Friday 28 December 2012

လိုင်ဇာဒေသ လေကြောင်းစစ်ဆင်ရေး


~
သန်းထိုက်ဦး ~

အစိုးရတပ်က ယနေ့ နံနက်ပိုင်းတွင် KIA ဌာနချုပ် အနီးတ၀ိုက်ကို လေကြောင်းမှ ထိုးစစ်ဆင်သဖြင့် ငြိမ်းချမ်းရေး ပိုမို အလှမ်းဝေးသွားစေသည်ဟု KIA က ပြောလိုက်သည်။

ယနေ့ နံနက်ပိုင်း အစိုးရတပ် ရဟတ်ယာဉ်၏ ပစ်ခတ်မှု (ဓာတ်ပုံ - ဂျွန်စံလင်း/ဧရာဝတီ)
 စစ်လေယာဉ်များဖြင့် တိုက်ခိုက်ခံရကြောင်း KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့်  KIO အဖွဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

“သူတို့က ဒီလိုမျိုးလုပ်တော့ ကျနော်တို့က ဘယ်လို လုပ်ပြီးတော့ ဆွေးနွေးဖို့ အကြောင်း ပြန်မလဲ၊ (အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်) ဦးအောင်မင်း ကိုယ်တိုင်က မရိုးသားဘူးလို့ ကျနော် ရှင်းရှင်းလင်းလင်းပဲ ပြောချင်တယ်” ဟု ဦးလနန်က ဆက်ပြောသည်။

“အဓိကတော့ ဗဟို ဌာနချုပ်ကို ပိတ်ဆို့နိုင်ဖို့ ကြိုးစားတာပဲ” ဟု ဆိုသည်။

သောကြာနေ့ လေကြောင်းစစ်ဆင်ရေး

အစိုးရတပ်က တိုက်လေယာဉ် ၅ စီး၊ ရဟတ်ယာဉ် ၂ စီး သုံးခဲ့သည်ဟု ဒေသခံ သတင်းရပ်ကွက်တို့က ဆိုသည်။

တပ်မတော်လေ လေယာဉ် ၅ စီး နံနက် ၉ နာရီတွင် ရောက်လာကြောင်း စစ်ရေးအရ အချက်အချာကျသည့်  လဂျားယန်ဒေသ ရှေ့တန်းစခန်းတခုရောက် ကိုမင်းဌေးက ပြောသည်။

"တနာရီလောက် လာပစ်သွားတယ် ...။ တိုက်လေယာဉ်တွေက အရမ်းမြန်တယ်။ အရောင်တွေက အနီနဲ့အဖြူ။ သူတို့ကို ပြန်ပစ်နေရတာကြောင့် ဓာတ်ပုံ၊ ဗီဒီယို ကောင်းကောင်း မရိုက်လိုက်ရဘူး" ဟု ကိုမင်းဌေးက ပြောသည်။

"လဂျားယန်က အင်မတန် အရေးကြီးတဲ့နေရာပါ။ သူတို့က ဒီနေရာကို ပြန်ရချင်တာ။ လဂျားယန်ကို သူတို့ ရတယ် ဆိုရင် လိုင်ဇာကို ရတဲ့သဘောပဲပေါ့" ဟု ကိုမင်းဌေးက ပြောသည်။

စစ်မြေပြင် သတင်းဓာတ်ပုံဆရာ ကိုဂျွန်စံလင်းကလည်း တိုက်လေယာဉ် ၅ စီး တွေ့မြင်လိုက်ရသည်ဟု ဆိုသည်။


ဒီနေ့ ထိခိုက်မှု

တရုတ်မြန်မာနယ်စပ်မျဉ်းအနီး တည်ရှိသည့် လိုင်ဇာဌာနချုပ်ဝန်းကျင် ထိခိုက်သေဆုံးမှု စာရင်းကို နှစ်ဖက် တပ်များက ထုံးစံအတိုင်း ထုတ်ပြန်ခြင်း မရှိပေ။

အစိုးရသတင်းထုတ်ပြန်ရေးဌာန၊ ပြောခွင့်ရသူတို့ကလည်း ထိုးစစ်နှင့် ပတ်သက်ပြီး အစဉ်အလာအတိုင်း ထုတ်ဖော်ခြင်း အလျဉ်း မရှိသေးပေ။

မနေ့က ထိခိုက်မှု
ယမန်နေ့ကလည်း လိုင်ဇာဌာချုပ် အနီးသို့ အစိုးရစစ်တပ်ဖက်မှ ပစ်ခတ်လိုက်သည့် အမြောက်ဆံ ကျရောက်မှု ကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၃ ဦးအနက် နှစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်ဟု သတင်းရသည်။

သေဆုံးသူမှာ အသက် ၄၂ နှစ် အရွယ် လယ်သမား ဂျာဂျီ တူးဂျာ ဆိုသူဖြစ်ပြီး  လိုင်ဇာ  ဆေးရုံ အရောက်တွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း  လိုင်ဇာ အနီးရှိ စစ်ပြေး ဒုက္ခသည် စခန်း ၅ ခုတွင် လုံ ခြုံရေး အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

ကချင်ဒုက္ခသည်များ ကယ် ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ၏ ပြောဆိုချက်အရ ဒုက္ခသည်များကို စခန်းအပြင် မထွက်ရန်နှင့် ကတုတ်ကျင်းများ တူးထားရန် အသိပေးထားကြောင်း ဆိုသည်။

တိုက်ပွဲများကြောင့် သောင်းနှင့်ချီသော ဒေသခံများမှာလည်း အိုးအိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ်- မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်း စစ်ဖြစ်ရာ ဒေသအနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ် သည်။

“စစ်ရေးအရပဲ ဒါကို ရင်ဆိုင်နေကြတယ် ဆိုတဲ့ အခါ ကျတော့ အခြေအနေတွေ အရမ်းဆိုးလာတယ်။ အပြစ်မဲ့ ပြည်သူတွေ အများ ကြီး ဒုက္ခရောက်တယ်။ ကျနော်က တော့ ဒီလိုအခြေ အနေအထိ ရောက်လာတာကို အံ့လည်း အံ့သြတယ်၊ နောက်ပြီး ကြိုက်လည်း မကြိုက်ဘူး၊ လိုလည်း မလိုလား ဘူး”ဟု မြစ်ကြီးနားမြို့တွင် နေထိုင်သည့် KIO ခေါင်းဆောင်ဟောင်း တဦးဖြစ်သူ ဒေါက်တာ တူး ဂျာက ပြောသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ နှစ်ဖက် ကိုယ်စားလှယ်များက ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်း ထားသည့်အတွက် အမြန်ဆုံး စေ့စပ်စေလိုကြောင်း ၎င်းက ဆိုသည်။

“ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခုကို တနာရီ နှစ်နာရီပဲ ထိုင်ပြီး ပျက်ပြားသွားတာ ဒါမကောင်းဘူးလို့ထင်တယ်၊ စိတ်ရှည်ရှည်နဲ့ အချိန် ယူပြီးတော့ ထိုင်ဆွေးနွေးရမှာပေါ့။ မဖြစ်မနေလုပ်မယ် ဆိုတဲ့ သံန္နိဌာန်ချပြီးတော့ လုပ်စေချင်တယ်” ဟု ဒေါက်တာ တူးဂျာကဆက် ပြောသည်။

ဖြစ်မလာခဲ့သည့် ဆွေးနွေးပွဲများ ပေါ်ပေါက်ရေး ညှိနှိုင်းချက်


ငြိမ်းချမ်းရေးဆွေးနွေးရန် နေရာအတွက် မကြာသေးမီက အစိုးရ၏ အဆိုပြုထားသည့် နေရာမှာ ကချင်ပြည်နယ် ဗန်းမော်မြို့ သို့မဟုတ် ရှမ်းပြည်နယ်  မူဆယ်မြို့ ဖြစ်သည်ဟု KIA က ဆိုသည်။

အစိုးရထံသို့ အကြောင်း မပြန်ရသေးကြောင်း ဦးလနန်က မကြာသေးခင် ရက်ပိုင်းက ပြောဆိုထားသည်။
“စာရတာနဲ့ ချက်ချင်း အကြောင်း မပြန်တာကတော့ အဲဒီစာနဲ့ အတူ ထိုးစစ်က ရောက်လာတယ်၊ အဲဒီ ကိစ္စတွေ အလုပ်များနေတဲ့ အခါမှာ အကြောင်းပြန်ဖို့ နှောင့်နှေးသွားတာပါ” ဟု ဆိုသည်။

ယခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဌ သမ္မ တရုံး ၀န်ကြီး ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် နောက်ဆုံး တွေ့ဆုံခဲ့စဉ် နှစ်ဖက်တပ်များ တင်း မာနေသည့် စစ်ရေးကိစ ပြေလည်စေရေး အတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သည်။

“ဒါကတော့ တွေ့ပြီးတော့မှ ဖြေရှင်းရမယ့် ကိစ္စတွေပါ၊ တွေ့တဲ့နေရာမှာလည်း အစိုးရဘက်ကနေပြီးတော့ သူတို့ အမြဲလိုချင်နေတဲ့ ပုံစံ မဟုတ်ဘဲနဲ့ တိုင်းရင်းသားတွေဘက်က ဘာတွေ စဉ်းစားတယ်ဆိုတဲ့ အချက်လည်း သူတို့ ထည့်ပြီးမှပဲ စဉ်းစားလာအောင် ကြိုး စားရမှာပဲ”ဟု ဦးလနန်က ရှင်းပြခဲ့သည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့က ကချင် လွတ်လပ်ရေး တပ်မတော် (KIA)တပ်များကို ဖယ်ရှားပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်း နောင်က မြစ်ကြီးနားမြို့ရှိ ကချင် ပြည်နယ် ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) အဖွဲ့မှ တဆင့် သတိပေး အကြောင်းကြားခဲ့သည်။

ထိုအကြောင်းကြားစာ ပေးပို့ခဲ့ပြီးနောက်ပိုင်း KIA တပ်စခန်းများကို ထိုးစစ်ဆင်း တိုက်ခိုက်သည့် သတင်းများ ထွက်ပေါ်လာသည်။

“လဂျားယန် တပ်စခန်း အတွက် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် လမ်းကြောင်းအတိုင်း တပ်များ ဝင်ရောက်ရန် ရှိပါသည်။ သို့ပါ ၍ လမ်းကြောင်း တလျှောက်ရှိ KIA အဖွဲ့များအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ နောက်ဆုတ်ပေးရေး KIO အဖွဲ့သို့ သတိပေးသွားရန်”ဟု အဆိုပါ သတိပေး အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။

သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက“ တိုက်နေတယ် ဆိုတာ ကျနော်တို့ အသေးစိတ် ဘယ်လိုလဲ ဆိုတာ မသိရတော့ ပြောဖို့ တော့ခက်တယ်၊ ဒါပေမယ့် ပြောနိုင်တာကတော့ ပြီးခဲ့တဲ့ ရွှေလီဆွေးနွေးပွဲ အဲဒီ အကျိုးအဆက်တွေ ဖြစ်မယ် ထင်တယ်” ဟု ပြောသည်။

No comments:

Post a Comment