Friday 7 December 2012

အစိုးရအဖွဲ့မှ စီစဉ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဦးဆုံး သတင်းစာရှင်းလင်းပွဲ

ကျွန်မတို့ကော်မရှင်အဖွဲ့တွေဟာ မနေ့က ရွာသူရွာသားတွေနဲ့ တွေ့ခဲ့ပါတယ်။ အခုလည်း ဆက်ပြီးတော့ တချို့ ရွာသူရွာသားတွေနဲ့ တွေ့ပြီးတော့ အခြေအနေတွေကို စုံစမ်းနေပါတယ်။ ကော်မရှင် ရဲ့လုပ်ငန်းတွေကတော့ အားလုံးသိတဲ့အတိုင်းပဲ ကြေးနီစီမံကိန်းရဲ့အခြေအနေတွေကို ကျွန်မတို့ကနေပြီးတော့ လေ့လာဖို့ဖြစ်ပါတယ်။ ရွာသူရွာသားတွေရဲ့ အခြေအနေ နောက်ပြီးတော့ ဒီကြေးနီစီမံကိန်းရဲ့ ဒေသခံ ရွာသူရွာသားတွေရဲ့ လူမှုဘ၀အပေါ်မှာရော ပတ်ဝန်းကျင်အပေါ်မှာရော ဘယ်လိုထိရောက်မှုတွေရှိသလဲ။ နောက်ပြီးတော့ နိုင်ငံအတွက် အကျိုးရှိသလား။ နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် အကျိုးရှိသလား။ဒါကို ကျွန်မတို့ကနေပြီးတော့ ရေရှည်အမြင်နဲ့ ကြည့်ပြီးတော့ စီစဉ်သွားရမှာပါ။ အဲဒီအထဲမှာ ဒီကြေးနီစီမံကိန်းနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကိုလည်း စုံစမ်းဖို့ဆိုတာ ပါပါတယ်။ အဲဒီအခါမှာ ကျွန်မတို့ ၂၈ ရက်နေ့ မနက်ကနေပြီး တော့ သပိတ်စခန်းမှာ သပိတ်စခန်းကိုခွဲတဲ့အခါမှာ ထိခိုက်တဲ့ကိစ္စတွေကိုလည်း ကျွန်မတို့ စုံစမ်းနေပါတယ်။ အဲတော့ ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့တွေ့ရှိချက်တွေ၊ ကျွန်မတို့ရဲ့ အခုထိ ကျွန်မတို့ရဲ့ အနေအထားကို ကျွန်မတို့က ရှင်းပြချင်ပါတယ်။

ဒီပထမဦးဆုံး ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီးဆိုတာကတော့ ဒါကတော့ ချက်ချင်းလက်ငင်း အဖြေပေါ် မယ့်ကိစ္စတော့ မဟုတ်ပါဘူး။ ကျွန်မတို့အဖွဲ့တွေလည်း ဒါကြောင့်မို့လို့ ကွင်းဆင်းပြီးတော့ ရွာသူရွာသားတွေရဲ့ အခြေအနေ၊ ပတ်ဝန်းကျင်ရဲ့ အခြေအနေတွေကို လူမှုရေးဘက်ကရော၊ ကျန်းမာရေးဘက်ကရော၊ ပတ်ဝန်း ကျင်ဘက်ကရော အားလုံးလေ့လာမယ်။ စုံစမ်းမယ်။ နောက်ပြီးတော့ ကျွန်မတို့ ကြေးနီစီမံကိန်း အလုပ်တွေကိုလည်း ဘယ်လိုပုံစံတွေနဲ့လုပ်နေတယ်။ နောက်ဆုံးနည်းပညာတွေရဲ့ အကောင်းဆုံးပုံစံတွေနဲ့ လုပ်နေရဲ့လား။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အမြင်တွေနဲ့ ကိုက်ညီရဲ့လားဆိုတဲ့ အဲဒါတွေကိုလည်း လေ့လာပါတယ်။ ကျွန်မတို့ကော်မရှင်ကနေပြီးတော့ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေကို ဖိတ်ခေါ်ပြီး တော့ အကြံဉာဏ်တောင်းဖို့ ဖိတ်ခေါ်ပြီးတော့ လေ့လာတဲ့အခါမှာ ပါဝင်ဖို့လည်း စီစဉ်ထားပါတယ်။ ဒီအတိုင်းပဲ ကျွန်မတို့ ဆက်ပြီးလုပ်မှာပါ။

ဒီသပိတ်စခန်းကို ဖြိုခွဲတဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ အားလုံးသိတဲ့အတိုင်းပဲ ဒီလိုဖြိုခွဲတဲ့အချိန်မှာ သံဃာတော်များအပါအ၀င် သပိတ်စခန်းက ပုဂ္ဂိုလ်တွေ မီးလောင်ဒဏ်ရာတွေရတယ်ဆိုတာကို အားလုံးသိကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဒဏ်ရာရခဲ့တဲ့ သံဃာတော်များကို သွားပြီးတော့ တွေ့ခဲ့ပါတယ်။ ဒဏ်ရာရခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်နှစ်ယောက်ကိုလည်း ကျွန်မတို့ တွေ့ခဲ့ပါတယ်။ သံဃာတော်များမဟုတ်တဲ့ လူပုဂ္ဂိုလ်တွေကိုလည်း တွေ့ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်မက သက်ဆိုင်ရာ ရဲအရာရှိတွေနဲ့ ဆွေးနွေးခဲ့ပါ တယ်။ သက်ဆိုင်ရာ ရဲအရာရှိတွေနဲ့ ဆွေးနွေးတဲ့အခါမှာ ကျွန်မတို့ နားလည်သလောက်ကတော့ သပိတ်စခန်း မှာ
ရှိတဲ့လူတွေကလည်း ဒီအတိုင်းပဲ ပြောပါတယ်။ ပထမဦးဆုံးပေါ့ သပိတ်စခန်းကို မီးသတ်ပိုက်နဲ့ ရေဖြန်းပါတယ်တဲ့။ မီးသတ်ပိုက်နဲ့ ရေဖြန်းပြီးတော့ သပိတ်စခန်းကနေ ထွက်ခွာဖို့ ပြောခဲ့ပါတယ်တဲ့။

မီးသတ်ပိုက်နဲ့ ရေစဖြန်းပြီးတော့လုပ်တဲ့အခါမှာ ဘယ်လိုမှ ခွဲခြင်းမရှိတဲ့အခါကျတော့ မျက်ရည်ယိုဗုံးနဲ့ ပေါက်ပါတယ်လို့ ပြောပါ တယ်။ အဲတော့ မျက်ရည်ယိုဗုံးသုံးတဲ့အခါမှာ မီးတွေစပြီးတော့ တောက်တယ်လို့ ကြား တယ်။ ပြီးတော့သပိတ်စခန်းက သံဃာတော်များနဲ့ လူပုဂိ္ဂုလ်များရဲ့ အမြင်မှာတော့ ဒါဟာ မီးဗုံးနဲ့ ပေါက်တယ်လို့ သူတို့ ပြောပါတယ်။ ကျွန်မက ရဲတွေကို မေးကြည့်တဲ့အခါကျတော့ မျက်ရည်ယိုဗုံးပါပဲလို့ ရှင်းပြ ပါတယ်။ ဒါကို ကျွန်မတို့ အတတ်ပညာရှင်တွေနဲ့ ဆွေးနွေးတဲ့ အခါ မှာ မျက်ရည်ယိုဗုံးနဲ့ ရေနဲ့ထိတဲ့ အာနိသင်ဆိုတာလည်း ရှိနိုင်တယ်ဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ ဒီကိစ္စကိုလည်း ကျွန်မတို့ စုံစမ်းစစ် ဆေးဆဲမို့လို့ ဒါကို ကျွန်မတို့ အဖြေမပေးသေးပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ဒီစုံစမ်းစစ်ဆေးရေးမှာ တရားဥပဒေ စိုးမိုးရေးမူအရ ကျွန်မတို့သွားပါတယ်။ တရားဥပဒေစိုးမိုးရေးမူရဲ့ အခြေခံကတော့ ဘာလဲဆိုတော့ ထင်ရှားတဲ့ သက်သေ ခိုင်ခိုင်မာမာ လုံလုံလောက်လောက် မရှိသ၍ အပြစ်မဲ့လူတွေလို့ သတ်မှတ်ပါတယ်။ ခိုင်ခိုင်မာမာ လုံလုံလောက်လောက် သက်သေရှိတဲ့အခါကျမှ အပြစ်ရှိတယ်။ ဘယ်သူ့မှာပဲ အပြစ်ရှိတယ်။ ဘယ်လို အပြစ်ရှိလဲဆိုတာကို ကျွန်မတို့ ဖွင့်ပြသွားမှာပါ။

ခပ်တိုတိုပြောရမယ်ဆိုရင် လူတိုင်းဟာ သံသယရဲ့အကျိုးကို ခံစားပိုင်ခွင့်ရှိရမယ်။ အဲဒီအတိုင်းပဲ ကျွန်မက ဒီကိစ္စနဲ့ပတ်သက်လို့ အခုထိတော့ ဘယ်သူ့ကိုမှအပြစ်ရှိတယ်လို့ ကျွန်မတို့ မသတ်မှတ်သေးပါဘူး။ စုံစမ်းစစ်ဆေးပြီးတော့ အဖြေပေါ်မှ ဘယ်သူ့မှာ ဘယ်လိုအပြစ်ရှိ တယ်ဆိုတာကို ကျွန်မတို့ရဲ့ကော်မရှင်ရဲ့ တွေ့ရှိချက်တွေကို ကျွန်မတို့ ထုတ်ဖော်ပြမှာ ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပဲ ဒီရွာသူရွာသားတွေရဲ့ မကျေနပ်မှုတွေနဲ့ ပတ်သက်ပြီးဆိုရင် ကျွန်မတို့ကနေပြီးတော့ ကော်မရှင်ရဲ့အလုပ်က အခြေအနေတွေကို ကျွန်မတို့ စုံစမ်းဖို့။ အခြေအနေတွေကို သေသေချာချာ၊ တိတိကျကျ၊ ဘယ်လိုရှိတာလဲ။ ဒီပြဿနာတွေဟာ ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ ကျွန်မတို့က စုံစမ်းလေ့လာဖို့ ဖြစ်ပါတယ်။ ဒီထဲမှာ သာသနာရေးဆိုင်ရာကိစ္စလည်း ပါလာတယ်ဆိုတာ အများလည်းကြားပြီးဖြစ်ပါလိမ့်မယ်။ လယ်တီဆရာတော်ဘုရားကြီးနဲ့ ဒီလက်ပံတောင်းတောင်နဲ့ ပါဝင်ပတ်သက်မှုတွေနဲ့ ဆိုင်ပါတယ်။

ဒါကိုလည်း ကျွန်မတို့ကနေပြီးတော့ လူရိုသေ၊ ရှင်ရိုသေ၊ သာသနာရေးဆိုင်ရာ လောကမှာ အများကနေပြီးတော့ အသိ ပညာရှင်တွေအနေနဲ့ လက်ခံထားတဲ့ ပုဂ္ဂိုလ်တွေကြီးများရဲ့အကူအညီကို တောင်းခံပြီးတော့ ဒီအခြေအနေ အမှန်တွေက ဘယ်လိုရှိတယ်ဆိုတာကို ကျွန်မတို့ကနေပြီးတော့ စုံစမ်းပြီးတော့ ဖော်ထုတ်ပါမယ်။ အခုလက်ရှိစုံစမ်းနေတဲ့အချိန်မှာ ကျွန်မတို့ ရဲ့ စုံစမ်းမှုတွေကတလွဲမဖြစ်အောင်လို့ကျွန်မတို့စုံစမ်းရေး ကော်မတီရှင်တွေဟာသတင်းထောက်တွေနဲ့ ပြောဆိုဆွေးနွေးပြီးတော့ တွေ့ရှိချက်တွေအပေါ်မှာ သတင်း ထုတ်ပြန်ခြင်း မလုပ်ရပါဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်းကို ကျွန်မတို့ ကော်မတီရှင်တွေအနေနဲ့ ချထားပါတယ်။ အချိန်လိုက်၊ အချိန်လိုက်လိုအပ်ရင်၊ လိုအပ်သလို ကျွန်မတို့ သတင်းထုတ်ပြန်ချက်တွေ လုပ်သွားမယ်။ လိုအပ်ရင် လိုအပ်သလို သတင်းစာရှင်းလင်းပွဲတွေလုပ်ပါမယ်။ ဒါပေမဲ့ စုံစမ်းနေတဲ့ ကော်မရှင်ဝင်တွေ အနေနဲ့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးချင်း၊ တစ်ဦးချင်းအနေနဲ့ သတင်းစာရှင်းလင်းပွဲလုပ်တာတို့၊ သတင်းထုတ်ပြန်တာတို့ မလုပ်ရဘူးဆိုပြီးတော့ ကျွန်မတို့ စည်းမျဉ်း စည်းကမ်း ထုတ်ထားပါတယ်။

သတင်းထုတ်ပြန်ချက်တွေကတော့ ကျွန်မတို့ လိုအပ်ရင် လိုအပ်သလို လုပ်သွားပါမယ်။ နောက်ပြီးတော့ သတင်းစာရှင်းလင်းပွဲတွေကိုလည်း လိုရင်လိုသလို ကျွန်မတို့ လုပ်သွားပါမယ်။ အခုအချိန်မှာတော့ မနေ့ကတုန်းကဆိုရင် ၀က်မှေးရွာကို ရောက်ခဲ့ပါ တယ်။ ကျွန်မတို့ ကော်မရှင်အဖွဲ့ဝင်အားလုံးပေါင်း အဖွဲ့ဝင် ၈ ဦးပါတဲ့အဖွဲ့က ရောက်ပြီးတော့ ရွာသူရွာသားတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီးတော့ အခုဒီနေ့မှာ ဆိုလို့ရှိရင်တော့ ကံကုန်းရွာမှာ ရောက်နေ ပါတယ်။ ရောက်နေပြီးတော့ ဒီပတ်ဝန်းကျင်အခြေအနေတွေကို လေ့လာပါတယ်။ စုံစမ်းပါတယ်။ လေ့လာစုံစမ်းတဲ့အခါမှာ ကျွန်မတို့အနေနဲ့ နိုင်ငံတော်ဟာ ပြည်သူ လူထုအပေါ်မှာ တာဝန်ရှိတယ်ဆိုတဲ့အမြင်နဲ့ ကျွန်မတို့ စုံစမ်းပါတယ်။ အားလုံးကို တရားဥပဒေစိုးမိုးရေးအမြင်နဲ့လည်း စုံစမ်းပါတယ်။ ပြည်သူလူထုရဲ့ ပါဝင်ပတ်သက်မှုနဲ့မှကျွန်မတို့ အောင်မြင်နိုင်မယ်ဆိုတာ ကိုလည်း ကျွန်မတို့ လက်ခံပါတယ်။ အဲဒါကြောင့်မို့လို့ တတ်နိုင်သမျှ ပြည်သူလူထုနဲ့ အတူတူပူးပေါင်းပြီးတော့ ကျွန်မတို့ စုံစမ်းမှုတွေကို လုပ်သွားမှာဖြစ်ပါတယ်။

မနက်ဖြန်ကျလို့ရှိရင် ကျွန်မတို့ရဲ့အတွင်းရေးမှူး ဖြစ်တဲ့ ဦးကျော်တင့်ဆွေကိုယ်တိုင် မန္တလေးကို တက်ပါမယ်။ မန္တလေးကိုတက်ပြီးတော့ မန္တလေးမှာလည်း ထိခိုက်ဒဏ်ရာရတဲ့ သံဃာတော်များအချို့ ဆေးရုံမှာ ရောက်နေတယ်ဆိုတော့ အဲဒီကိစ္စတွေကိုလည်း ဦးကျော်တင့်ဆွေတို့ ကြည့်ပြီးတော့ ဘယ်လိုအခြေအနေ ရှိလဲဆိုတာကို စုံစမ်းပါမယ်။ လေ့လာပါမယ်။ အခုကျွန်မအဓိကကတော့ သတင်းစာရှင်းလင်းပွဲတွေမှာကတော့ သတင်းစာသတင်းထောက်များအနေနဲ့ သတင်းလောကအနေနဲ့ သိရှိသင့်တဲ့အချက်တွေရှိလို့ရှိရင် ပြောနိုင်တဲ့အချိန်မှ ပြောပါမယ်။ တချို့အားလုံးတော့ ကျွန်မပြောလို့မရပါဘူး။ တချို့ကိစ္စတွေက စုံစမ်းဆဲ ဆိုတော့ ဖြတ်ပြီးတော့မပြီးခင်မှာ ဖော်ထုတ်လို့မရတဲ့ အချက်အလက်တွေ ရှိပါတယ်။ မေးစရာရှိရင် မေးလို့ရပါတယ်။ ကျွန်မတို့ဖြေပါ့မယ်။

- သံဃာဘယ်နှပါး ဒဏ်ရာရပြီးတော့ ဘယ်နှဦးတော့ ဖမ်းထားပါတယ်ဆိုတဲ့ဟာလေးရော အစ်မမှာရှိလား။

ကျွန်မတို့မှာရှိတဲ့ ကိန်းဂဏန်းကို ဦးကျော်တင့်ဆွေကနေပြီးတော့ ဖတ်ပြပါလိမ့်မယ်။

အားလုံး ကျွန်တော်သိသလောက်ကတော့ အကုန် မန္တလေးရောက်နေပါပြီ။ ကန်တော်နဒီဆေးရုံမှာ ရဟန်း ၃၇ ပါးရှိပါတယ်။ လူတော့ မရှိပါဘူး။ မန္တလေးမြို့အနီးမှာ ခွဲပြောရရင် ဘုန်းကြီး ခွဲစိတ်ကုသ ဆောင်မှာတော့ ရဟန်း ၁၆ ပါးရှိပါတယ်။ ခွဲစိတ်ကုသဆောင် ၁ မှာတော့ ရဟန်း ၅ ပါး။ လူ ၃ ဦး။ ပေါင်း ၈ ဦး ရှိပါတယ်။ ခွဲစိတ်ကုသဆောင် ၃ မှာတော့ ရဟန်း ၄၊ လူ ၂၊ ပေါင်း ၆ ဖြစ်ပါတယ်။ မျက်နှာနဲ့ မေးရိုးဌာနမှာ တော့ ရဟန်း ၅၊ လူ ၂၊ ပေါင်း ၇ ဖြစ်ပါတယ်။ စုစုပေါင်းကတော့ ရဟန်းသံဃာ အနေနဲ့ ၆၇ ဦးရှိပါတယ်။ လူအနေနဲ့တော့ ၆ ဦးရှိပါတယ်။ ပေါင်း ၇၃ ဦးပါ။ ခုနလေးတင် ကျွန်တော်တို့ ရရှိတဲ့ အချက်အလက်တွေပါ။

(ဒေါ်အောင်ဆန်းစုကြည်) ပြင်ပမှာ ကုသနေတဲ့ ရဟန်းများ၊ ပုဂ္ဂိုလ်များလည်း ရှိနိုင်ပါတယ်။ ပြင်ပလူနာများဆိုပြီးတော့။ ဒါကတော့ ဆေးရုံမှာရှိတဲ့စာရင်းပါ။

- ဖမ်းဆီးထားတဲ့လူ ဘယ်လောက်ရှိတယ်ဆိုတာကိုရော သိထားပါသလား။

မုံရွာဘက်ကတော့ ဘယ်သူမှ မဖမ်းဆီးပါဘူး။ ၂၉ ရက်နေ့ မုံရွာရောက်သွားတဲ့ အခါမှာ ၂၈ ရက်နေ့ပေါ့နော်။ မုံရွာရောက် ပြီးတော့ ၂၉ ရက်နေ့မှာ ရဲအရာရှိများနဲ့ ဦးပိုင်က တာဝန်ခံများနဲ့တွေ့ပြီးတဲ့အခါမှာ ဒီသပိတ်နဲ့ ပတ်သက်လို့ ဘယ်သူ့ကိုမှ မဖမ်းဘူးဆိုတာကို သဘောတူခဲ့ပါတယ်။ ကျွန်မတို့ နားလည်သလောက်ကတော့ မုံရွာဘက်မှာ ဖမ်းဆီးထားတာ တစ်ခုမှ မရှိပါဘူး။ ဒီရန်ကုန်ဘက်မှာတော့ ဖမ်းဆီးထားတာ ရှိပါတယ်။

- ရန်ကုန်ဘက်ကဖမ်းတာကို အစ်မတို့ ကော်မရှင်အနေနဲ့ ဆက်ပြီးတော့လုပ်သွားမှာလား။

ဒီရန်ကုန်ဘက်မှာ ဖမ်းတာကလည်း ကြေးနီစီမံကိန်းနဲ့ ဆက်နွှယ်နေတယ်ဆို တော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့လည်း ကျွန်မတို့အနေနဲ့ စုံစမ်းထားပါတယ်။ နောက်ရဲနဲ့လည်း ဆက်သွယ်ထားပါတယ်။ လုပ်သင့်လုပ်ထိုက်တာတွေလည်း ဆက်ပြီးတော့ လုပ်သွားမှာဖြစ်ပါတယ်။

- ပစ်မိန့်ပေးတာ ဘယ်သူကနေပြီးတော့ပေးလဲဆိုတာ ပြောလို့ရပါသလား။

ဒါကတော့ ရဲကတော့ အထက်က ပေးတဲ့ အမိန့်အတိုင်းပဲ လုပ်မှာပေါ့။ အခု အချိန်မှာဆိုလို့ရှိရင် စောစောက ပြောသလိုပဲပေါ့နော်။ ဘယ်သူ့ကိုမှ ကျွန်မတို့က အပြစ်ဖို့ဖို့လုပ်မှာမဟုတ်ပါဘူး။ စုံစမ်းစစ်ဆေးရေးမှာ တိတိကျကျ အဖြေမပေါ်မချင်းတော့ ကျွန်မတို့မပြောသေးပါဘူး။ မဟုတ်ရင် ဟိုလူ့ကို အပြစ်ဖို့သလို။ ဒီလူ့ကို အပြစ်ဖို့သလို ဖြစ်နေမှာစိုးလို့ပါ။ အဲတော့ ဘယ်သူဘာပဲဖြစ်ဖြစ် ဒီအချိန်မှာကတော့ ဘယ်သူမှ အပြစ်မရှိဘူးလို့ ကျွန်မတို့ကတော့ တရားဥပဒေရဲ့ သဘောတရားအရ ဒီလိုပဲသတ်မှတ်မယ်။ စုံစမ်းပြီးတော့မှ သက်သေစုံ တယ်ဆိုရင်တော့ ဘယ်မှာ အပြစ်ရှိတယ်ဆိုတာကို မြင်လို့ရှိရင် မြင်သလို ကျွန်မတို့ ဆုံးဖြတ်ပါမယ်။

- ဆေးရုံက သံဃာတော်တွေကို ရာဇ၀တ်မှုဆိုပြီးတော့ တပ်ထားတယ်လို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်က ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတာ သိလိုပါတယ်။

ကျွန်မတို့အနေနဲ့ မန္တလေးဆေးရုံက သံဃာတော်တွေနဲ့ကတော့ မတွေ့ခဲ့ရသေးပါဘူး။ မုံရွာဆေးရုံကတော့ တွေ့ခဲ့ပါတယ်။ မုံရွာမှာတုန်းကလည်း ကျွန်မတို့ ဒီကိစ္စကို ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ ဆွေးနွေးတုန်းက ဆိုရင် ကျွန်မနားလည်သလောက်ကတော့ သပိတ်စခန်းဖွင့်တဲ့အချိန်တုန်းက အဲဒီအချိန်တုန်းကလည်း တရုတ်ကုမ္ပဏီက ၀န်ထမ်း ၄၀၀ ကို ပြန်ပေးဆွဲတဲ့ကိစ္စတွေ လည်းရှိခဲ့တယ်။ တချို့ပစ္စည်းတွေ ဘာတွေလည်း ပျက်စီးခဲ့တယ်ဆိုတဲ့ ကိစ္စတွေလည်းဖြစ်ခဲ့တယ်ဆိုတော့ FIR အမှုနဲ့လို့ ကျွန်မတို့ သိပါတယ်။ FIR အမှုနဲ့ဆိုတာ က မှုခင်းဆင်တယ်လို့လည်း မပြောနိုင်ပါဘူး။ ဆက်ပြီးတော့ ဖမ်းတာဆီးတာ မရှိပါဘူးလို့ ကျွန်မတို့ မုံရွာမှာ သဘောတူညီခဲ့တဲ့အတိုင်း အဖမ်းအဆီး မရှိခဲ့ပါဘူး။ အခု မန္တလေးဆေးရုံမှာနဲ့ပတ်သက်လို့ ရာဇ၀တ်မှုဖွင့်တယ် မဖွင့်ဘူးဆိုတာ ဒီကိစ္စတွေကို မန္တလေးကို တက်တဲ့အခါကျရင် ဦးကျော်တင့်ဆွေ လေ့လာပါမယ်။ စုံစမ်းပါမယ်။ အဲဒီကျရင် ကျွန်မတို့တိတိကျကျသိရမှာပါ။

- မီးလောင်ဗုံးတွေ သုံးနေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ရော အန်တီ ဘယ်လိုစုံစမ်းဖို့ရှိလဲမသိဘူး။

ကျွန်မပြောပြီးပြီလေ။ ဒီဟာက တကယ်လည်း မီးလောင်ဗုံး ဟုတ်၊မဟုတ် ဆိုတာကို ဒါကို စိစစ်ရမယ်။ စိစစ်ပြီးမှ၊ စုံစမ်းပြီးမှ အဖြေပေါ်မှ ပြောပါမယ်။ ဒီအချိန်မှာ ကျွန်မတို့အနေနဲ့ မှန်းခြေနဲ့ ဘာမှ မပြောပါဘူး။ တရားဥပဒေအရ လုပ်တယ် ဆိုတဲ့နေရာမှာ မှန်းခြေနဲ့ပြောလို့ မဖြစ်ပါဘူး။ သက်သေသာဓက စုံလင်မှ ခိုင်မာမှ ပြောလို့ကောင်းမယ်လေ။

- အခုကိစ္စက ဦးပိုင်လည်း ပါတယ်။ တရုတ်ဘက်က ၀မ်ပေါင်ကုမ္ပဏီလည်း ပါတယ်။ မြန်မာဘက်ကလည်း မြန်မာ့ဦးပိုင်ပါတယ်။ အန်တီစုမိန့်ခွန်း လက်ပံတောင်းမှာပြောတုန်းက ပြောပါတယ်။ အဲဒါမျိုးဆိုရင် ဟိုဘက်က ကုမ္ပဏီ ဘက်ကနေပြီးတော့ ဆက်လုပ်ခွင့်ရမယ် လို့ထင်ပါသလား။

ဒါကတော့ ကျွန်မတို့ စုံစမ်းပြီးမှ အဖြေပေါ်မှာပါ။ ဒီဟာတွေကို စုံစမ်းဖို့ ကျွန်မတို့ လုပ်နေတာပါ။ နောက်ပြီးတော့ ကျွန်မတို့သတိထားရမှာက အားလုံးနားလည်ရပါမယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့က တရားဥပဒေစိုးမိုးရေးရဲ့ သဘောတရားကိုလက်လွတ်လို့ မဖြစ်ပါဘူး။ ကျွန်မ အမြဲပဲပြောပါတယ်။ ကျွန်မတို့နိုင်ငံဟာ တကယ့်ခိုင်မာတဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်ချင်လို့ရှိရင် တရားဥပဒေစိုးမိုးရေးဆိုတာ မရှိလို့ မဖြစ်ပါဘူး။ လူတိုင်းဟာ တရားဥပဒေရဲ့အကျိုးကို ခံစားပိုင်ခွင့်ရှိပါတယ်။ ဘယ်သူက ခံစားရမယ်၊ ဘယ်သူက မခံစားရဘူးလို့ မဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံမှာရှိတဲ့လူတိုင်းလူတိုင်းဟာ ဥပဒေရဲ့အကျိုးကို ခံစားပိုင်ခွင့်ရှိတယ်ဆိုတဲ့ အခြေအနေဖြစ်အောင် ကျွန်မတို့ ဆောက်တည်ဖို့ ကြိုးစားနေတာဖြစ်လို့ တရားဥပဒေရဲ့သဘောတရားကို ကျွန်မတို့ လုပ်သွားမှာပါ။

- အခုဆိုလို့ရှိရင် နေ့တိုင်းပေါ့နော်။ ဆန္ဒပြမှုသေးသေးလေးတွေ နေ့တိုင်းလိုလို ဖြစ်ပေါ်နေပါတယ်ရှင့်။ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ အရေးယူတာတွေ ဘာတွေဖြစ်လာနိုင်တဲ့အတွက် အန်တီ့အ နေနဲ့ ဒါနဲ့ပတ်သက်ပြီးတော့ ဘာများပြောချင်ပါသလဲ။

ပထမဦးဆုံး အန်တီသိချင်တာက ဘာအတွက် ဆန္ဒပြနေတာလဲဆိုတာ သိချင်ပါတယ်။ ဘာအတွက် ဆန္ဒပြနေတာလဲ ဆိုတာသိလို့ရှိရင် ဆန္ဒပြသူတွေရဲ့ လိုအပ်ချက်တွေ၊ သဘောထားတွေကို နားလည်လို့ရှိရင် ပိုပြီးတော့ အဆင်ပြေအောင် လုပ်နိုင်မှာပေါ့။ အဲဒီဟာကတော့ အရေးကြီးပါတယ်။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ တော့ ဘယ်လိုပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေးကို ဦးထိပ်ထားတယ်၊ ဒါပေမဲ့လည်း နားလည်မှုနဲ့ အားလုံးအဆင်ပြေရေးကိုလည်း ကျွန်မတို့ ဦးတည်ပြီးတော့ လုပ်သွားမှာပါ။

- အခု ဒီဆန္ဒပြနှိမ်နင်းမှုလုပ်တဲ့ကိစ္စနဲ့ စုံစမ်းတဲ့အခါ နည်းပညာကိစ္စတွေပါ ပါ တယ်။ chemical ဟုတ်၊မဟုတ်တို့။ အဲဒါမျိုးကျရင် ဘယ်လိုပညာရှင်မျိုးကို သုံးပါလဲ။ အစိုးရဆီကပဲ ရှိတဲ့ပညာရှင်ကို သုံး ပါလား။ ပြည်ပပညာရှင်တွေ ပါဝင်ပတ်သက်ဖို့ရှိပါသလား။

ကျွန်မတို့ ဒီကိစ္စတွေကို ပြည်ပပညာရှင်တွေ စုံစမ်းစစ်ဆေးဖို့ စီစဉ်မှာဖြစ်ပါတယ်။ အစိုးရဘက်က လုံးဝပါဝင်ပြီး စိစစ်မှာ မဟုတ်ပါဘူး။ အဲလိုစိစစ်လို့ရှိရင်လည်း အမျိုးမျိုး မေးခွန်းထုတ်စရာတွေ ဖြစ်လာမှာမို့လို့ပါ။

- ဒီကိစ္စကို တော်တော်များများ ထွက်ပေါ်နေပါတယ်။ ဒီဆန္ဒပြနှိမ်နင်းမှုလုပ်ဖို့ကို နိုင်ငံတော်သမ္မတ ဒီလောက်ထိကို မသိဘဲ လုပ်နိုင်စရာအကြောင်းမရှိပါဘူး။ ဒီကိစ္စဟာ တမင်တကာ နောက်ကြောင်းပြန်လှည့် ဖို့အတွက် ဦးတည်ချက်တစ်ခုအနေနဲ့ ဖြိုခွဲတဲ့ကိစ္စလို့ သုံးသပ်နေကြပါတယ်။ အဲဒါအပေါ်မှာ အမေ့ရဲ့ သုံးသပ်ချက်လေး ပြောပြပေးပါခင်ဗျား။ နောက်တစ်ခုကတော့ မနေ့ကအထိပေါ့။ ကော်မရှင်အဖွဲ့ဝင်တွေက ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ ဒေသခံတွေက ဒီစီမံကိန်းတွေ ရပ်ဆိုင်းဖို့ပဲ လိုလားတဲ့ တောင်းဆိုချက်တွေပဲ ကြားနေရပါတယ်။ ဒီကော်မရှင်စစ်ဆေးမှုနဲ့ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ထွက်လာလို့ရှိရင် ရွာသူရွာသားတွေနဲ့ သဘောထားမတိုက်ဆိုင်တဲ့အခါမှာရော ဘယ်လိုဆောင်ရွက်သွားဖို့ ရှိပါသလဲ။

စောစောကပြောသလို နှစ်ခုကွာတာပေါ့။ တစ်ပိုင်းကနေပြီးတော့ မသိတာ၊ သိတာဆိုတာ ကျွန်မအမြင်မှာတော့ တာဝန်ရှိတဲ့လူတိုင်းကတော့ သိသင့်တာပေါ့။ ဒါပေမဲ့ ကျွန်မတို့ရဲ့ကော်မရှင်ဟာ ဘယ်သူ့ မှာသာ တာဝန်ရှိတယ်။ ဘယ်သူကြောင့်ဆိုတာ ပြောပြီးတော့ ကျွန်မတို့ရဲ့ တာဝန်တွေ ကို ကျွန်မတို့ ခေါင်းရှောင်မှာ မဟုတ်ပါဘူး။ ကိုယ်လက်ခံထားပြီးပြီဆိုတော့ ဒီတာဝန်ကို ကျေပွန်အောင်လုပ်မှာ ကျွန်မတို့တာဝန်ပဲ။ ဒီဟာကိုပဲ ကျွန်မတို့ မီးမောင်းထိုးပြီး လုပ်ဆောင်သွားမှာပဲ။ နောက်ပြီးတော့ မနေ့တုန်းကဆိုလို့ရှိရင် ကျွန်မနားလည်သလောက်ကတော့ ၀က်မှေးရွာကို ရောက်ခဲ့တယ်။ အစက အိမ်ခြေ ၁၀၀ ရှိတဲ့ရွာ။ အိမ်ခြေ ၁၀၀ မှာ အိမ်ခြေ ၆၀ ကတော့ ပြောင်းသွားပါပြီ။ ကျန်တဲ့အိမ်ခြေ ၄၀ ပဲ ရှိပါတယ်။ အိမ်ခြေ ၄၀ နဲ့သွားပြီး တော့ ညှိနှိုင်းတဲ့အခါကျတော့ စီမံကိန်းတွေ ရပ်စဲချင်တဲ့အသံတွေ ထွက်လာတယ်လို့ ပြောပါတယ်။ ဒါဟာ ကျွန်မတို့ကလည်း ထည့်ပြီးတော့ စဉ်းစားမှာပေါ့။ ဒါပေမဲ့ ကျွန်မစောစောကပြောပြီးပြီ။ အားလုံးကျေ နပ်အောင်တော့ ကျွန်မတို့ လုပ်နိုင်မှာမဟုတ်ဘူး။ အားလုံးကျေနပ်နိုင်မယ့် အဖြေတစ်ခုကို ကျွန်မတို့ရှာမယ်။ ကျွန်မ ခဏခဏပြောတယ်။ ကျွန်မတို့နိုင်ငံအတွက် အရေးကြီးတာ အခုလည်းရှိမှာပဲ။ နောက်လည်းရှိမှာပဲ။ ဒီပြဿနာတွေကို ကျွန်မတို့ ဘယ်ပုံဘယ်နည်းနဲ့ ဖြေရှင်းမယ်ဆိုတာသာ အရေးကြီးတာပါ။ ပြဿနာဖြေရှင်းပုံ ဖြေရှင်းနည်းကို နားလည်ရမယ်။ အကောင်းဆုံးဖြေရှင်းပုံ ဖြေရှင်းနည်းတွေကို ကျွန်မတို့ လုပ်နိုင်ရမယ်။

အကောင်းဆုံးဖြေရှင်းပုံ ဖြေရှင်းနည်းဆိုတာကတော့ ညှိနှိုင်းဆွေးနွေးပြီးတော့ အပေးအယူလုပ်နိုင်ရမယ်။ အပေးအယူ မလုပ်ဘဲနဲ့ ဒီကမ္ဘာကြီးမှာ ဘယ်လိုမှ မတိုးတက်ဘူး။ ကျွန်မတို့ကော်မရှင်က ကျွန်မပြောသလို ကျွန်မတို့နိုင်ငံရဲ့ ရေရှည်အရေးကိုပဲ မျှော်ကိုးပြီးတော့ ကျွန်မတို့ အကြံပြုသွားမှာပါ။ ထုတ်ဖော်တဲ့ အချက်အလက်တွေက အမှန်အတိုင်းပဲ ကျွန်မတို့ ထုတ်ဖော်မှာပါ။ ဘာဖြစ်ခဲ့တယ်၊ ဘယ်လိုတောင်းဆိုမှုတွေ ဖြစ်ခဲ့တယ်၊ တောင်းဆိုမှုတွေရဲ့နောက် ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ မြင်တဲ့အတိုင်းပဲ မှန်မှန်ကန် ကန်တင်ပြပါမယ်။ အဲဒါကို ကြိုက်တဲ့ လူလည်း ရှိမယ်။ မကြိုက်တဲ့လူလည်းရှိမယ်။ အဓိကကျတာကတော့ အဖြစ်ကို အဖြစ်အတိုင်း တင်ပြမယ်။အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့ ပေးသင့်ပေးထိုက်တဲ့ အကြံပေးချက်တွေကို ကျွန်မတို့ပေးပါ မယ်။ ကျွန်မတို့ ပေးတဲ့အကြံပြုချက်တွေ အတိုင်း ဖြစ်သွားအောင်လို့လည်း ကြိုးစားရမယ်။ တိုက်တွန်းရမယ်။ ဒါ ကျွန်မတို့ရဲ့တာဝန်ပဲ။ ကျွန်မတို့အနေနဲ့ အားလုံးကြိုက်တဲ့ အဖြေရှာဖို့ မဟုတ်ပါဘူး။ အားလုံးအတွက် အကောင်းဆုံးအဖြေရှာဖို့ ဖြစ်ပါတယ်။

- စောစောကမေးခွန်းတစ်ခုက ဒီကိစ္စကို နောက်ကြောင်းပြန်လှည့်ဖို့ ဦးတည်တဲ့ ထောင်ချောက် ဟုတ်၊မဟုတ်ပေါ့။

ဒါက ဒီလိုဘယ်တော့မှမစဉ်းစားဘူး။ နောက်ကြောင်းပြန်လှည့်နိုင်၊ မလှည့်နိုင် ဆိုတာ ကျွန်မတို့လက်ထဲမှာရှိတယ်ဆိုတာ ကျွန်မတို့ ယုံကြည်တယ်။ ဘယ်ပုဂ္ဂိုလ်တစ်ဦးရဲ့ လက်ထဲမှာမှ မရှိဘူး။ ဒီနိုင်ငံက နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လက်ထဲမှာပဲ ရှိပါတယ်။

- ဒီမီးလောင်ခဲ့တဲ့ကိစ္စတွေအပေါ်မှာ အန်တီအနေနဲ့ စစ်ဆေးမယ်ပေါ့။ စစ်ဆေးတဲ့အခါမှာ ပြည်ပပညာရှင်တွေသုံးမယ်လို့ ပြောပါတယ်။အဲဒီမီးလောင်တုန်းက သက်သေတွေ ကော်မရှင်အနေနဲ့ ရထားပါသလား။ မီးလောင်မှုဖြစ်ပြီး ၃ နာရီအကြာမှာ ချက်ချင်းရေဖြန်းပြီးတော့ သက်သေတွေ ဖျောက်တယ်လို့ ပြောတယ်ဗျ။ အဲဒီတော့ စစ်ဆေးတာ အခက်အခဲများ ရှိနိုင်ပါမလားခင်ဗျာ။ ရနိုင်တဲ့ သက်သေပစ္စည်းတွေလည်း နည်းသွားနိုင်ပါတယ်။ အဲဒါနဲ့သုံးသပ်ပေးပါဦးခင်ဗျား။

ကျွန်မသိတာတော့ ရေဖြန်းတာက အရင်ပါ။ နောက်မှမဟုတ်ပါဘူး။ သပိတ် စခန်းကွဲအောင် ခွဲတာပေါ့။

- ကျွန်တော်ပြောတာက အဲဒီသဘောပါ။ ရှိနေတဲ့သက်သေပစ္စည်းတွေကို အားလုံးပြီးတဲ့အခါ ဖိနပ်၊ သင်္ကန်းတွေရော မီးရှို့ပစ်လိုက်တာပေါ့။

တချို့ဟာတွေတော့ ကျွန်မတို့ ရထားပါပြီ။ ကျွန်မတို့ဟာ ကျွန်မတို့ ရထား ပြီးသား ပစ္စည်းတွေဖြစ်ပါတယ်။ နောက်ပြီးတော့ အခုရှိတဲ့ပစ္စည်းတွေအပေါ်မှာ တတ်နိုင်သလောက် သက်သေအထောက်အထားကို ရှာမှာဖြစ်ပါတယ်။

- အန်တီ အဲဒီဗုံးက တချို့ကလည်း တရုတ်က လုပ်တယ်လို့လည်းပြောတယ်။ တချို့က ကစနကလုပ်တယ်လို့လည်း ပြောတယ်။

ဒါက စုံစမ်းတဲ့အခါမှာ ပေါ်မှာပါ။ ကျွန်မ မစုံစမ်းရသေးတဲ့အတွက် ဖြေပေးလို့ မရသေးပါဘူး။ ကျွမ်းကျင်တဲ့လူတွေကမှ ဒါဘယ်ကဟာလဲ၊ ဘယ်လိုလာတယ်၊ ဘယ်လိုအခြေအနေရှိလဲဆိုတာ အဖြေကို ပေါ်အောင်လုပ်ပေးမှာဖြစ်ပါတယ်။

- လက်ပံတောင်းတောင်စီမံကိန်းဆိုတာ တရုတ်ကုမ္ပဏီနဲ့ ဖြစ်ထားတဲ့စီမံကိန်းပါ။ မြစ်ဆုံစီမံကိန်းတုန်းကလည်း တရုတ်ကုမ္ပဏီနဲ့ဖြစ်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ လာရောက်ဆောင်ရွက်နေတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ရင်းနှီးမြှုပ်နှံမှုအပေါ် အန်တီအနေနဲ့ ဘယ်လိုများမှတ်ချက်ပေးချင်ပါသလဲ။

ကျွန်မတာဝန်ယူမှုကို အမြဲပင်အလေးထားတယ်။ တရုတ်ကုမ္ပဏီတွေလာလုပ်တယ်ဆိုတာ ဒီက အစိုးရနဲ့ သဘောတူညီ ချက်ယူပြီးလာလုပ်တာပဲ။အဲဒီတော့ ကိုယ့်နိုင်ငံအတွက် ကိုယ့်အစိုးရကသာလျှင် အဓိကတာဝန်ယူရမယ်။ တစ်ဖက်သတ်လုပ်လို့မရဘူး။ သူတို့ဟာသူတို့ လုပ်ချင်တိုင်း လာပြီးလုပ်လို့ရတာမှမဟုတ်ဘူး။ စာချုပ်အရလုပ်တာ။ သဘောတူညီချက် အရလုပ်တာ။ ဒါကြောင့် ကျွန်မတို့ ပထမဦးဆုံး သတင်းကြေညာချက်ထဲမှာ ပါပါ တယ်။ ဒီကိစ္စစတာဟာ ပွင့်လင်းမြင်သာမှု မရှိလို့ စတာပါ။ ကျွန်မတို့က ဒီမိုကရေစီဘက် ဦးတည်မယ်ဆို ပွင့်လင်းမြင်သာမှု ရှိရမယ်။ တာဝန်ယူမှုရှိရမယ်။ ကျွန်မတို့ရဲ့ အကြံပြုချက်တွေထဲမှာလည်း ဒီလိုမျိုး အကြံပြုချက်တွေ ပါပါလိမ့်မယ်။

မြန်မာသံတော်ဆင့် သတင်း

No comments:

Post a Comment