Monday 28 January 2013

စေ့စပ်ညှိနှိုင်းပြီး အပေးအယူ လုပ်ခြင်းသည် မြန်မာနိုင်ငံအတွက် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား





စေ့စပ်ညှိနှိုင်းပြီး အပေးအယူ လုပ်ခြင်းသည် မြန်မာနိုင်ငံအတွက် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ ဇန်န၀ါရီလ ၂၅ ရက်က ပြောကြားခဲ့ပါသည်။
တပ်မတော်အနေဖြင့် လွှတ်တော်တွင်၂၅ ရာခိုင်နှုန်းသော နေရာကို ရယူထားသော်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်က အတည်ပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ခြင်းဖြစ်သည်။
''ကျွန်မအနေနဲ့ ဒါကိုသိပ်ပြီး မစိုးရိမ်ပါဘူး။ ကျွန်မတို့နိုင်ငံရဲ့ တပ်မတော်သားတွေကလည်း တခြား ပြည်သူတွေလိုပါပဲ မြန်မာနိုင်ငံကို ပိုပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့၊ အားကောင်းတဲ့၊ သဟဇာတဖြစ်တဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်စေချင်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ ဒါကြောင့်လည်း စေ့စပ်ညှိနှိုင်းပြီး အပေးအယူ လုပ်ခြင်းမှ တစ်ဆင့် အဖြေရနိုင်မယ့် အလားအလာကို ကျွန်မ မပစ်ပယ်တာပါပဲ။ အမှန်ကတော့ ဒီလမ်းကို ကျွန်မသွားချင်တာပါပဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံ ဟာဝိုင်ယီ ပြည်နယ် ရှိ East-West Center သို့ ရောက်ရှိစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဆုတံဆိပ် လက်ခံရန်နှင့် မိန့်ခွန်းပြောကြားရန် အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယား နိုင်ငံများသို့ ဇန်န၀ါရီလ ၂၄ ရက်မှ ဖေဖော်ဝါရီလ ၁ ရက်ထိ သွားရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေစဉ် အတွင်း ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှ ဒီမိုကရက်တစ် တန်ဖိုးများနှင့် မကိုက်ညီသည့် ပုဒ်မများကို ပြင်ဆင်လိုကြောင်းနှင့် ပြင်ဆင်လိုသည့် ပုဒ်မများ ရှိနေကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီး ရေးဆွဲထားသည့် မည်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမဆို မှန်ကန် တရားမျှတသည်ဟု မထင်ကြောင်းနှင့် ယင်းသည် ဒီမိုကရက်တစ် မဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ''မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော် လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများဖြစ်လျှင် ထိုသူသည် နိုင်ငံတော် သမ္မတ မဖြစ်နိုင်ပေ'' ဟု ပြဋ္ဌာန်းထားသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါဝင်သည့် ပုဒ်မများအနက် စစ်မှန်သည့် ပြည်ထောင်စုဖြစ်ရန် အတားအဆီး ဖြစ်နေသည့် ပုဒ်မများသည် အစိုးရိမ် အပူပန်ဆုံး ဖြစ်ကြောင်း၊ တိုင်းရင်းသား အားလုံး၏ မျော်မှန်းချက်များကို လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေက မဖြည့်ဆည်း ပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့သည်။
''တကယ်လို့ ကျွန်မတို့အနေနဲ့ ဒီမျှော်မှန်းချက်တွေကို မဖြည့်ဆည်း ပေးနိုင်ဘူးဆိုရင်တော့ ငြိမ်းချမ်းမှုနဲ့ သဟဇာတ ဖြစ်မှုကို အခြေခံတဲ့ စစ်မှန်ပြီး တာရှည်ခံတဲ့ ပြည်ထောင်စုကို တည်ထောင်နိုင်ဖို့ ဘယ်တော့မှ မမျှော်လင့် နိုင်ပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီလ ၂၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်၊ သမ္မတသစ်အဖြစ် ရွေးချယ်ခံထားရသည့် မစ္စပက်ဂွန်းဟေးတို့နှင့် တွေ့ဆုံဆွေးနွေး သွားရန်ရှိကြောင်း သိရသည်။

No comments:

Post a Comment