Saturday, 26 January 2013

ဘောလုံးသမား သူငယ်ချင်းများ


(ရေး - မင်းကိုနိုင်)

ပိုးကုန် အချိန်ကုန်
စောင်းတီးသင်ဖို့ အခွင့်မကြုံသမျှ
ငါတို့လက်တွေ
မိုးစက်တွေကို ဆုပ်ကိုင်
ကျောင်းခေါင်းလောင်းကို လှုပ်ယမ်းစေနိုင်ခဲ့။

ဂိုးအသွင်းမခံရဖို့ 
အနိုင်ဂိုးဖိသွင်းဖို့ 
ဘောလုံးကွင်းမရှိသေးတော့
အတူ အပြေးပဲ ကျင့်ခဲ့ကြပေါ့။

လေသွင်း လေထုတ်
အလုပ်နှစ်ခုပညာ
ပယောဂ မပါပဲ တတ်ခါစ...

တစ်ယောက်ဒဏ်ရာတစ်ယောက် လျှာနဲ့ ယက်ပေးကြ
တစ်ယောက်ကွေးရင် တစ်ယောက် ထုရိုက်ဖြောင့်ပေးကြ
တကယ်ပါ ဒါတွေဟာ
ငါတို့ လျော်နိုင်လို့ အထိုးခံဝံ့တဲ့ လောင်းကြေးတွေပါ။
“တစ်သက် ထာဝရ သတိရနေမယ်”

အဲဒါတွေက
ငါတို့ လုသောက်နေကြ အုန်းမှုတ်ခွက်ကို
“ရွှေခွက်” လို့ လာရေးတဲ့ အက္ခရာတွေပါ။

တွေ့ ဆုံခွဲခွာ
မျက်နှာနှစ်ဘက်ပါတဲ့ အသပြာ တစ်ချပ်
ကိုယ်ကြိုက်ရာ ဝယ်စားတတ်ပြီးတဲ့အခါ
ချိုချဉ်ဖန်ခါး အသားတစ်ဆုပ် အရွက်တစ်ရာ
စားမြုံ့ ပြန်မယ်လုပ်ခါမှ
မှန်ထဲမှာ
ငါ့ကိုယ်နဲ့ ဘယ်သူ့ မျက်နှာလဲ...
အလီတွေရွတ် ချွတ်ကြည့်လည်းမရ
ဂါထာတွေရွတ် ချွတ်ကြည့်လည်းမရ
ဘယ်သူ့ ပယောဂ လည်းဟေ့...
မဟုတ်ဘူး
ငါတို့ အတတ်ကြူး စွပ်ခဲ့ကြတာ။

ချွတ်မရတော့တဲ့ မျက်နှာဖုံးတွေအောက်
တစ်ယောက်မျက်နှာ တစ်ယောက်မမြင်

ခုတော့
တစ်ယောက်ဂိုးပေါက်ပဲ တစ်ယောက်မြင်
ရွှေဂိုးတွေ တစ်ဒိုင်းဒိုင်း ကန်သွင်းချင်နေကြတယ်။

မင်းကိုနိုင်

No comments:

Post a Comment