Tuesday 22 January 2013

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား .

.


1.21.01

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိရန် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည်ဟု ဇန်န၀ါရီ ၂၀ ရက်က ပဲခူးတိုင်း ဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းမြို့ ပြည်သူ့ခန်းမတွင် ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံဟောပြောပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။


ထို့အပြင် တစ်ဦးနှင့် တစ်ဦး အဆင်ပြေပြေ နေထိုင်ရန်အတွက် အားနည်းချက်များ ရှိနေသောကြောင့် ငြိမ်းချမ်းရေး မရရှိသေးခြင်း ဖြစ်ကြောင်း၊ ထိုသို့ ငြိမ်းချမ်းရေး မရှိခြင်း၏ အကျိုးဆက်ကြောင့် မုန်းမြို့တွင်လည်း မြေမြှုပ်မိုင်းကြောင့် မသန်စွမ်း များစွာဖြစ်နေသည်ကို တွေ့ရပါကြောင်းနှင့် အဓိက အကြောင်းအရင်း များကို ညှိနှိုင်းရန်အတွက် မုန်းမြို့သို့ လာရောက်ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပြည်သူလူထု အနေဖြင့် ငြိမ်ချမ်းရေးကို ရယူလိုသော်လည်း မည်သို့ ဆောင်ရွက်ရမည် ဆိုသည်ကို မသိရှိ၊ အဖြေမရှာ နိုင်သေးကြောင်းနှင့် ငြိမ်းချမ်းရေး ရယူရန်အတွက် တစ်ဦးချင်းစီတွင် တာဝန်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ကျွန်မတို့တစ်တွေ ငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ အဓိက စဉ်းစားရမှာပါ။ ကျွန်မတို့ နိုင်ငံမှာ ငြိမ်းချမ်းရေး ရမှသာလျှင် ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ သက်သာမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းတယ်ဆိုတာ ခပ်တိုတို ပြောရရင် အသက်အန္တရယ် ကြောင့်ကြခြင်းမှ ကင်းဝေးတာ စိုးရိမ်ကြောင့်ကြရမယ့် ကိစ္စတွေက ကင်းဝေးတာ။ တစ်ကယ် ငြိမ်းချမ်းတယ်ဆိုတာ စိတ်ထဲကနေ လာတာ။ စိတ်ထဲမှာ ငြိမ်းချမ်းရေးရှိမှ တစ်ကယ် ငြိမ်းချမ်းတယ်လို့ ပြောရမှာ။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ဟာ မငြိမ်းချမ်းရင်၊ မလုံခြုံရင် ဘယ်လိုမှ စိတ်ထဲမှာ ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ ပြည်သူပြည်သားတွေ စိတ်အတွင်း အေးချမ်းရေးရဖို့ ဆိုလို့ရှိရင် တစ်ယောက်ခြင်း တစ်ယောက်ခြင်းစီမှာ ကြိုးစားဖို့ တာဝန်ရှိပါတယ်။ ငြိမ်းချမ်းရေး မရတဲ့ အကြောင်းကလည်း အများစုက ငြိမ်းချမ်းရေး မရတာ ဘာကြောင့်လဲဆိုတာ ကိုယ့်ကိုယ်ကို လက်ညှိုးမထိုးဘူး။ ကိုယ့်ဘက်ကနေ သူများကိုပဲ လက်ညှိုးထိုးနေတော့ ငြိမ်းချမ်းရေး မရဘူး။ ဒါကို ကျွန်မတို့ ပြောင်းလဲနိုင်မှ လိုချင်တဲ့ ငြိမ်းချမ်းရေးကို ရမှာပါ။ တစ်ယောက်ချင်း တစ်ယောက်ချင်း တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်း ကနေပြီးတော့ ငြိမ်းချမ်းရေး ရအောင် ဘယ်လိုလုပ်နိုင်သလဲ ဆိုတာ စဉ်းစားပြီးတော့ ကိုယ့်ရဲ့ စဉ်းစား သုံးသပ်ချက် အပေါ်မှာ မှန်မှန်ကန်ကန်နဲ့ ရဲရဲဝံ့ဝံ့နဲ့ လုပ်ဖို့လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဟောပြောပွဲတွင် မုန်းမြို့ရှိ မြေမြှုပ်မိုင်း ထိခံထားရ၍ မသန်စွမ်း ဖြစ်နေသော ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ မေးမြန်းခြင်းများ၊ လိုအပ်သော အကူအညီ အထောက်အပံ့များ ဖြည့်ဆည်းပေးရေးအတွက် ဒေသ အာဏာပိုင်များ၊ တာဝန်ရှိသူများ မသန်စွမ်း အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပြီး မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်ကြီးမြို့သို့ ဆက်လက် သွားရောက်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment