Monday, 17 December 2012

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပြဿနာ စုံစမ်းရေးစစ်ဆေးရေးကော်မရှင် လုပ်ဆောင်ရမည့် တာဝန်များ(၂)



မြန်မာနိုင်ငံသည်  ဖွံ့ဖြိုးတိုး တက်ဆဲနိုင်ငံများထဲတွင် နောက်ဆုံး တန်းမှ တန်းစီနေရသော နိုင်ငံတစ်ခု ဖြစ်ပါသည်။ ကမ္ဘာနှင့် ယှဉ်လျှင် (ယခုမှ ဂူတွင်းမှထွက်လာသည့်ကျောက် ခေတ်လူသားကဲ့သို့) နည်းပညာဖွံ့ဖြိုး တိုးတက်မှုများစွာ နောက်ကျနေခဲ့ သောနိုင်ငံတစ်ခုဖြစ်ပါသည်။ ထိုသို့ သော နိုင်ငံတစ်ခုအတွက် ပြိုလဲနေ သော စီးပွားရေးကို အမြန်ဆုံးပြန် လည်ထူထောင်နိုင်ရန်မှာ နိုင်ငံ၏ သယံ ဇာတများကို ထုတ်ယူရောင်းချခြင်း ဖြင့်သာ  ဆောင်ရွက်နိုင်မည်ဖြစ်ပါ သည်။ ဤအချက်ကို စာရေးသူအနေ ဖြင့် မည်သည့်အခါကမျှ အငြင်းမပွား ခဲ့ပါ။ သို့သော် ထိုသယံဇာတထုပ် ယူရောင်းချ၍ မိမိတို့၏ပြဿနာထုတ် ကို လတ်တလော ဖြေရှင်းခဲ့ခြင်း သည် နောက်လာနောက်သား သား စဉ်မြေးဆက်များအတွက်  ပြဿနာ များချန်ထားခဲ့ရာ မရောက်စေလိုပါ။ မိမိတို့လုပ်ဆောင်ခဲ့သော လုပ်ဆောင် ချက်များ၏ အပြစ်အနာများသည် နောက်လာမည့် မျိုးဆက်များအတွက် 'ကျိန်စာဆိုးများ'အဖြစ်မကျန်ခဲ့စေလိုပါ။

          ယခုအခါကြေးစင်တောင် စပါယ် တောင်စသည့် (ပထဝီဝင်တွင် သင် ကြားခဲ့ရသော) တောင်များမြေပုံပေါ်မှ ကွယ်ပျောက်သွားခဲ့ပြီဖြစ်ပါသည်။ ဆက်လက်လုပ်ကိုင်မည်ဆိုပါက လက် ပံတောင်းတောင်သည်လည်း မြေပုံ ပေါ်မှပျောက်ကွယ်သွားပါတော့မည်။ 'တောင်များကွယ်ပျောက်လျှင် လေ စီးကြောင်းနှင့် လေတိုက်နှုန်း အ ပြောင်းအလဲဖြစ်မည်' ဆိုသည်မှာ အနည်းငယ်မျှပင် ပညာသင်ဖူး၊ ကြား ဖူး၊ ဖတ်မှတ်ဖူးသူတိုင်း သိနိုင်ကြ သောအချက်ဖြစ်ပါသည်။ တောင်နှင့် တောမရှိလျှင်၊ လေစီးကြောင်းနှင့် လေတိုက်နှုန်းများပြောင်းလျက် မိုး လေဝသ ပြောင်းလဲမည်ဟူသည်မှာ လည်း မည်သူမျှ ငြင်း၍မရပါ။မိုး လေဝသ  ပြောင်းလဲခြင်းဟူသည်မှာ တစ်နှစ်-နှစ်နှစ်မှသည်  ဆယ်စုနှစ် တစ်စုအတွင်း သိသာချင်မှ သိသာ လိမ့်မည်ဖြစ်သော်လည်း ဆယ်စုနှစ် ပေါင်းများစွာအကြာတွင်မူ ခြားခြား နားနား သိသာလာပါလိမ့်မည်။ ထို သောအခါ အပြစ်မဲ့နောင်လာနောက် သားတို့သည် ၄င်းတို့၏ ဘိုးဘေးများ ဖြစ်လာကြမည့် ယခုကျွန်ုပ်တို့၏ အ မွေဆိုးဖြစ်သော ပြဿနာဝန်ထုပ်ကို ရင်စည်းခံကြရပေတော့မည်။ (သူတို့ ခွင့်လွှတ်နိုင်ကြပါစေဟု ကြိုတင် ဆု တောင်းထားသင့်လှပေသည်)။
၂(ဂ)    ကြေးနီစီမံကိန်းဆောင်ရွ က်ခြင်း ကြောင့် နိုင်ငံတော်၊ (ပြည်သူ လူထုနှင့် အနာဂတ်မျိုးဆက် များ)အတွက် အကျိုးရှိ/မရှိ၊
          နိုင်ငံတော်က စီမံကိန်းတစ်ခုကို ဆောင်ရွက်သည်ဆိုရာတွင် အဓိကမှာ နိုင်ငံတော် (ပြည်သူများ)အကျိုးရှိရန် ဖြစ်ပါသည်။ သို့သော် လတ်တ လော အကျိုရှိရန် လုပ်ဆောင်ခြင်း သည် အနာဂတ်အတွက် ကြီးမား သောပြဿနာများ  မကျန်ခဲ့စေရန် လည်း အထူးဂရုပြုဆောင်ရွက်ရန် လို ပါသည်။ အထက်တွင် ဖော်ပြခဲ့ပြီးဖြစ် သည့်အတိုင်း စာရေးသူတို့ ဘိုးဘေး မိဘများက လတ်တလော စားဝတ် နေရေးပြေလည်စေရန် 'အိမ်တိုင်ချွတ်' ရောင်းခဲ့၍ နောင်လာမည့် သားမြေး များ လမ်းဘေးအိပ်ရသည့်ဘဝ မရောက် စေလိုပါ။ ဤအချက်ကိုတော့ မြဲမြံစွာ နှလုံးသွင်းကြရပါမည်။
          ဤနေရာတွင် စာရေးသူ အမြဲ မေးခဲ့၊ မေးနေဆဲ၊ မေးနေဦးမည်ဖြစ် သည့် မေးခွန်းကိုမေးရပါမည်။ ဤ ကြေးနီစီမံကိန်းကြောင့်  နိုင်ငံတော် သည်မည်မျှအကျိုးကျေးဇူး ခံစားရပါ သနည်း။ ယခု အကျိုးတူလုပ်ဆောင် သောစီမံကိန်းတွင် နိုင်ငံတော်မှ ကြေး စင်တောင်၊ စံပယ်တောင်၊ လက်ပံ တောင်းတောင် စသည့် နိုင်ငံတော်၏ သယံဇာတများကို ရင်းနှီးမြုပ်နှံမှုအ ဖြစ်ပါဝင်ကြောင်း (စုံစမ်းစိစစ်စရာ မလိုဘဲ) သိရှိရပါသည်။ ထိုရင်းနှီး မြုပ်နှံမှုတွင် ဝမ်ပေါင်ကုမ္ပဏီက မည် မျှထည့်ဝင်ပါသနည်း၊ ဦးပိုင်ကုမ္ပဏီ က မည်မျှထည့်ဝင်ပါသနည်း။ ဤ သည်ကို ရှင်းရှင်းလင်းလင်းသိလိုပါ သည်။ ထို့အပြင် ကြေးနီထုတ်လုပ် မှုတန်ဖိုး၏ မည်သည့်ရာခိုင်နှုန်းကို နိုင်ငံတော်ကရရှိပါသနည်း၊ ဦးပိုင် ကုမ္ပဏီက မည်မျှရရှိပါသနည်း၊ ဝမ် ပေါင်ကုမ္ပဏီက မည်မျှရရှိပါသနည်း။ နိုင်ငံတော်က ရရှိရမည့် အကျိုးခံစား ခွင့်ရာခိုင်နှုန်းကို မည်သည့်နည်းလမ်း ဖြင့်ပေးချေပါသနည်း၊ မည်သို့ပေးချေ ပါသနည်း၊ (လူအများ နားလည်စေ မည့် စကားလုံးများဖြင့် ရေးသားရ လျှင်၊ ငွေသားငွေစာရင်းဖြင့် ပေးချေ သည်လား၊ ကုန်ပစ္စည်းဖြင့် ဖလှယ်၍ ပေးချေသည်လား၊ ကုန်ပစ္စည်းဖြင့် ဖ လှယ်ပေးချေသည်ဆိုလျှင် မည်သည့် ကုန်ပစ္စည်းများဖြင့်ပေးချေပါသနည်း၊ လူသုံးကုန်ပစ္စည်းများလော၊  စား သောက်ကုန်ပစ္စည်းများလော၊  စစ် လက်နက်ပစ္စည်းများလော)။ ဤအ ချက်တို့ကို ထိမ်ချန်ထား၍မရတော့ ပါ။ လျှို့ဝှက်ထား၍မရတော့ပါ။ ပွင့် လင်းမြင်သာစွာချပြကြရပါမည်။ သို့ မှသာ ဤကြေးနီစီမံကိန်းသည် နိုင်ငံ တော်(ပြည်သူတို့)အတွက် အမှန်တ ကယ်အကျိုးရှိ /မရှိ ဟူသည့်အချက် ကို စုံစမ်းစစ်ဆေးဖော်ထုတ်နိုင်ပါလိမ့် မည်။ သို့မှသာ အနာဂတ်မျိုးဆက် များအတွက် အမှန်တကယ် အကျိုး ရှိ မရှိကို သိနိုင်ပါလိမ့်မည်။
          7 day news Journal တွင် သ တင်းဖော်ပြချက်အရ ဤစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေပြီး ရင်းနှီးမြှုပ် နှံမှုအမေရိကန်ဒေါ်လာ ၉၉၉ သန်း ရှိသည်။ အကျိုးအမြတ်ခွဲဝေမှုအနေ ဖြင့် နိုင်ငံတော်မှ ၁၆ ဒသမ ၈ ရာ ခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင်မှ ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ ဝမ်ပေါင်ကုမ္ပဏီ မှ ၁၃ ဒ သမ ၃၃ ရာခိုင်နှုန်း ရရှိမည် ဖြစ်ပြီး ထုတ်လုပ်မှုစရိတ်က ၅၆ ရာ ခိုင်နှုန်းရှိသည်ဟူသော သတင်းများ ထွက်ပေါ်လာပါသည်။ (ထုတ်လုပ်မှု တန်ဖိုး၏ ထက်ဝက်ကျော်မျှဖြစ်နေ သော ထုတ်လုပ်မှုစရိတ်ကို ပညာရှင် များ တွက်ချက်ဖော်ထုတ်ကြစေလိုပါ သည်)။ ဤသတင်းအရဆိုပါလျှင် တောင်ကြီး(၃)လုံးကို အပျောက်ကွယ် ခံ၍ သဘာဝပတ်ဝန်းကျင် အပျက် အစီးခံကာ၊ ပြည်သူအများဒုက္ခရောက် စေပြီး အစိုးရနှင့်ပြည်သူအကြား ပဋိ ပက္ခပေါင်းစုံကိုသယ်ဆောင်လာသည့် မဟာစီမံကိန်းကြီးတစ်ခုမှ နိုင်ငံတော် ရရှိသော အကျိုးအမြတ်မှာ ၁၆.၈% ဟူသည်ကိုတော့ အပြန်ပြန်အလှန်လှန် စဉ်းစားသုံးသပ်ရန်လိုနေပါပြီဟု တင် ပြလိုပါသည်။
          မြန်မာပြည်တွင် ဦးပိုင်ကုမ္ပဏီ ကဲ့သို့သော အစိုးရနှင့်ပတ်သက်သည့် ကုမ္ပဏီကြီးများသာ နိုင်ငံတော်စီး ပွားရေးစီမံကိန်းကြီးများကို လုပ်ကိုင် ခွင့်ရရှိနေကြသည်မှာလည်း ပြည်သူ တို့အမြင်တွင် မျက်စေ့စပ်လှပါသည်။ ဦးပိုင်ကုမ္ပဏီသည် နဝတခေတ်တွင် ထူထောင်ခဲ့သော အငြိမ်းစား/ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ) တပ်မတော် သားအရာရှိကြီးများ၏ ကုမ္ပဏီဖြစ် ကြောင်း  အားလုံး သိကြပါသည်။
၂(ဃ)  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ဥပဒေစိုးမိုးရေးဆိုင်ရာအကြံပြုချက်များ၊

          ဤအချက်ကိုဆွေးနွေးရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များကို ဆွေးနွေးရန်မှာ ဆောင်းပါးတစ်ပုဒ်မျှဖြင့် မဖြစ်နိုင်ပါ။(သီးသန့်ရေးရန်ရှိပါသည်) ဥပဒေစိုးမိုးရေး ဆိုင်ရာ အကြံပြုချက်များ ဟူသောအပိုင်းကိုသာ ဆွေးနွေးလိုပါသည်။
          တရားဥပဒစိုးမိုးရေးဟူသည်မှာ စာရွက်ပေါ်တွင်ရေးထားရုံမျှဖြင့်မရစကောင်းပါ ။ မင်္ဂလသုတ်တရားတော်သည် ရွတ်ဆိုနေရန် မဟုတ်ပါ ၊ ကျင့်သုံးရန်ဖြစ်ပါသည်။ ထိုကဲ့သို့ပင် တရားဥပဒေစိုးမိုးရန်အတွက် လူတိုင်းလူတိုင်းက တရားဥပဒေကို လိုက်နာကျင့်သုံးရပါ သည်။ တရားဥပဒေအထက်တွင်မည်သူမျှမရှိသကဲ့သို့ တရားဥပဒေ၏ လက်လှမ်းမမီသည့်သူများ လည်း မရှိရပါ။တရားဥပဒေကိုချိုးဖောက်ပါက မည်သူမဆို ဥပဒေအရအရေးယူခြင်းခံရမည် ဖြစ်ပါသည် ။ တရားဥပဒေကိုနားမလည်၍ ချိုးဖောက်မိပါသည်ဟု ဆိုသော်လည်း ဥပဒေက ခွင့်လွှတ်၍မရဟုလည်း နားလည်ထားပါသည် ။ သို့ရာတွင် တရားဥပဒေကိုနားမလည်၍ ချိုးဖောက်သူများနှင့် တရားဥပဒေ ကိုနားလည်လျှက်ချိုးဖောက်သူ မည်သူတွင် ပိုမိုအပြစ်ကြီး ပါသနည်း ။ သာမန်လူတစ်ယောက် လူသတ်မှုကျူးလွန်သည်နှင့် တရားသူကြီး တစ်ယောက်၊ ပြည်သူ့ရဲတစ်ယောက် လူသတ်မှုကျူးလွန်ရာတွင် မည်သူကပို၍ အပြစ်ရှိပါသနည်း။ တရားဥပဒေကို ထိမ်းသိမ်းစောင့်ရှောက်ရမည့်သူများတွင် “ကျင့်ဝတ်”အရ ပို၍ပင်အပြစ်ကြီး သည်မဟုတ်ပါလော ။
          လက်ပံတောင်းတောင်စီမံကိန်းကို ဆန့်ကျင်သပိတ်မှောက်နေကြသူတို့အား ထိုင်း နိုင်ငံ မှ သုဝဏ္ဏဘူမိလေဆိပ်ကို ပိတ်ဆို့ဆန္ဒပြနေခဲ့ကြသော ဆန္ဒပြသူများနှင့် နှိုင်းယှဉ်၍ မရပါ။ ခရီးသည် သိန်းနှင့်ချီ၍ သွားလာနေသောလေဆိပ်ကို ပိတ်ဆို့ဆန္ဒပြခြင်းကဲ့သို့ အများ သူငါကိုထိခိုက်နစ်နာစေသောကိစ္စမဟုတ်ပါ ။ စီးပွားရေးကုမ္ပဏီများကို အေးချမ်းစွာ ဆန္ဒပြ နေ ခြင်းဖြစ်ပါသည်။ အများပြည်သူ၏ အကျိုးစီးပွားကိုထိခိုက်နစ်နာစေသည်မဟုတ်ပါ ၊ သူတို့၏ နေထိုင်မှု ၊အသက်မွေးဝမ်းကျောင်းမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများ အတွက် ဆန္ဒထုတ်ဖော်နေခြင်းသာဖြစ်ပါသည်။ ဤသို့သောအခြေအနေကို အစိုးရ၏ ကိုင်တွယ်ဖြေရှင်း နှိမ်နင်းပုံမှာ ယခင် ၈၈ အရေးအခင်း ၊ ရွှေဝါရောင်အရေးအခင်းတို့ကို နှိမ်နင်းခဲ့သော လက်ကျလက်နများအတိုင်း ညီလှသည်ဟုဆိုရပါလိမ့်မည်။ ဒီမိုကရေစီအစိုးရ အဖြစ် အသွင် အပြည့်အဝမပြောင်းနိုင်သေးသော ယခင်စစ်အစိုးရ၏ လက်ဟန်ခြေဟန် အမူအကျင့်များသာ ဖြစ်သည်ဟု ဆိုချင်ပါသည်။
          “တရားဥပဒေစိုးမိုးမှုရှိသည်”ဆိုသည်ကို “ငြိမ်ဝပ်ပိပြားမှု”ဟူသော စံပေတံဖြင့် မနှိုင်းယှဉ် မတိုင်းတာသင့်တော့ပါ ။ တရားဥပဒေ စိုးမိုးမှုရှိသည်ဆိုရာတွင် ပြည်သူများမှ ဥပဒေကို လိုက်နာကြသည်ဟူသည့် အဓိပ္ပါယ်အပြင် အစိုးရနှင့် ဥပဒေဝန်ထမ်းတို့မှလည်း တရား ဥပဒေကို လိုရာဆွဲ၍အလွဲသုံးစားမပြုခြင်း ၊ အရမ်းကာရော လက်လွတ်စပယ်မပြု ကျင့်ခြင်း စသည့် အနက်အဓိပ္ပါယ်များပါ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နေကြောင်းကို ကောင်းစွာ သဘောပေါက်သင့်ပါသည်။ ယခုဖြစ်သွားသည့်ဖြစ်ရပ်တွင် ဥပဒေနှင့်အညီဖြေရှင်းခဲ့သည်ဟု သက်ဆိုင်ရာအာဏာပိုင်များက “မိုးလုံးပြည့်မုသာဝါဒ” ဖြင့် မည်သို့ပင်ပြောဆိုကြသော်လည်း လိုသည်ထက်ပိုမိုလုပ်ဆောင်ခဲ့သည်ဆိုသည် ကိုတော့ငြင်း၍ မရပါ။ မျက်ရည်ယိုဗုံး သုံးပါသည် ဟု မည်သို့ပင်ဖုံးဖိကွယ်ဝှက်ပြောကြစေကာမူ ရဟန်းရှင်လူတို့ ထိခိုက်ခံစားခဲ့ရသော ဒဏ်ရာ ဒဏ်ချက်များက အာဏာပိုင်များသုံးစွဲခဲ့သောအရာများသည် မျက်ရည်ယိုဗုံးဖြစ်ပါသည် ဆို သည်ကို ယုံကြည်လက်ခံရန် ခက်ခဲလှပါသည်။ ထို့အပြင် များစွာထိခိုက်နစ်နာသွားခဲ့ရသည့် ရဟန်းရှင်လူများအား ဆေးဝါးကုသမှု အမြန်စီစဉ်ပေးခြင်း အပိုင်းတွင်လည်း များစွာ အားနည်း ခဲ့ပါသည်။ သံဃာတော်များအား ဝန်ချတောင်းပန်သည် ဆိုသည်မှာလည်း အစိုးရသတင်း ဌာနများအတွက် သတင်းထုတ်ပြန်ချက်လုပ်ဆောင်နိုင်ရန်အတွက် ဝတ်ကြေတန်းကြေ လုပ်သလို ဖြစ်နေခဲ့ပါသည်။ ဖြစ်သင့်သည်မှာ အမှန်တကယ်ထိခိုက်ဒဏ်ရာ ရခဲ့သော သံဃာတော်များအား ဝန်ချတောင်းပန်ရမည်ဖြစ်ပါသည်။ အမှန်တကယ်ထိခိုက်ခဲ့သော သံဃာ များအား ဝန်ချတောင်းပန်ခြင်းမပြုဘဲ သံဃာ့နာယကဆရာတော်များအား ဝန်ချတောင်းပန် သည်ဆိုသည်မှာ “ လမ်းတွင် ခလုတ်တိုက်၍ ခြေမကွဲသည်ကို အိမ်ပြန်၍ မျက်စဉ်းခတ် ” သကဲ့သို့ဖြစ်နေပါသည်။ ကာယကံရှင်များခွင့်မလွှတ်ပါက သံဃာအားထိခိုက်ပြစ်မှားမိသော ကံ(သံဃာဘေဒကကံ)သည်ကြေပျက်လိမ့်မည်မဟုတ်ပါ။ (ယခင် အစိုးရအဆက်ဆက် မရှက် မကြောက် လုပ်ဆောင်ခဲ့သည့် နည်းလမ်းများ အတိုင်း) ဖုံးဖုံးဖိဖိ ကွယ်ကွယ်ဝှက်ဝှက် လုပ်ကိုင် ပြောဆိုနေကြသည်များမှာ ပြည်သူတို့အား ပိုမိုနာကြည်းအောင်တွန်းပို့နေသကဲ့သို့သာ ဖြစ်နေ ပါသည်။
စုံစမ်းရေးကော်မရှင်အနေဖြင့် ဒေသခံများ သိမ်းဆည်းထားသော သက်သေခံ ပစ္စည်းများအား စစ်ဆေးလျက် မည်သည့်ဗုံးအမျိုးအစားဖြစ်သည်ဆိုသည်ကို ထုတ်ဖော်ပေးရန် တာဝန်ရှိပါသည်။ ထိုသို့စစ်ဆေးရာတွင် လွပ်လပ်သောနိုင်ငံတကာ အဖွဲ့အစည်းများကို ဖိတ်ခေါ်ရန်လိုပါက ဖိတ်ခေါ်ရပါလိမ့်မည် ။ဤသို့ဆို၍ ပြည်ပအားကိုး ပုဆိန်ရိုး ဟု“ဆိုင်းဘုတ်” တပ်ခံရလျှင်လည်းမတတ်နိုင်ပါ။( ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသော ဝါဒ ဖြန့်စကားများကိုလည်း ခေတ္တမျှဘေးဖယ်ထားစေလိုပါသည်)။ အကယ်၍ နိုင်ငံတကာ ပြဌာန်း ချက်များနှင့် မညီညွတ်သော လုပ်ဆောင်ချက်များဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရပါက မည်သူတို့ တွင် တာဝန်ရှိသည်ဆိုသည့်အချက်ကို ဆက်လက်ဖော်ထုတ်ပေးရန်လိုပါသည် ။ ထိုသို့ စစ်ဆေးဖော်ထုတ်မှုများမှတစ်ဆင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်ပါသည် ။ သို့မှသာ တရားဥပဒေစိုးမိုးမှု၏ အနှစ်သာရပြည့်စုံ ပါလိမ့် မည်။ ပြည်သူတို့ကိုသာ ဥပဒေချိုးဖောက်သည်ဟု အရေးယူအပြစ်ပေးကြလျက်၊ တာဝန်ရှိသူ များဥပဒေချိုးဖောက်သည်ကို မည်သို့မျှ အရေးမယူသည့် နိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု ဟူသည်မှာ ရဲစခန်းနံရံများပေါ်မှ ဖုံတက်နေသော နံရံကပ်စာတမ်းတစ်ခုထက် ဘယ်သော ဘယ်အခါ မှ ပိုမိုအဓိပ္ပါယ်ရှိလာလိမ့်မည်မဟုတ်ပါ ။ `

၂(င)    ၊စီမံကိန်းနှင့်ဆက်နွယ်၍ စိစစ်ရန်လိုသည်ဟု ကော်မရှင်ကယူဆသော  အကြောင်း အရာများ၊

          လက်ပံတောင်းတောင်စီမံကိန်း ပဋိပက္ခတွင် သိသာမြင်သာသော အကြောင်းခြင်း ရာများမှာ (၁) ဒေသခံရွာသူရွာသား များအနေဖြင့် ၊တို့၏ မိရိုးဖလာ နေထိုင်လုပ်ကိုင် စားသောက်ခဲ့ကြသော လယ်ယာမြေများကို မစွန့်လွှတ်လိုခြင်း ၊(၂) ၊တို့ဒေသမှ အထိမ်း အမှတ်သဖွယ်ဖြစ်သော ရေမြေတောတောင်များ မပျောက်ကွယ်စေလိုခြင်း ၊ (၃) စီမံကိန်း လုပ်ကိုင်နေကြသောကုမ္ပဏီများအနေဖြင့်ထိုဒေသခံပြည်သူများနှင့်ညှိနှိုင်းဆွေးနွေးမှုအားနည်း ခြင်း (၄) သဘာဝပတ်ဝန်းကျင်ပညာရှင်များ ၊ လူမှုပညာရှင်များဖြင့် တိုင်ပင်ညှိနှိုင်း ဆောင် ရွက်မှု လုံးဝအားနည်းခြင်း ၊ (၅) ထိုစီမံကိန်းကို ဆောင်ရွက်သော ပြည်တွင်း(ဦးပိုင်)နှင့် ပြည်ပ (ဝမ်ပေါင်)ကုမ္ပဏီ နှစ်ခုလုံးအား ဒေသခံပြည်သူများ ၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး နှင့် လူမှုရေးပညာရှင်များက ယုံကြည်မှုမရှိခြင်း (၆) ထိုစီမံကိန်းသည် နိုင်ငံတော် (ပြည်သူများ) အတွက်နှင့် အနာဂတ်မျိုးဆက်များအတွက် မည်သို့မျှ အကျိုးကျေးဇူးကြီး ကြီးမားမားဖြစ်ထွန်း မည်မဟုတ်ဟု ပြည်သူအများစုက ယုံကြည်နေကြခြင်း စသည်တို့ဖြစ်သည်ဟု တွေ့ရှိရပါ သည် ။ ယင်းကိစ္စများကိုလည်း ကော်မရှင်က ဆက်နွယ်စိစစ်ရန် လိုအပ်ပါလိမ့်မည်။

(ဇ)     ကော်မရှင်၏အထွေထွေသုံးသပ်တင်ပြချက်နှင့်အကြံပြုချက်များ။
          ဤအပိုင်းသည် ကော်မရှင်၏ အရေးအကြီးဆုံးအပိုင်းဖြစ်ပါသည် ။ ကော်မရှင် အနေဖြင့် အကောင်းဆုံးဖြစ်ရန် ဖော်ထုတ်တင်ပြ အကြံပြုနိုင်လိမ့်မည်ဟု မျှော်လင့်ထား ပါသည်။ ဤသုံးသပ်တင်ပြချက်သည် ၊ ယခုဖြစ်ပွားနေသော လက်ပံတောင်းတောင်ပဋိပက္ခကို အေးချမ်းစွာဖြင့် ပြေလည်အောင် ဖြေရှင်းနိုင်ရုံသာမက ဖြစ်ပြီး ၊ ဖြစ်ဆဲ ၊ဖြစ်လတ္တံ့သော နိုင်ငံတော်စီမံကိန်းများ ၊ ကုမ္ပဏီများနှင့် ပြည်သူတို့အကြား ပဋိပက္ခများ ၊ အစိုးရနှင့် ပြည်သူတို့ အကြားပဋိပက္ခများကို မည်သို့အကောင်းဆုံးဖြေရှင်းနိုင်မည် ဟူသော အယူအဆ တစ်ရပ် ၊ လုပ်ငန်းစဉ် တစ်ရပ်ကို ချမှတ်ပေးနိုင်သည့် စံပြုထိုက်သည့် ပဋိပက္ခစုံစမ်းဖော်ထုတ် ဖြေရှင်း ရေး ကော်မရှင် အစီရင်ခံစာ တစ်ခုဖြစ်လာလိမ့်မည်ဟု ကြီးစွာမျှော်လင့်မိပါသည် ။
          မြန်မာနိုင်ငံတော်သည် ဒီမိုကရေစီလမ်းပေါ်သို့ စတင်လှမ်းတက်ကာစ နိုင်ငံတစ်ခု ဖြစ်ကြောင်း အမြဲသတိပေးခဲ့ပါသည်။ ဤအချိန်မျိုးတွင် နိုင်ငံတော်ကို ဦးဆောင်နေရသော အစိုးရအဖွဲ့အနေဖြင့် တိုင်းပြည်အတွင်း တည်ငြိမ်အေးချမ်းသော အခြေအနေတစ်ခုကို များစွာ လိုလားကြောင်းကိုလည်း သိရှိနားလည်ပါသည် ။ စီးပွားရေးအဆောက်အအုံ လုံးဝပြိုပျက် ယိုင်လဲနေသော နိုင်ငံတစ်ခုအတွက် စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အမြန်ဆုံးပြန်လည် ထူထောင် နိုင်မည့်နည်းလမ်းမှာ နည်းပညာ (technology) လူသားအရင်းအမြစ်(Human resource)တို့ မဟုတ်ဘဲ၊ သဘာဝသယံဇာတရင်းမြစ်များကို ထုတ်ယူရောင်းချသည့်နည်းလမ်းသာ ဖြစ်သည် ဟူသည်ကိုလည်း သိရှိနားလည်ပါသည် ။ သို့သော် ထိုသို့သယံဇာတများထုတ်ယူ ရောင်းချ ခြင်းကြောင့် ဖြစ်ထွန်းပေါ်ပေါက်လာမည့် နိုင်ငံ၏ အကျိုးစီးပွားနှင့် နောက်ဆက်တွဲပေါ်ပေါက် လာမည့် ပြဿနာများ၊ပဋိပက္ခများကို ရှောင်လွှဲ၍မရပါ ။ပြဿနာအနည်းဆုံးဖြစ်ရန် ရှေးရှု လုပ်ဆောင်ရပါမည်၊ ပဋိပက္ခများကို ညှိနှိုင်းမှုဖြင့်သာ ဖြေရှင်းရပါမည် ။
          ဒီမိုကရေစီအစိုးရနှင့် ပြည်သူတို့၏ ဆန္ဒပြခြင်းများ ဟူသည်မှာ “ ငါးပိနှင့်လောက်” “ရွှေနှင့်ကျောက်” “ရသေ့နှင့် ဒေါက်ချာ” “ဝိဇ္ဇာနှင့်အင်းစမ ”သဖွယ် ကင်းကွာ၍မရနိုင်သည့် ကိစ္စဖြစ်ပါသည်။ ဒီမိုကရေစီ အစိုးရဖြစ်နေပါလျက် ဆန္ဒပြမှုများကိုမဖြစ်စေချင်ပါ ဆိုသည်မှာ “ အလမ္ပါယ်ဆရာ မြက်ရှော-ကြောက် ” ဟူသည့် စကားလိုပင် ဖြစ် နေပါလိမ့်မည်။ ဒီမိုကရေစီ ခေတ်တွင် နို့ထွက်ပစ္စည်းများဈေးကျလျှင်လည်း အစိုးရကို ဆန္ဒပြ ကြပါလိမ့်မည် ။ နိုင်ငံခြားမှ အမဲသား များ တင်သွင်းလျှင်လည်း ပြည်တွင်းအမဲသားထုတ်လုပ် သူများက ဆန္ဒပြကြပါ လိမ့်မည်။ ကုန်ဈေးနှုန်းကြီးလျှင်လည်း အစိုးရကို ဆန္ဒပြကြပါလိမ့်မည် ၊ လစာငွေများ လျော့နည်းနေသည်ကို တိုးတောင်းလိုပါကလည်း ဆန္ဒပြကြပါလိမ့်မည်။ ဓါတ်ဆီ ဒီဇယ်ဆီ ဈေးများ တက်လာလျှင်လည်း ဆန္ဒပြကြပါလိမ့်မည်။ ထိုသို့ဆန္ဒပြမှုများသည် အစိုးရ ကို ထွက်ပေါက်မပေးခြင်း၊ အစိုးရအကျပ်ရိုက်အောင်ပြုလုပ်ခြင်း ဟု မြင်နေသည်မှာများစွာ စိတ်ပျက်ဝမ်းနည်းဖွယ်ကောင်းလှပါသည်။ ထို့ထက်ပို၍ (တစ်ဆိတ်ရှိ)နောက်ကြောင်းပြန်လှည့် သွားနိုင်သည် ဆိုသည့် အတွေးအခေါ်များမှာ အပျက်သဘောကို များစွာဆောင်နေသည်ဟု ယူဆမိပါသည်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးအရွေ့ကို ဦးဆောင်နေသူအသိုင်းအဝိုင်းများ ကြား ၊ မြန်မာ့နိုင်ငံရေးက၊ွမ်းကျင်သူ ပတ်ဝန်းကျင်အသိုင်းအဝိုင်းများကြားမှ ဤကဲ့သို့သော အသံများထွက်-ထွက်လာသည်မှာ စိုးရိမ်မှုကို ရိုးသားစွာထုတ်ဖော်ကြသည်ထက် ၊ ရေလာစေ ဖို့ မြောင်းပေးနေ သည်လား ဟုပင်ထင်မိပါသည်။ “လက်ခုပ်သည် တစ်ဖက်တည်းတီး၍ မမြည်သကဲ့သို့” ဖြစ်ပေါ်လာသော ပဋိပက္ခများသည် အကြောင်းမဲ့ ပေါ်ပေါက်လာကြသည် မ ဟုတ်ပါ။ ထိုသို့ဖြစ်ပေါ်လာသော ပဋိပက္ခများကို ထိပ်တိုက်တွေ့ဆုံ၍ မရပါ။ ထို ပဋိပက္ခများ ၏ လားရာ(direction)ကိုသာ ပြောင်းလဲပေးရမည်သာ ဖြစ်ပါသည်။ အကောင်းဘက်သို့ ရွေ့ လျားခြင်း ၊ အဆိုးဘက်သို့ရွေ့လျားခြင်း ဆိုသည်မှာ နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ အပေါ် တွင်မူတည်ပါသည်။ အကောင်းဘက်သို့ ရွေ့စေရန် လမ်းကြောင်းပြောင်းလိုစိတ် အားနည်း သူများ၊ အကောင်းဘက်သို့ လမ်းကြောင်းပြောင်းစေရန် အရည်အချင်းအားနည်းသူများ ၊ မြန်မာ့ နိုင်ငံရေးနယ်ပယ်တွင်များပြားနေသမျှတော့ ဖြစ်ပေါ်လာသော အရေးကိစ္စတိုင်းသည်  “အပျက်” ကိုသာ ရှေးရှုနေပါလိမ့်မည် ။
တိုင်းပြည်အတွင်းဆန္ဒပြမှုများလျော့ပါးပျောက်ကွယ်စေလိုလျှင် အစိုးရက ပွင့်လင်း မြင်သာမှုရှိစွာဖြင့် လုပ်ငန်းဆောင်တာများကို အကောင်းဆုံး လုပ်ဆောင်ရန်သာရှိပါသည် ။ အစိုးရကမပွင့်လင်းလျှင် ၊ ပြည်သူတို့ထိခိုက်နစ်နာလျှင်  ပြည်သူတွေက လမ်းပေါ်ထွက်လာပါ လိမ့်မည်။ သို့ဖြစ်ပါ၍ လက်ရှိ အစိုးရ ၊နောင်ပေါ်ပေါက်လာမည့် အစိုးရအဆက်ဆက်တို့သည် ၊ ပြည်သူတို့ ဆန္ဒဖော်ထုတ်လာပြီဆိုလျှင် ထိုကိစ္စနှင့်ပတ်သက်၍ မိမိတို့၏ လုပ်ကိုင် ဆောင်ရွက် ချက်များတွင် မည်သို့သော အားနည်းချက်များရှိကြောင်း ပြန်လည်စိစစ်သုံးသပ်ကြ၍ ပြည်သူ တို့၏ ဆန္ဒနှင့် မိမိတို့ လုပ်ငန်းသဘောသဘာဝကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သွားနိုင်ကြ ရမည်သာဖြစ်ပါသည် ။ ဒီလူတွေ တစ်ဆိတ်ရှိ ဆန္ဒပြပြန်ပြီဟု မျက်မှောင်မကြုတ်စေလိုပါ။ မေးရိုးမတင်းစေလိုပါ။ လက်သီးမဆုပ်စေလိုပါ။ ပြဿနာတိုင်းတွင် ဖြေရှင်းရန်နည်းလမ်းများ ရှိပါသည်။ နိုင်ငံတော် သမ္မတကြီးနှင့် အစိုးရအဖွဲ့ဝင်အားလုံးအား ပြည်သူတို့၏ ပြဿနာများကို ပြည်သူတို့ဘက်မှ ရပ်တည်၍ ဖြေရှင်းပေးသော ပြည်သူ့အစိုးရအဖြစ်သာ ချစ်သောမျက်စေ့ဖြင့် မြင်လိုပါသည်။ ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီသည့်အစိုးရအဖွဲ့နှင့် သမ္မတကြီး အဖြစ် ကမ္ဘာ့အလည် တင့်တောင့်တင့်တယ် ဝင့်ထည်စွာရပ်တည်ကြစေလိုပါသည်။ နောင်ဖြစ်လာလတ္တံ့သော သဘောထားမညီမျှမှုများကို ပဋိပက္ခအဖြစ်သို့ မကြီး ထွား၊မရောက်ရှိစေကြဘဲ နှစ်ဦးနှစ်ဖက်ပြေလည်သော ညှိနှိုင်းဖြေရှင်းမှုများဖြင့် ဖြေရှင်းနိုင် လျက် နိုင်ငံတော်ပြည်အရေးတို့တွင် အစိုးရ နှင့် ပြည်သူတို့ “ လက်ရည်တစ်ပြင်တည်း ရှေးကထက် ပိုချစ်ကြ” စေလိုပါသည်။ ယခု လက်ပံတောင်းတောင် ပဋိပက္ခကိုလည်း သမ္မတကြီး၏ နိုင်ငံတော်အကြီးအကဲပီသမှု ၊ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့် ချစ်ကြည်ရေးတမန်စွမ်းရည် ၊ ပြည်သူလူထု၏ သဘောထားကြီးမှု တို့ဖြင့်
         “ ပွဲလည်း အေးချမ်းစွာ ပြီးစေလိုပါသည် ၊ မီးလည်း ကောင်းစွာငြိမ်းသေစေလိုပါသည်”။

                                                                                                                                                                                   ထင်လင်းဦး  (Wisdom Villa)


 Messenger News Journal on Monday, December 17, 2012 at 4:29pm ·

No comments:

Post a Comment