Thursday 3 January 2013

အလင်းကြောက်သူတွေရဲ့ အတင်း ထောင်ချောက်ထဲမှာ..........




ရာသီဥတုလို ဖောက်ပြန်တဲ့လူတွေကြားမှာ
ရိုးသားခြင်းကို တယုတယ နှစ်ရှည် စိုက်ပျိုးခဲ့လည်း
တင့်တယ် လှပမှုများ ပျောက်ဆုံးနေဆဲ ဘ၀အိမ်ယာထဲ
မျက်နှာထားတင်းတင်းနဲ့ ငတ်မှုခေါင်းပါးခြင်းများ အလည်လာစဉ်
ကံကြမ္မာက တွေ့ ရာအပေါက်မှ ခြေဆောင့်ထွက်သွားတယ်..။

အခက်အခဲ အကြပ်အတည်းကြားထဲ မရမက မွေးမြူခဲ့ အသက်ကို ဇီဝိန်ခြွေဖို့ 
အေးမြတဲ့ ဆောင်းက မသေရုံတမယ် မြှောက်ထိုး ပင့်ကော်လုပ်တယ်..။
ယစ်မူးဆဲ စစ်ပွဲက ဘ၀ကို အမြီးလို သားရည်စာလို လုပ်စားတယ်..။

လူမသိ သူမသိ နဖားကြိုးအထိုးခံလိုက်ရတဲ့ ဆင်ခြင်တုံတရား
ပိုးလိုးပက်လက် နေ့ ရက်များနဲ့ ရက်ရက်စက်စက် ဖောက်ပြန်
သန်သန်မာမာ အဆိုးအမှားများ ရွာရိုးကိုးပေါက် လျှောက်ချိန်
ဖျားနာနေဆဲ အမှန်တရားက ဗုံးခိုကျင်းထဲမှာ ပုန်းနေတယ်..။

လါပ်ပြာမလုံ ထိတ်ထိတ်ပြာပြာ တိတ်ဆိတ်ငြိမ်သက်ခြင်း သွေးကြောထဲ
စိတ်နာယုံ အလန့် တကြား ဘ၀မောများ အဆက်မပြတ် စီးမျော
မယုံကြည်နိုင်လောက်အောင် အံသြမှုများ ဆွံအ
အပြောင်းအလဲ မုန်တိုင်းမလာခင်အချိန်ထိ
မြောင်းထဲက အိမ်မက်တွေကို နေထုတ်လှမ်းခဲ့တယ်..။

လျှောက်လှမ်းမဲ့လမ်းများ စိမ်းလန်းခြင်းများ မျိုးစေ့ကြဲ
ပျောက်နေဆဲ အပြုံးများ တစစီ ပြန်ကောက်
အလင်းကြောက်သူတွေရဲ့ ထောင်ချောက်ထဲမှာ
ဒဏ်ရာများကို ပြပွဲလုပ်ပြီး သိက္ခာကို လေလံပစ်လို့ ရပြီ...။

နေလောင်မျက်နှာနဲ့  အတော်ရင့်ကျက်လာတဲ့ မျှော်လင့်ချက်တွေ
တောင်ပြိုသလို ပုံပျက်ပမ်းပျက် လက်တွေ့ ကျကျ ဖြစ်မလာတဲ့အခါ
အာရုံသစ်ဟာ မကြည်လင်တဲ့ ကောင်းကင်မှာ မကျေမနပ် လွင့်မျော
အမှောင်ညက တစ်ကိုယ်တော် ဆန္ဒပြနေတယ်..။

အပေါင်းအပါ အများအပြားနဲ့ မတရားမှုများ အားသွန်ခွန်စိုက် လိုက်ချိန်
စစ်ပြေးဒုက္ခသည်လို အနာဂတ်က ခြေဦးတည့်ရာ ပြေးတယ်
ကျည်ဆံများ ခုနစ်သံချီပြီး နှစ်ဟောင်းထဲက ခုန်ထွက်လာကာ
မျက်မမြင် ဗုံးတွေက ဗုံးပေါလအော ပေါတယ် ၊
စားသူမဲ့ အမှန်တရား ၊ စားနပ် ရိက္ခာလို သေလုမျောပါး ရှားတယ်..။

အောင်ခိုင်မြင့်
၀၃ ဇန်န၀ါရီ ၂၀၁၃

No comments:

Post a Comment