သွားပေါ်အောင်ရယ်ရန် ခဲယဉ်းလှသောဗိုလ်ချုပ်နှင့် ကချင်ဗမာချစ်ကြည်မှု
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၆၄ ခုနှစ် နိုဝင်ဘာလတွင် မြစ်ကြီးနားသို့
လာ၍ ကချင်လူကြီးများနှင့်အတူ ကချင်လူထုနှင့်တွေ့ပြီးလျှင် ကချင်လူထု
၏ ညီညွှတ်မှုကို အရယူခဲ့၏။ သူ၏အောင်မြင်မှုတွင် လက်နက်ကြီးများကား ဤသို့ဖြစ်၏ ။
၁။ ညီအကို ကချင်လူမျိုးအပေါင်းတို့ ၊ ကျွန်တော်တို့သည် ညီအစ်ကိုတွေ ဖြစ်ကြ သည်။ ရှေးမဆွက တိဘက်ပြည် ၊ မွန်ဂိုလီးယားပြည်မှ ဆင်းသက်
လာစဉ်အခါ တမိတဖမှ မွေးဖွားသော ညီအစ်ကိုများ ဖြစ်ကြပါသည်။ ခင်ဗျားတို့၏ ပုံပန်းသဏ္ဍန် အသွေးအရောင်တို့သည်လဲ ခွဲခြားလို့ မရနိုင်အောင်တူလှတယ်။ ဗမာတစ်ယောက် သည်ကချင်ခေါင်း ပေါင်း၍ ကချင်လိုဝတ်လိုက်သောအခါ ကချင် ဖြစ်သွားတယ်။ ကချင်တစ်ယောက်
သည် ဗမာလိုဝတ်၍ မောင့်ကျက်သရေ ခေါင်းပေါင်း ပေါင်းလိုက်သောအခါ ဗမာဖြစ်သွား တယ်။ ခွဲခြားလို့မရပါ။ ပြောဆိုနေသော ဘာသာစကား ကွဲပြား
ခြားနား ခြင်းမှာ တစ်စုနဲ့ တစ်စုခွဲခွာပြီး နေထိုင်လာတာကြာတော့ နီးစပ်ရာ
လိုက်၍ ကွာခြား သွားခြင်း မျှသာ ဖြစ်သည်။ အရေးကြီးခါ သွေးနီးဆိုသလို ယနေ့လွတ်လပ်ရေးရဖို့ အလွန်အရေးကြီးသဖြင့် ကျွန်တော်တို့ ညီအစ်ကိုတစု စည်းရုံးဖို့အရေးကြီးလာပြီ ဖြစ်သည်။
(၂) ခင်ဗျားတို့ ကချင်များနှင့် ကျွန်တော်တို့ ဗမာတွေကြားမှာ နယ်ချဲ့အင်္ဂလိပ် က သွေးခွဲထားသော ဗမာမကောင်းဘူး ၊ ဗမာနဲ့ပေါင်းရင် မင်းတို့လူနည်းစုတွေကို ဗမာက ဖိနှိပ်လိမ့်မယ်၊ ချုပ်ချယ်လိမ့်မယ် ၊ ဗမာက အားကြီးညစ်ပတ်တယ်ဆိုတဲ့ ဟာတွေလဲ ခြေထိုးမှုများသာ ဖြစ်ပါတယ်။ ယုံစရာမရှိပါ။ တကယ်လို့ ကချင်တောင် တန်းမှာ တာဝန်ကျရောက်တဲ့ ဗမာအရာရှိ များ ကချင်လူမျိုး အပေါ် စော်ကားမော်ကားလုပ်မှု ၊ အနိုင်ကျင့်
မှုများ ရှိရင်လဲ မေ့ပစ်ကြပါ။ ဒါတွေက ရှေးဟောင်းဗမာတွေ နယ်ချဲ့ရဲ့
ကျေးကျွန်တွေ သာဖြစ်ပါတယ်။ ယခု ဗမာဟာ ဗမာသစ် ၁၉၄၆ ဗမာ ဖြစ်ပါပြီ။ ဒါကြောင့် ယုံကြည်စိတ်ချစွာ ပေါင်းကြရအောင်။ ခင်ဗျားတို့ လူနည်းစုတွေ ကချင်တွေကိုဖိနှိပ်လိမ့်မယ်လို့ မယုံသင်္ကာစိတ် သံသယစိတ် ရှိကြတာကို ကင်းရှင်းသွားအောင် လူမျိုးကြီးက လူမျိုးငယ်ကို နိုင်စားလို့
မရတဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးများကို ဥပဒေလုပ်ပြီး ပါလီမန်မှာ ပြဌာန်းထားပေးခဲ့မယ်။ ကျွန်တော်သေသွားသည့်တိုင်အောင် ဥပဒေက မသေနိုင်သဖြင့် ဘာမှ ကြောက်စရာမရှိပါ။
၃။ ယခုလိုလွတ်လပ်ရေးမရတဲ့အချိန်မှာ ခင်ဗျားတို့ တောင်တန်းသားတွေနှင့်
ကျွန်တော်တို့ဟာ ပညာရေး ၊ ကြီးပွားရေး ၊ စီးပွားရေးမှာ အဆင့်အတန်း
ချင်း အင်မတန်ကွာလှပါတယ်။ လွတ်လပ်ရေးရလာလျှင် အခွင့်အရေး
တန်းတူ ၊ သာတူညီမျှ ကောင်းစားခွင့် ရမယ် ။ ဗမာတကျပ်ရရင် ကချင်တကျပ် ၊ ရှမ်း တကျပ် ၊ ချင်း တကျပ် ရမယ်။အခွင့်အရေးတန်းတူ ရဖို့ရန် လွတ်လပ်ရေးရဖို့ လိုပါတယ်။
၎။ ကချင်လူမျိုးတွေ အနေနှင့် လွတ်လပ်ရေးရပြီး အင်္ဂလိပ်တွေပြန်သွားရင် အင်္ဂလိပ်တွေရဲ့နေရာမှာ ဗမာအစားထိုးပြီး ဗမာများက အုပ်စိုးသွားလိမ့်မယ် ဆိုတဲ့ သံသယစိတ် ရှိလိမ့်မယ်။ အဲဒီလို မဖြစ်အောင် ဆောင်ရွက်ပေးမယ်။ ခင်ဗျားတို့ ကချင်လူထုစိတ်ကြိုက် ခင်ဗျားတို့လူမျိုးထဲက ရွေးချယ်ပြီး မိမိတို့လူမျိုး နှင့် မိမိတို့ အုပ်ချုပ်ပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိမယ်။ ပြည်နယ်တွေ သတ်မှတ်ပေး မယ်။ ဒါကြောင့် ခင်ဗျားတို့အနေနှင့် မယုံသင်္ကာမရှိကြပါနဲ့။ယုံယုံကြည်ကြည်နဲ့ ကျွန်တော်တို့နဲ့ ပေါင်းပြီး လွတ်လပ်ရေး ယူကြရအောင် ။
အထက်ပါ ဗိုလ်ချုပ်စကားသည် ကချင်လူထုကြီး၏ ဦးနှောက်ထဲ ၊ စိတ်နှလုံးထဲ ၊ သံမှို့ နှက်သလိုဝင်ရောက်သွား၍ ဗိုလ်ချုပ်၏ အပြောအဆို
တို့သည် မေတ္တာစစ်မေတ္တာမှန်ဖြင့် ပြောနေခြင်းဖြစ်သဖြင့် ကချင်လူထုကြီး
သည် ဗိုလ်ချုပ်အပေါ် ယုံကြည်မှု အားထားမှု ပြင်းပြလာသည်။ သူ့စကားကို လက်ခံကာ ဗမာနှင့်ပေါင်းပြီး လွတ်လပ်ရေးပန်းတိုင်ကိုအရယူရန် ရာခိုင်နှုန်း အပြည့်ဆုံးဖြတ်ပြီး ဗိုလ်ချုပ်အား ကတိပြုလိုက်ကြသည်။ ကချင်လူထုသည် ဗိုလ်ချုပ်အပေါ် တကယ်အစ်ကိုကြီးနှင့်မခြား အားကိုးယုံကြည်လျက် လွတ်လပ်ရေး ပန်းတိုင်သို့ ချီတက်ကြ၏။ ဗိုလ်ချုပ်အနေနှင့်လည်း ကချင် လူထုအပေါ်မည်မျှယုံကြည်သည်ကို မြစ်ကြီးနား မန်ခရင်ကျေးရွာ၌ ကချင်အမျိုး သမီးများနှင့် ဗိုလ်ချုပ်အတူ တွဲရိုက်ထားသော ဓာတ်ပုံသည် သက်သေခံလျက်ရှိ၏။ သွားပေါ်အောင်ရယ်ရန် ခဲယဉ်းလှသော ဗိုလ်ချုပ်သည် အလွန်သဘောကျသော အမူအရာဖြင့် ရယ်ပြခဲ့လေသည် ။
ဗိုလ်ချုပ်သည် ပေးသောကတိများကို မပျက်မကွက် လုပ်ပေးခဲ့၏။ ပြည်နယ်များ နှင့် လူနည်းစုများ၏ အခွင့်အရေးများကို ပြဌာန်းပေးခဲ့သည်။ ကိုယ်ပိုင်အုပ်ချုပ်ရေးများ အချုပ်အခြာအာဏာများကို သတ်မှတ်ပေးခဲ့သည်။သို့သော် လွတ်လပ်ရေးမရမီ ပြည်ထောင်စုကြီး တစ်ခုလုံးအတွက် မမျှော်လင့်သော ကံဆိုးမိုးမှောင်ကျခဲ့သည်။ ၎င်းမှာ ကျွန်ုပ်တို့၏ လွတ်လပ်ရေးဖခင် ၊ အမျိုးသားခေါင်းဆောင်ကြီးများအား မသမာ လူတစ်စု လုပ်ကြံ သတ်ဖြတ်ခဲ့၍ ဗိုလ်ချုပ်ကျဆုံးခဲ့ရသည်။
ုပြည်မရှိ လူထု၌ ၀မ်းနည်းကြေကွဲခဲ့ရသလို ကချင်လူထု၌လည်း ၀မ်းနည်း ကြေကွဲခဲ့ရသည်။ ပြည်မလူထု၌ ယူကျုံးမရ ဖြစ်၍ မျက်ရည်ကျသလို ကချင်လူထုလည်း မျက်ရည်ကျခဲ့ရသည်။ တစ်တိုင်းပြည်လုံး ကြိမ်မီးအုံးသလို ဖြစ်ခဲ့သည်။ ပူဆွေးဒုက္ခ ဖြစ်ခဲ့သည်။
ဦးဇန်ထားရှင် ၏ ဒီမိုကရေစီ ပြောင်းပြန် စာအုပ် မှ

No comments:
Post a Comment