Tuesday 22 January 2013

ဆောင်းဟေမာန်မှ ရှာမှရှား (ဇူးဇူး)





၁၇.၁.၂ဝ၁၃ ရက်နေ့တွင် နတ်၊ လူ သာဓုခေါ်စေသော အလှူဒါနတစ်ခုအား နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင်ကိုယ်ကျ လက်ခံခဲ့သည်။ ယင်းအလှူသည် လက်ရှိ နေထိုင်နေလျှက်ရှိသော ကျပ် (၃၅ဝ) သိန်းခန့် တန်ဖိုးရှိသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အပြီး လှူဒါန်းရန် ယခုသက်ရှိထင်ရှား ရှိနေစဉ်၌ လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

အလှူရှင်ဖြစ်သူ ဦးလှကျော် အသက် (၈ဝ) နှစ်သည် ကွယ်လွန်သူ ဒေါ်မိမိကြီး အားရည်စူး၍ တိုက် (၁)၊ အခန်း (၂) ဆောင်းဟေမာန်အိမ်ရာ၊ မြောက်ဒဂုံမြို့နယ်ရှိ ဆောင်းဟေမာန်တိုက်ခန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းခဲ့သည်။ ဦးလှကျော်သည် သား၊သမီး မိသားစုမရှိဘဲ တစ်ဦး တည်း နေထိုင်သူဖြစ်ပြီး ၄င်းတိုက်ခန်းအား မိမိမရှိတော့သည့် နောက်ပိုင်း၌ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အများပြည်သူတို့အတွက် အကျိုးရှိစွာဖြင့် အသုံးချနိုင်ရန် အပြီးအပိုင် ယတိပြတ် လှူဒါန်း ခဲ့ခြင်းဖြစ်သည်။

ဦးလှကျော်သည် ထေရဝါဒ ဗုဒ္ဓဘာသာပီပီ ပထမဦးစွာ သံဃာတော်များကို မိမိ၏တိုက်ခန်းအလှူ လှူဒါန်းမည်ဟု စီစဉ်ပြီးမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းရခြင်းကို တိုက်ခန်းအလှူရှင် ဦးလှကျော်မှ “နဂိုကတည်းက ဗုဒ္ဓဘာသာပီပီ ဒါနကိုပြုချင်တယ်၊ ပြုချင်ပေမယ့် ဘယ်ဟာအကောင်းဆုံး ဖြစ်မလဲလို့ ကျွန်တော့်စဉ်းစားကြည့်တော့ ဘာသာရေးအရ သံဃာတော်တွေကို လှူချင်ပေမယ့် လှူနေတဲ့ သူတွေအများကြီးရှိတယ် လူသားတွေအတွက်ကတော့ အလှူမခံရတဲ့ ပြဿနာရှိတယ်။ ဒါကြောင့် ကျွန်တော်က ပြည်သူတွေ အကျိုးရှိအောင်ဆိုပြီးတော့ လှူလိုက်တာပါ။ ဒီလိုနာရေးကို လှူတဲ့သူတွေ နည်း နေတယ်။ ကျွန်တော့ရည်ရွယ်ချက်က နာရေးကူညီမှုအသင်း(ရန်ကုန်)ကအားလုံးပုံအပ်ပြီး လှူဒါန်းခြင်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

“လူ့အလို နတ်မလိုက်နိုင်” ဟု ပညာရှင်များ ဆိုရိုးစကားရှိသည်။ လူတို့၏ လိုအပ်သော တောင်းဆု များကို အလွယ်တကူ ဖန်ဆင်းပေးနိုင်သော နတ်တစ်ပါးပင် အလိုမလိုက်နိုင်ဟုဆိုလျှင် လူတို့၏ လိုချင် တပ်မက်စိတ်သည် မည်မျှပင်များပြားကြောင်း သိရှိနိုင်ရန် ပညာရှင်တို့၏ ထိုစကားပုံသည် ထင်သာလှ သည်။ ယခုတွင်မှု အလှူရှင် ဦးလှကျော်သည် မိမိပိုင်ဆိုင်မှု အတုဖြစ်သော ဆောင်းဟေမာန်တိုက်ခန်းကို လိုချင်တပ်မက်မှုမရှိ ကိုယ့်နောက်မပါမည့် ထိုတိုက်ခန်းအား လှူဒါန်းခြင်းသည် မိမိသေဆုံးသွားသည့်အခါ မိမိနောက်ပါမည့် ဒါန၊ သီလ၊ ဘာဝနာ ဟူသော ပိုင်ဆိုင်မှုစစ်စစ်ကို ဆုပ်ကိုင်ရင်း နတ်၊ လူ သာဓု ခေါ်စေမည့် မွန်မြတ်သော အလှူဒါနတစ်ခုကို ပြုအပ်ပါတော့သည်။

ဇူးဇူး

{သံဖြင့်လုပ်သော အနှောင်အဖွဲ့၊ သစ်ဖြင့်လုပ်သော အနှောင်အဖွဲ့၊ မြက်, လျှော်တို့ဖြင့်လုပ်သော အနှောင်အဖွဲ့မျိုးကို ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိတို့မဆိုကုန်။

ပတ္တမြားနားတောင်း စသော ရတနာတို့၌လည်းကောင်း၊ သားမယားတို့၌လည်းကောင်း လွန်စွာ တပ်မက်နှစ်သက်သော ငဲ့ကွက်မှုတဏှာ အနှောင်အဖွဲ့မျိုးကိုသာလျှင် ခိုင်မြဲသော အနှောင်အဖွဲ့ဟု ပညာရှိ သူတို့က ဆိုကုန်၏။

လျော့ရဲဟန်ရှိသော်လည်း လွတ်နိုင်ခဲသော၊ ယုတ်နိမ့်ရာ အပယ်ငရဲသို့ ဆွဲခေါ်တတ်သော ဤ အနှောင်အဖွဲ့ကို ပညာရှိသူတို့သည် ရုန်းဖြတ်၍ ကာမဂုဏ်ချမ်းသာကိုစွန့်ကာ တောသို့ဝင်ကြကုန်၏။}

(ဓမ္မပဒ)

No comments:

Post a Comment