Monday 10 December 2012

လှိုင်းထန်တဲ့ ၀င်္ကဘာ ဘ၀လမ်းထဲမှာ...



လှိုင်းထန်တဲ့ ၀င်္ကဘာ ဘ၀လမ်းတလျောက်
ဒုက္ခ အလွမ်းများ တောင်တန်းလို မြင့်မြင့်မားမား ရှည်ရှည်လျားလျား
ရိုးသားသူတစ်ဦးဟာ ခါးသီးခြင်းရဲ့ ဇက်ကြိုးကို ကိုင်ပြီး
လှုတ်ခတ်နေတဲ့ ကံကြမ္မာကို မြင်းတစ်ကောင်လို စီးတတ်ဖို့ လိုတယ်..။

သဘာဝကျတဲ့ သဘောတရားများ ရင်ထဲ စိုက်ပျိုး
အတွေးသစ် အမြင်သစ်များ ဦးနှောက်မှာ ရှင်သန်

ရည်ရွယ်ချက်နဲ့ အချိတ်အဆက်မိမိ စိတ်ဓာတ်ကို ကုစား
မုန်တိုင်းလို လာမဲ့ဘေး ပြေးတွေ့ ဖို့ ခြေလှမ်းပြင်ထားပါ..။

အတွင်းကြေ သတင်းတွေက နေ့ စဉ်ဖြတ်ရိုက်
မမေ့မလျော့ အထေ့အငေါ့ ဘ၀င်မကျမှုများနဲ့ ထိပ်တိုက်တွေ့ 
လောကဓံတရား ကိုယ်တိုင်က မတရားလာချိန်မှာ
ဘ၀မှာ မာရသွန်အပြေးသမားလို ခံနိုင်ရည်ကို လေ့ကျင့်ယူရတယ်..။

ဆိုင်းမဆင့် ဗုံမဆင့်ရောက်လာတတ်တဲ့ ပြဿနာတောထဲ
ပုထုဇဉ် လူပီသဖို့  ဒေါသကို အကြိမ်ကြိမ်ချပြရဦးမလား ..။
ယုံကြည်ရာ ခြေလှမ်းတိုင်းမှာ ပန်းများဖူးပွင့်တယ်ဆိုရင်တောင်
အာရုဏ်ဦး အလာကို ဆောင့်ကြောင့်ထိုင် စောင့်နေယုံနဲ့ 
အောင်မြင်မှုတွေက နေရောင်ခြည်လို မိုးပေါ်မှ ကျလာမှာ မဟုတ်ဘူး..။

ကံကြမ္မာရဲ့ ရိုးတွင်းခြင်ဆီထဲ ပွင့်ပွင့်လင်းလင်း ၀င်ကြည့်
ဒဏ်ရာတွေနဲ့ ရိုးမြေကျ ပေါင်းသင်းဖို့ စာချုပ် ချုပ်မထားဘူး..။

အတိတ်တိမ်တိုက်တွေကို လက်ပြ နှုတ်ဆက် ချန်ထားရစ်ခဲ့ အချိန်များ
အမေ့အိမ်က ရုတ်တရက် ရင်ထဲမှာ ပြန်လည်ရှင်သန်လာ
နှလုံးသားပေါ်မှာ ဝေဒနာများ ရထားတစ်စင်းလို အရှိန်ပြင်းပြင်းခုတ်မောင်းနေတယ်..။

ရာသီဥတုတွေက လောက အချိန်ကို မှီပြီး ပြောင်းတယ်..။
လူတွေက လောဘ အကြိမ်ကြိမ် နှစ်နဲ့  ချီပြီ စိတ်ဓာတ်မပြောင်းဘူး ..။

အောင်ခိုင်မြင့်
၁၀ ဒီဇင်ဘာ ၂၀၁၂

No comments:

Post a Comment