Thursday 13 December 2012

မုံရွာမြို့မှ ဆရာတော်များ ဒီဇင်ဘာ ၁၃ တွင် ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒထုတ်ဖော်


 
မုံရွာ၊ ဒီဇင်ဘာ-၁၃
 
မုံရွာမြို့ပေါ်ကျောင်းတိုက် အသီးသီးမှ သံဃာတော် အပါး ၅၀ ခန့်သည် ဒီဇင်ဘာလ ၁၃ ၇က် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ရွှေစည်းခုံစေတီတော် မြောက်ဘက် ရင်ပြင်တော်တွင် စုဝေးပြီး ရွှေစည်းခုံ စေတီတော် မြောက်ဘက်မုခ်-ဘူတာလမ်း-ဗိုလ်ချုပ်လမ်း-မြို့ပတ်လမ်း- ကန္နားလမ်း-ကျောက်ဆောင်ဆိပ်-ဘူတာလမ်းတို့အတိုင်း မုံရွာမြို့တွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြွချီပြီး ရွှေစည်းခုံစေတီတော် မြောက်ဘက်မုခ်သို့ မွန်းလွဲ ၃ နာရီအချိန်တွင် ပြန်လည်ရောက်ရှိသည်။
 
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော သံဃာတော်များသည် လမ်းတစ်လျှောက် မေတ္တာပို့သခဲ့ပြီး ရွှေစည်းခုံ စေတီတော် အရှေ့ဘက် ဓမ္မာရုံအတွင်း မေတ္တာပို့သ၍ ဆန္ဒထုတ်ဖော်မှုကို အဆုံးသတ်ခဲ့သည်။ ဆန္ဒထုတ်ဖော်ခဲ့သော သံဃာတော်မျာက ဒေသခံလူထုနှင့် တွေ့ဆုံခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲတစ်ခုကိုလည်း ရွှေစည်းခုံ စေတီတော် အရှေ့ဘက် ရင်ပြင်တော်တွင် ကျင်းပသည်။
 
"တစ်ရက်နဲ့ တောင်းဆိုလို့မရ နှစ်ရက်နဲ့တောင်းဆိုလို့မရ။ သုံးလေးရက်နဲ့ တောင်းဆိုလို့ မရရင် သပိတ်စခန်းဖွင့် တောင်းဆိုသင့်လျှင်တောင်း ဆိုသွားမယ်။ သံဃာတော်တွေအနေနဲ့ လောကီအရေးကို ၀င်
ပါနေတာ မဟုတ်ဘူး။ အများအကျိုး တိုင်းပြည်အကျိုးကို နစ်နာနေတယ်ထင်လို့ ဒေသခံတွေအတွက် ဆုံးရှုံး နစ်နာမှုတွေ ကြုံနေရတယ်ဆိုလို့ ဆရာတော်တွေ ၀င်ပါနေတာပါ။ လောကီအရေးကို ၀င်ပါတယ်.. လုပ်တယ်ဆိုရင် ကိုယ်တော်တွေ လယ်ဆင်းထွန်မယ်။ အခုအချိန်အထိ ချစ်တီးစနစ်မပျောက်သေးဘူး။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း လက်ပံတောင်းတောင်ဒေသခံတွေ လယ်တစ်ဧက ကျပ်ငါးသိန်းဝန်းကျင် ရတဲ့ ကိစ္စ၊ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိရေးအတွက် ဆွေးနွေးပေးပါလို့ တိုက်တွန်းပါတယ် " ဟု မုံရွာမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော သံဃာတော် တစ်ပါးက မိန့်သည်။
 
 "ပထမဆုံတောင်းဆိုတာတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးပါ။ အခု ဒုတိယမြောက်တောင်းဆိုတာကတော့ လက်ပံတောင်းတောင် သပိတ်စခန်းများဖြိုခွင်းဖျက်ဆီးတဲ့အရေးကို ဖြေရှင်းပေးဖို့ကိစ္စပါ။ မြို့မိမြို့ဖတွေရော သတင်းသမားတွေရော ပြည်သူတွေရော စုံနေတဲ့အချိန်မှာ ဘယ်လိုဖြေရှင်းပေးမှာလဲဆိုတာတော့ သိချင်ပါတယ်" ဟု ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ (မုံရွာခရိုင်) ကျောင်းသားတစ်ဦးကလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ "လက်ပံတောင်းတောင်ဆိုတာ ဒေသခံတွေအတွက် စားဝတ်နေရေးအဆင်ပြေအောင်ပေးခဲ့တဲ့ တောင်တန်းကြီးတွေဖြစ်တဲ့အတွက် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေးကို အဓိကတောင်းဆိုချင်ပါတယ်။
 
မဖြစ်နိုင်ဘူးဆိုပေမယ့် တောင်းဆိုလို့ရသလောက်တော့ တောင်းဆိုချင်တယ်။ သပိတ်စခန်းဖွင့်တဲ့အချိန်မှာ ကျုပ်တို့သံဃာတော်တွေအနေနဲ့ အသက်စွန့်သင့်ရင် စွန့်မယ်။ ဒေသခံတွေက သံဃာတော်တွေကို အသုံးချတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ သံဃာတော်တွေအနေနဲ့ သာသနိက အဆောက်အဦးတေါ မပျက်စီးအောင် ဒေသခံတွေ အကျိုးစီးပွားမထိခိုက်အောင် ၀င်ပါနေရတာဖြစ်ပါတယ်" ဟု သံဃာတော်တစ်ပါးက ဆက်လက်မိန့်ကြားသည်။ သတင်းစာရှင်းလင်းပွဲအား ညနေ ၃ နာရီခွဲအချိန်တွင် ရုတ်သိမ်းခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော သံဃာတော်များ ကျောင်းတိုက်အသီးသီးသို့ ပြန်လည် ကြွချီတော်မူသည်။
 
ဓာတ်ပုံ- မျိုးမင်းဦး
7 Day News

No comments:

Post a Comment