။

"အင်္ဂလန်မှာတွေ့တုန်းကမေးတော့ စုစုက နိုင်ငံရေးမလုပ်ပါဘူးလို့
ပြောတယ်လေ။ အခု ဘာလို့ နိုင်ငံရေး (ဩဂုတ်လ ၁၅ ရက်နေ့
အိတ်ဖွင့်ပေးစာ) လုပ်တာလဲ လို့ မေးခိုင်းလိုက်ပါတယ်"လည်း
ပြော ရော "ကျွန်မ ဟိုနိုင်ငံမှာနေတုန်း နိုင်ငံရေး မလုပ်ဘူးလို့ ပြောတာလေ၊ ဒီနိုင်ငံမှာ နေပြီး နိုင်ငံရေးမလုပ်ပါဘူးလို့ ပြောတာမှမဟုတ်ဘဲ"လို့
အစ်မက ပြန်ဖြေလိုက်ပါတယ်။

နောက်တော့ နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးနဲ့ အစ်မတို့ ဖုန်းနဲ့ စကားပြောကြပါတယ်။ ကားလွှတ်ပေးပြီး လူချင်းလည်း ဆွေးနွေးကြ
ပါတယ်။ နောက်ဆုံး သမ္မတဖြစ်ခဲ့တဲ့သူနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ပြီးမှ
သမ္မတလျာထားတဲ့ စာရင်းမှာပါတော့ တွေ့ဆုံဖို့ အစီအစဉ် ဖျက်သိမ်းလိုက်
ပါတယ်။ (အဲလို အဲလို အတိတ်နိမိတ်နဲ့ နိုင်ငံတော်အဆင့်က စခဲ့တာပါ။ ရိပ်မိကြဖို့ ကောင်းပါတယ်)။ ဩဂုတ်လ ၂၃ ရက်နေ့ ရန်ကုန် ဆေးရုံကြီးမှာ အစ်မထွက်လာပြီး သွေးတိုးစမ်း မိန့်ခွန်းနဲ့ စခဲ့တယ်။ သံရေတိုင်ကီကြီးကို
စင်လုပ်ထားတဲ့အပေါ်မှာက ဘကြီးသော်(မောင်သော်က)နဲ့ခင်သီတာထွန်း၊
စင်ရှေ့မှာက ကဗျာဆရာ မောင်သွေးသစ်၊ စာပေလောက ကိုမျိုးညွန့်၊ ကိုမျိုးမြင့်ညိမ်း၊ မဟာနန္ဒာကိုမျိုးဝင်း၊ ၀တ်ရည် ကိုလေးတို့ စာပေသမဂ္ဂ
အဖွဲ့နဲ့။ နောက် ဩဂုတ်လ ၂၆ ရက်နေ့ကျတော့ ရွှေတိဂုံ အနောက်ဘက်
မုခ်မှာ သမိုင်းဝင်မိန့်ခွန်း ပြောပြီ။ ဘေးမှာက လေးလေး (မင်းသားကြီး
ဦးထွန်းဝေ)နဲ့။ ဖအေ့ရဲ့ နိုင်ငံရေးဇ ပါလာတာ သိသွားကြပြီ။ မဖြစ်တော့ဘူး၊ အပုပ်ချမှဖြစ်တော့မယ်ဆိုပြီး စီမံချက်နဲ့ ကုလားမယား ဘာညာဆိုပြီး စာရွက်စာတမ်းတွေ ရိုက်နှိပ်ပြီး ဖြန့်ဝေတယ်။

ဟိုမှာလိုက်ကပ်၊ ဒီမှာလိုက်ကပ် လုပ်တယ်။ ညကြီးသန်းခေါင် အနော်ရထာလမ်းနဲ့ ရွှေဘုံသာလမ်းထောင့်မှာ စာရွက်စာတမ်းအပြည့်နဲ့
ကားတစ်စီးမိတယ်။ ရွှေဘုံသာလမ်းက ဓမ္မာရုံမှာစစ်ဆေး တော့
အရာရှိတစ်ယောက် ပါဝင်နေတယ်။ သရက်တောကျောင်းတိုက်ကို လွှဲပေးတယ်။ အစ်မဆီ အကြောင်းကြားတယ်။စာရွက်စာတမ်းတွေပါ
ပြတယ်။ တပ်မတော်ဖခင်ကြီးသမီး ပီသစွာ တပ်မတော်သားတွေ
လက်ထဲမှာ ကြီးပြင်းလာတဲ့သူဖြစ်တော့ တပ်မတော်သားတွေအပေါ်မှာ
သံယောဇဉ်ရှိတယ်။

အားလုံးကို ပြန်လွှတ်ပေးဖို့ အစ်မက မေတ္တာရပ်ခံတယ်။ အဲဒီအရာရှိအမည်ဟာ ထိုစဉ်တုန်းက နာမည်ကြီးခဲ့ပါတယ်။
အစ်မနဲ့ အဲဒီအရာရှိဟာ ရေစက် ဘယ်လောက်ဆုံလဲဆိုရင် ၁၀ နှစ်အကြာ၊
၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ လှိုင်သာယာ-ညောင်တုန်းသွား ကားလမ်းမပေါ် က ကြည်စုရွာနားက တံတားလေးပေါ်မှာ ပြန်ဆုံကြတယ်။

အဲဒီအရာရှိက နာမည်လွှဲပြောတော့ အစ်မက မင်းနာမည် အဲဒီနာမည်
မဟုတ်ဘူး၊ သရက်တောကျောင်းတိုက်မှာ ပြောတုန်းက နာမည်ကို
ပြန်ပြောလိုက်ပါတယ်။ (အဲဒီ အရာရှိလေးလည်း ခုတော့
အငြိမ်းစား ဖြစ်သွားပါပြီ။) မကောင်းပြောချင်ကြတဲ့ လူတွေ၊ နာမည်တွေက ပျောက်ပျောက်သွားကြပြီး ဗိုလ်ချုပ်အောင်ဆန်း
သမီး အစ်မကတော့ နာမည်ရှိနေတုန်းပါပဲ။

နည်းဗျူဟာအရ ပါတီတွေပေါ်လာပြီ၊ လက်စလက်နရှိတဲ့သူတွေစာရင်း ယူထားပြီး နိုင်ငံရေးဘိုးဘိုးကြီးတွေက တစ်အုပ်စု၊ သူတို့နဲ့
ပတ်သက်တာတွေ က သတ်သတ်၊ လက်ဝဲသမားတွေက တစ်အုပ်စု၊
ဗကပ အုပ်စုဝင်တွေက သတ်သတ်၊ ကျောင်းသားနဲ့ ပတ်သက်တဲ့ ပါတီတွေက သတ်သတ် စာရင်းပြုစုထားပြီ။

နောက် နည်းဗျူဟာတစ်ခုက ပါတီတွင်း ဖြိုခွဲဖို့ စီမံချက်ပါတီတွေ တည်ထောင်ကတည်းက ကိုယ့်လူတွေ ထည့်ထားပြီးသား။ အဲဒီလူတွေကနေတစ်ဆင့် ပါတီတွင်းပြိုကွဲအောင် ဇာတ်လမ်းလေး တွေ
ဖန်တီးတယ်။ ပါတီတွင်းမှာ ကွန်မြူ နစ်တွေ ရှိနေပါပြီဆိုပြီး ဖန်တီးတယ်။ (တောတွင်းလွှတ်ထားတဲ့ သူလျှိုတချို့ကို ပြန်လာခိုင်း) ပါတီတွေထဲ
ဝင်ပြီးရင် ဒီပါတီက တောတွင်းနဲ့ဆက်သွယ်ပါတယ်၊ ဘယ်သူဟာ
တောတွင်းကလာတဲ့သူကို လက်ခံထားပါတယ်ဆိုပြီး အမှုဆင်ပြီး ဖြိုခွဲတယ်။

မဟာဗျူဟာအရ ၁၉၉၀ မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ နည်းဗျူဟာ
အရ ၁၉၈၉ မှာ အပြတ်ရှင်းထားမှ ၁၉၉၀ အတွက်က စိတ်ချရမှာလေ။
၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလမှာ ပါတီတွင်း ဖြိုခွင်းမှု စတင်တယ်။
မပြိုကွဲတဲ့အပြင် ကာနယ်ဦးကြည်မောင်တောင် အစစ်ရလိုက်တယ်။ ပိုပြီး စည်းလုံးညီညွတ်လာတယ်။ အင်အားတွေ တောင့်လာတယ်။

အစ်မပါတီမှာ ဘရီဂေးရီးယားဂျင်နရယ် ဦးအောင်ရွှေ (နိုင်ငံစုံသံအမတ်ကြီး
ဟောင်း)၊ တော်လှန်ရေးကောင်စီဝင်ဟောင်း၊ ၀န်ကြီးဟောင်း၊ ကာနယ်
ဦးရွှေ၊ နမခတိုင်းမှူးဟောင်း ကာနယ်လွန်းတင်၊ တော်လှန်ရေးကောင်စီဝင်
ဟောင်း၊ လပခတိုင်းမှူးဟောင်းနဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦး၊ ဒု-၀န်ကြီးချုပ်ဟောင်း ကာနယ် ဦးလွင်၊ နတခတိုင်းမှူးဟောင်း ကာနယ် ဦးကြည်မောင်၊ ရပခတိုင်းမှူးဟောင်း
ကာနယ်လှဖေတို့နဲ့ မဟာမိတ်ပူးပေါင်း ပါတီ 'မ.ခ'လို့ ခေါ်တဲ့ မျိုးချစ်
ရဲဘော် ဟောင်းများအဖွဲ့က ကာနယ်ချစ်ခိုင်၊ ကာနယ်စိုးသိဏ်း၊ ကာနယ် စီဗင်ကြူး၊ ကာနယ်ခင်မောင်ထွန်း၊ ကာနယ်စောမြသိန်း (စောမြတ်မာဖခင်)၊
ကာနယ် တင်ကိုကို၊ ကာနယ် မင်းညီတို့ကို မှတ်မိခဲ့ပါတယ်။ (အဲဒီအထဲမှာ လက်ဖ်တင်နင် ကာနယ်တွေ ပါရှိပါတယ်။ ခေါ်ရမှာ ရှည်လို့
တစ်ဆင့်တိုးပြီး ကာနယ်တွေလို့ ခေါ်လိုက်တာပါ။)

ဗိုလ်မှူးဟောင်း ဦးဘသော် (မောင်သော်က)နဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် (ယခုလွှတ်တော် အမတ်မင်း)တို့ကတော့ အမာခံတွေ ပေါ့။ အစ်မက တိုင်းနဲ့ပြည်နယ် စည်းရုံးရေးတွေ ဆင်းတယ်။ ဖခင်ခေတ်ကအတိုင်း
ပြည်သူလူထုက ကြိုဆိုကြတယ်။ ဆက်ဆံကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း
နဲ့ ပုံစံတူဖြစ်လာတယ်။

မိန့်ခွန်းပြောရင်လည်း ဗိုလ်ချုပ်အောင်ဆန်းအတိုင်း လက်တန်းပြောတယ်။ စာရွက်ငုံ့ဖတ်ပြီး နှစ်နာရီကြာတဲ့ မိန့်ခွန်းပြောတာမျိုး မဟုတ်ဘူး။
နိုင်ငံခြားသားနဲ့ စကားပြောရင် အလယ်လူ (စကားပြန်) မပါဘူး။
ဂျပန်လာမလား၊ျပန်လိုပြောတယ်။ ပြင်သစ်လာမလား၊ ပြင်သစ်လို
ပြောတယ်။ အိန္ဒိယစကား၊ ကူတန်စကားလည်း ပြောတတ်တယ်။ (အဲဒီလို ပညာတွေတတ်အောင် မိခင်ရဲ့ဆိုဆုံးမမှုအောက်မှာ ကြီးပြင်းလာတာပါ။
ကိုယ်တိုင်ကလည်း ဖခင်သွေးပါတော့ ဖခင်လိုမျိုး ပညာကိုကြိုးစား
သင်ယူထားခဲ့တာပါ။ ကမ္ဘာ့အရေး၊ မြန်မာ့အရေးကိုလည်း ဘက်စုံ
ထောင့်စုံက လေ့လာထားပြီး ဖခင်လိုမျိုး တိုင်းပြည်ကောင်းစားစေချင်တဲ့
စေတနာအပြည့်နဲ့ နိုင်ငံ့အကျိုးအတွက် နိုင်ငံရေးတာဝန်ထမ်းရွက်တာပါ။
ဖခင်အရှိန်အ၀ါယူပြီး နားမလည်ပါးမလည်နဲ့ ပွဲလန့်တုန်း ဖျာခင်းတာ မဟုတ်ပါဘူး။ဖခင်အရှိန်အ၀ါနဲ့ မြန်မာ့ ရေမြေ တောတောင် တွင်းထွက် သယံဇာတတွေကို ရှယ်ယာလည်း မယူခဲ့ပါဘူး။ တိုင်းပြည်အရေးနဲ့
မိသားစုအရေး ယှဉ်ရင် မိသားစုအရေးကို စွန့်လွှတ်ထားသူပါ။
ဖအေ့သွေး အပြည့်ပါတယ်နော့။)

စည်းရုံးရေးဆင်းတာတွေက ဖခင်နဲ့ တစ်ပုံစံတည်း။ လူထုကလည်း ဖခင်ကိုယ်စား ချစ်ခင်လေးစားကြတယ်။ ၂၆ နှစ်လုံးလုံး မျက်စိပိတ်၊ နားပိတ်နဲ့ တံခါးတွေ ပိတ်ထားကြတော့ ဟလာတဲ့တံခါးကြားကနေ
ထိုးထွက်လာကြတာပါ။

အနာဂတ်ရဲ့ မျှော်လင့်ချက်ရောင်ခြည်ပါ။ ဒါကို မဖြစ်ချေဘူးဆိုပြီး နည်းဗျူဟာ တစ်မျိုးပြောင်းလာတယ်။ အကြမ်းဖက် ခြိမ်းခြောက်တဲ့
နည်း၊ ကန့်သတ်တဲ့နည်း၊ ဟိုမသွားရ ဒီမသွားရ၊ ဒီနေရာမှာမလုပ်ရ
ဆိုပြီး ကန့်သတ်တဲ့နည်းကို သုံးတယ်။

အကြမ်းဖက်ခြိမ်းခြောက်တဲ့နည်းကတော့ ဤနေရာ ဤစည်းကမ်းက
ကျော်ရင် ပစ်ရပါမယ်တဲ့။ လက်နက်ဆိုလို့ အပ်တိုလေးတစ်ချောင်းတောင် မပါတဲ့ သူတွေကို ပစ်မယ်တဲ့။ မိန်းမသားတစ်ယောက်ကို သေနတ်နဲ့ချိန်ပြီး မပစ်လိုက်ရလို့ တားဆီးတဲ့သူကို ဒေါနဲ့ မောနဲ့ စောဒကတက်သတဲ့။
သူတို့ဘက်မှာတော့ သူဟာ သူရဲကောင်းတဲ့။ ဒီလိုနဲ့ နည်းဗျူဟာတစ်မျိုး
ပြောင်းလာတယ်။

အကိုင်း၊ အခက်၊ အရွက်အလက် အရင် စခုတ်မယ်။ ပင်စည်ကြီးပဲ ထားခဲ့ မယ်ဆိုတဲ့သဘော။ ဒါကြောင့် ၁၉၈၉ မတ်လကစပြီး သွေးတိုးစမ်း ကြည့်
တယ်။ မြတ်စံနဲ့ ပေါ်ဦးကို စဆွဲတယ်။ အိုကေ၊ ဇွန်လမှာ သုံးရောင်ခြယ်နဲ့
အစ်မကို ခွဲထုတ်လိုက်တယ်။ ဘဘဦးဝင်းတင်နဲ့ စိုးသိန်းကို အကြောင်း
ရှာလိုက်တယ်။ သူရဦးငွေလှိုင်ပါ ပါအောင်လုပ်တယ်။ ပစ်မှတ်က အဓိကနေ့ဖြစ်ရမယ်ဆိုတော့ (အာဇာနည်နေ့ဟာ ပစ်မှတ်) အာဇာနည်နေ့
ဟာ အစ်မဖေဖေရဲ့ အဓိကနေ့။ အစ်မဟာ အာဇာနည်နေ့မှာ
ဘာလုပ်ပါတယ်၊ ညာလုပ်မလို့ဆိုပြီး အကြောင်းပြလိုက်ပြီး ပင်စည်ရော၊ အကိုင်းအခက်အလက် အရွက်တွေကိုပါ ဖြိုလှဲပစ်ဖို့ ကြိုးစားလာတယ်။

အစ်မဘက်ကလည်း "မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" လို့ ကြွေးကြော်ထားတယ်။ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့နဲ့လည်း အစ်မကို ရန်တိုက်ပေးလိုက်တယ်။ ဗကပ ယူဂျီတွေကို
ကောက်သင်း ကောက်ဖမ်းတယ်။ အရုဏ်ဦးစာစောင် ကိစ္စ၊
ပါတီစုံကအိုဂျီ၊ ယူဂျီ အားလုံးပါပဲ။

မိုဃ်းလင်း၏ သမိုင်းမှတ်တမ်းတင်ရမယ့် အကြောင်းအရာတွေ
(၁၀(ခ)အစ အစ်မက) ဆောင်းပါး မှ....

Myanmar Times မှာ မိုဃ်းလင်း အခန်းဆက် ရေးနေပါတယ် ။
http://www.myanmar.mmtimes.com/index.php/features/3322-2013-01-23-08-50-34.html

No comments:

Post a Comment