Monday 21 January 2013

သမ္မတ အပစ်ရပ်အမိန့် စစ်တပ်မနာခံကြောင်း ကချင်ပြောဆို





 
M Z (Burma-Newselite)
တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချင်တယ်လို့ သမ္မတ ဦးသိန်းစိန်က တနင်္ဂနွေနေ့မှာ ထပ်မံ ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်က သူ့ရဲ့ အမိန့်ကို မနာခံဘဲ ကချင်တပ်တွေကို ဆက်လက် တိုက်ခိုက်နေကြောင်း KIA နဲ့ ကချင်ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က သမ္မတ ဦးသိန်းစိန်က တရုတ်နယ်စပ်အနီး လိုင်ဂျာယန်က စစ်တပ်တွေ အပစ်ရပ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒီအမိန့်ဟာ စနေနေ့မနက်မှာ စတင်အသက်ဝင်ရမှာ ဖြစ်ပေမဲ့ လိုင်ဂျာယန်မှာသာမက ကျန်ဒေသတွေမှာလည်း စနေ၊ တနင်္ဂနွေ ၂ရက်စလုံး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှူးကြီး ဂျိမ်းလန်ဒေါင်း က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မြန်မာတပ်ဟာ ကချင်တပ် ဌာနချုပ်ရှိရာ လိုင်ဇာကို သိမ်းယူဖို့ ရည်ရွယ် တိုက်ခိုက်တယ်ဆိုတဲ့ အချက်ကို သမ္မတ ဦးသိန်းစိန်က ငြင်းဆိုခဲ့ပါတယ်။ တပ်မတော်ဟာ အခုဆိုရင် ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာနဲ့ လက်တကမ်းမှာပဲ ရှိနေပေမဲ့ လိုင်ဇာကို မသိမ်းဖို့ အမိန့်ထုတ်ထားတယ်လို့ သမ္မတ ဦးသိန်းစိန်က ရန်ကုန်မြို့မှာ အစိုးရမဟုတ်တဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် တနိုင်ငံလုံး ရေရှည်တည်တန်းတဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် အမြန်ဆုံး အတူထိုင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ကလွဲလို့ တခြားနည်းလမ်းမရှိဘူးလို့ လည်း သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။

ဗိုလ်မှူးကြီး လန်ဒေါင်းက တနင်္ဂနွေနေ့မနက်ပိုင်း ကေအိုင်အေကို ထိုးနှက်တိုက်ခိုက်မှုမှာ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ခြေလျင်တပ်ကနေ တိုက်ခိုက်တာတွေ ပါဝင်တယ်လို့ ပြောပါတယ်။ ဒီတိုက်ပွဲကို မနက် ၈ နာရီ
လောက်မှာ စတင်ထိုးစစ်ဆင်လာတယ်လို့ ဆိုပါတယ်။ ဒေသခံ
အရပ်သားတဦးကလည်း တိုက်ခိုက်မှုရှိရာမှာ လိုင်ဇာနဲ့ ၅ မိုင်လောက် အကွာမှာရှိတဲ့ ကေအိုင်အေစခန်းကို တိုက်ခိုက်တာ တွေ့ရကြောင်း၊ ဂျက်တိုက်လေယာဉ်တွေ ပျံနေတာတွေ့ရပေမဲ့ လေကြောင်းက တိုက်ခိုက်တာကိုတော့ မတွေ့ရကြောင်း ပြောပါတယ်။

သမ္မတဦးသိန်းစိန်က စနေနေ့က ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာအလှူရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ကချင် ကေအိုင်အိုကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ရက်သတ်မှတ်ပြောဆိုတာတော့ မရှိသေးပါဘူး။

ဒီကိစ္စအပေါ် မြန်မာအစိုးရဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေးအတွက် လိုလားကြောင်း ဒီထက်ပိုပြီး သက်သေ မပြနိုင်မချင်း ဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ ကေအိုင်အိုက သမ္မတထံ အကြောင်းပြန်ကြားခဲ့ပါတယ်။

ကျနော်တို့ဟာ ၁၉၉၄ ခုနှစ်ကတည်းက အပစ်ရပ် သဘောတူထားခဲ့တာပါ။ အခုကျနော်တို့ ဘယ်လို အခြေအနေကို ဆိုက်ရောက်နေသလဲ ကြည့်ပါ။ .. ကျနော်တို့ဘက် သဘောတူညီချက် ချိုးဖောက်ခဲ့တာလည်း မဟုတ်ဘူး။ .. လို့ ဂျိမ်းလန်ဒေါင်းက ပြောပါတယ်။

အစိုးရဟာ အပစ်ရပ်တာကို အခွင့်အရေးယူ အချိန်ယူပြီး သူပုန်တွေရဲ့ခြေကုတ်စခန်းကို ဖြိုဖို့ ပြင်ဆင်တာသာဖြစ်တယ်လို့ သူက ပြောပါတယ်။ အမေရိကန်နဲ့ တရုတ်အပါအ၀င် နိုင်ငံတကာက သံတမန်ရေးနဲ့ ဖိအားပေးတာတွေကြောင့် တစိတ်တပိုင်းအနေနဲ့ အပစ်ရပ်ဖို့ သဘောတူခဲ့တာဖြစ်ပြီး ထိုးစစ်တွေက တကယ်တော့ မရပ်ခဲ့ဘူးလို့ ဆိုပါတယ်။

သမ္မတ အမိန့်ထုတ်ပြန်အပြီး မြန်မာစစ်တပ်ရဲ့ လိုင်ဂျာယန်ကို ထိုးစစ်တွေ ဆက်နေတဲ့အပေါ် ကချင်တပ်ဘက်က စွတ်စွဲချက်ကို မြန်မာအစိုးရဘက်က တစုံတရာတုန့်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဒါပေမဲ့ ဖားကန့်က ရဲစခန်းကို ကချင်သူပုန်တွေ ၀င်ရောက်တိုက်ခိုက်မှုနဲ့ ဗန်းမော်- လွယ်ဂျယ်ကားလမ်းမှာမိုင်းထောင်တဲ့လုပ်ရပ်အပေါ် သမ္မတရုံးပြောခွင့်ရ ဦးရဲထွဋ်က အပစ်တင်ပြောဆိုထားပါတယ်။

No comments:

Post a Comment