Monday 12 November 2012

နိုဝင်ဘာလ ၁၁ ရက် နံနက်ပိုင်းက အင်အားရစ်ခ်ျတာ စကေး ၆ ဒသမ ၈ရှိ အင်အားပြင်း ငလျင်တစ်ခု ရွှေဘိုမြို့မြောက်ဘက် ၄၅မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့၊ စစ်ကိုင်းနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့

အလဲဗင်းမီဒီယာဂရု မှ မှတ်တမ်းသတင်းဖြစ်ပါတယ်။
***************************************
Monday, 12 November 2012 10:19
နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၇ နာရီ ၄၂ မိနစ်ခန့်က စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုမြို့မြောက် ဘက် ၄၅ မိုင်ခန့်အကွာကို ဗဟိုပြု ပြီး အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၈ အင်အားရှိ မြေငလျင်တစ် ခုလှုပ်ခတ်သွားခဲ့ကြောင်း သိရှိရပြီး အဆိုပါငလျင်ကြောင့် စစ်ကိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည်။
မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၂ မိနစ် ၃၇ စက္ကန့်တွင် မ န္တလေးမြေငလျင်စခန်း၏မြောက်ဘက် ၈၂
မိုင်ခန့်အကွာ၊ ရွှေဘိုမြို့၏ မြောက်ဘက် ၄၅ မိုင်ခန့်နေရာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး ၆ ဒသမ ၈ အဆင့်ရှိအင်အားပြင်း မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ ကြောင်း၊ နံနက် ၇ နာရီ ၅၉ မိနစ် ၅၉ စက္ကန့်တွင် မန္တလေးမြို့မြောက် ဘက် ၅၉ မိုင်ခန့် ရွှေဘိုမြို့ အရှေ့မြောက်ဘက် ၂၃ မိုင်ခန့်၊ မိုးကုတ် မြို့အနောက်ဘက် ၃၆ မိုင်ခန့်နှင့် သပိတ်ကျင်းမြို့ အနောက်တောင် ဘက် ၄ မိုင်ခန့်နေရာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၅ အဆင့် ရှိ မြေငလျင်တစ်ခုနှင့် နံနက် ၈ နာ ရီ ၂ မိနစ် ၂၈ စက္ကန့်တွင် မန္တလေး မြို့မြောက်ဘက် ၅၃ မိုင်ခန့်၊ ရွှေဘို မြို့ အရှေ့မြောက်ဘက် ၁၆ မိုင်ခန့်၊ မိုးကုတ်မြို့အနောက်ဘက် ၄၁ မိုင် ခန့်နှင့် သပိတ်ကျင်းမြို့အနောက် တောင်ဘက် ၁၂ မိုင်ခန့်နေရာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၅ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။
“ရွှေဘိုမြို့ အရှေ့မြောက်ဘက် မိုင်(၃၀)၀န်းကျင်လောက်ကိုဗဟို ပြုတယ်လို့သိရပါတယ်။ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့အကြားပတ်ဝန်း ကျင်ကို လေ့လာကြည့်တဲ့အခါ ၁၉၅၆မှာစစ်ကိုင်းငလျင်ကအင်အား (၇)ရှိတယ်။ ၁၉၉၁ တကောင်းမှာလည်း အင်အား(၇)ငလျင်ထပ်လှုပ်တယ်။ အဲဒီငလျင်တွေနောက်ပိုင်း ဒီငလျင်က အင်အားအပြင်းဆုံးလို့ ပြောလို့ရတယ်။ အင်အားအသင့်တင့် ငလျင်တွေ လှုပ်ခတ်ခဲ့တာ ရှိပေမယ့် ၁၉၉၁ ခုနှစ်နောက်ပိုင်းမှာ ဒီငလျင်က အမြင့်ဆုံးပမာဏဖြစ်နိုင်တယ်။ စစ်ကိုင်းပြတ်ရွေ့မှာအပိုင်းလိုက် ငလျင်ကြီးတွေ လှုပ်သွားတာရှိတယ်။ အခုလှုပ်ခတ်မှုက ရှေ့ပြေးလှုပ်ခတ်မှုလို့ ပြောလို့ရတယ်။ သမိုင်းအထောက်အထားအရတော့ ကြီးမားတဲ့ ငလျင်တွေမလာခင် ဒီလိုငလျင်မျိုးတွေ လှုပ်တတ်တဲ့အတွက် သတိပြုဖို့ တော့ လိုတယ်”ဟု မြန်မာနိုင်ငံ ငလျင် ကော်မတီအတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောကြားခဲ့သည်။
အဆိုပါမြေငလျင်ကြောင့် မန္တ လေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊ ကျောက်ဆည်နှင့် သပိတ်ကျင်းမြို့နယ်တို့ တွင် ပျက်စီးထိခိုက်မှုများနှင့် သေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်မှု အများဆုံးမြို့နယ်မှာ ရွှေဘိုမြို့နယ် နှင့်သပိတ်ကျင်းမြို့နယ်တို့ဖြစ်ပြီး ရွှေဘိုမြို့နယ်၊ကျောက်မြောင်းမြို့ နယ်ခွဲ၌ တည်ဆောက်လျက်ရှိသော ဧရာဝတီမြစ်ကူးတံတား (ရတနာသိင်္ဃ)တွင် တပ်ဆင်ထားသော သံဘောင်များ ပြိုကျခဲ့ပြီးလူသေဆုံးမှု များ ရှိခဲ့ကြောင်း သိရသည်။
“ဒီတံတားကို ရစ်ခ်ျတာစကေး ၇ အဆင့်ရှိ ငလျင်ဒဏ်ခံနိုင်အောင် တွက်ချက် တည်ဆောက်ထားတာပါ။ အခုလိုပြုတ်ကျမှုတွေဖြစ်ရတာက တံတားက တည်ဆောက်နေဆဲ၊ သံဘောင်တွေ တပ်ဆင်နေဆဲအချိန်မှာ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်တာကြောင့် သံဘောင်တွေ ပြုတ်ကျမှု ဖြစ်ပေါ်ခဲ့တာပါ။ တံတားတိုင်အမှတ် RP-1 နဲ့ RP-2 ကြား၊ RP-2 နဲ့ RP-3 ကြားက တပ်ဆင်ဆဲသံဘောင်တွေ ပြုတ်ကျခဲ့ပါတယ်။ ပြုတ်ကျတဲ့ သံဘောင်တွေဆယ်ယူဖို့၊ တံတားရဲ့ပိုင်တိုင်တွေငလျင်ကြောင့် ထိခိုက်မှုရှိမရှိ စစ်ဆေးမှုတွေပြုလုပ်ပြီး လိုအပ်တာတွေ ဆက်လက်ဆောင်ရွက်သွားမှာပါ။ လုပ်ငန်းခွင်ဝင်ချိန်မှာ ငလျင်လှုပ်တာဖြစ်တဲ့အတွက် သေဆုံးသူ၊ ပျောက်ဆုံးသူ၊ ဒဏ်ရာရရှိတဲ့သူတွေ ရှိခဲ့ပါတယ်။ ကျွန်တော် တို့ဌာနက တာဝန်ရှိသူတွေ အင်ဂျင်နီယာတွေအနေနဲ့ ပြုတ်ကျခဲ့တဲ့ သံဘောင်တွေကို စစ်ဆေးပြီးတော့ တံတားတည်ဆောက်ရေးပြန်လည် စတင်ဖို့ လိုအပ်တာတွေကို အမြန်ဆုံး လုပ်ဆောင်သွားမှာပါ”ဟု  ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
“ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကဒေသတွေမှာ ငလျင်ဒဏ် အဆိုးဆုံးခံခဲ့ရတယ်လို့ သိရပါတယ်။ ရွှေဘိုဆေးရုံမှာ လူနာ ၁၃ ဦးကုသမှု ခံယူနေရပြီး အဲဒီထဲကမှ ဒဏ်ရာပြင်းထန်တဲ့လေးဦးကို မန္တလေးဆေးရုံကြီးကို လွှဲပြောင်းပြီး ကုသမှုခံယူဖို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါ တယ်။ စဥ့်လုပ်ငန်းအဓိကလုပ်တဲ့ နွယ်ငြိမ်းမှာ အိုးဖုတ်တဲ့ဖိုတွေအားလုံး နီးပါး ပြိုကျသွားခဲ့တယ်လို့သိရပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးများနိုင်ပါတယ်။ နေအိမ်တွေပျက်စီးသွားလို့ အချိန်မီ ပြန်မတည်ဆောက်နိုင်ရင် အခက်အခဲရှိလာနိုင်ပါတယ်။ မကြာခင်မှာ ဆောင်းဝင်လာတော့မှာဖြစ်လို့ အမိုးအကာအောက်ကို လူတွေအမြန်ဆုံး ရောက်ဖို့ အရေးကြီးပါတယ်” ဟု ရွှေဘိုမြို့ရှိ Eleven Media Group ၏သတင်းထောက်မှ သတင်းပေးပို့ပါသည်။
ယခုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် တောင်ပြင်ထီးလင်းတိုက် မြတ်ညီနောင်တိုက်ဦးစေတီမှ စိန်ဖူးတော် မြေခခဲ့ကြောင်း သိရှိရပါသည်။ မဟာမုနိဘုရားကြီးရှိ နာရီစင်ထီးတော် တိမ်းစောင်းသွားခဲ့ပြီး ရှင်မာလဲ ဘုရားဓမ္မာရုံရှိ အင်္ဂတေပန်းချပ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
“မီးချောင်းတွေ၊ ပန်ကာတွေ၊ ဗီရိုတွေလှုပ်ခဲ့တယ်။ မတ်တပ်ရပ် ရပ်လို့မရအောင် လှုပ်တာကို ခံစားရတယ်။ မြို့ထဲမှာရှိတဲ့ အတော်များများကတော့ အိမ်အပြင်ပြေးထွက် ကြတယ်။ နောက်ဆက်တွဲလှုပ်မယ် ဆိုပြီးပြောနေလို့ စိုးရိမ်နေရတယ်”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောပြပါသည်။
စစ်ကိုင်းမြို့တွင်လည်း ငလျင်ကြောင့်အိမ်နံရံကွဲအက်မှု၊ အုတ်အချပ်လိုက်ကွာကျမှု အချို့ဖြစ်ပေါ်ခဲ့ ပြီး ဆင်များရှင်ဘုရားစိန်ဖူးတော် နှင့် အရန်စိန်ဖူးတော်(၄)လုံး မြေခခဲ့ကြောင်း သိရသည်။
“ဒီမနက်ငလျင်ကြောင့် ဆင်များရှင်ဘုရားမှာရှိတဲ့ (၈) လက်မအရွယ် စိန်ဖူးတော်နဲ့(၃)လက်မ အရွယ် အရန်စိန်ဖူးတော်တွေမြေခခဲ့ပါတယ်” ဟု ဆင်များရှင်ဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပါသည်။
စဉ့်ကူးမြို့တွင် ရွှေဂူကြီးဘုရား၊ ရွှေစည်းခုံဘုရားများ ပျက်စီးသွားခဲ့ပြီး မူလတန်းကျောင်း ကျောင်းဆောင်တစ်ဆောင်နှင့် အုတ်တံတိုင်းပေ ၃၀၀ခန့်ပြိုကျခြင်း၊ သနန္ဒာကျောင်းတိုက် အုတ်တံတိုင်း ပေ ၆၀၀ခန့် ပြိုကျခြင်းအပါအ၀င် အဆောက်အဦများ ပြိုကျပျက်စီးမှုရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ  သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရှိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကိုဆိုးဆိုးရွားရွား ခံစားခဲ့ရသည့်မြို့နယ်မှာ သပိတ်ကျင်းမြို့နယ် ဖြစ်ပြီး မြို့ပေါ်တွင် နေအိမ်အလုံး ၁၀၀ကျော် ပြိုကျ ပျက်စီးခဲ့ကြောင်း၊ နောက်ဆက်တွဲ ငလျင်များ ဆက်တိုက်လှုပ်နေခြင်းကြောင့် ဒေသခံများ မိမိတို့နေအိမ် အတွင်း ဆက်လက် မနေထိုင်ရဲကြတော့ဘဲ ဘောလုံးကွင်းအတွင်း၌ ပြောင်းရွှေ့နေထိုင်လျက်ရှိသည်ဟု သပိတ်ကျင်းမြို့တွင် ရောက်ရှိနေသော Eleven Media Group ၏သတင်းထောက်မှ ပြောကြားပါသည်။
“လက်ပံလှကို ကျော်ပြီးကတည်းက လမ်းတစ်လျှောက်ကျေးရွာတွေမှာ အထိခိုက်အပျက်အစီး တွေ တွေ့ရပါတယ်။ သပိတ်ကျင်း မြို့ပေါ်မှာ နံကပ်တိုက် ၁၀၀ ကျော် ပြိုတယ်လို့ သိရပါတယ်။ လူတွေ က  အိမ်ထဲမှာ ဆက်မနေရဲကြတော့ဘူး။ ဒီညမှာ ဘောလုံးကွင်းထဲမှာ ပြောင်းပြီး အိပ်နေကြတယ်။ မြေစောင့်နတ်ကို ဆီမီးတွေထွန်းပြီး ပူဇော်နေကြတာကို တွေ့ရပါတယ်” ဟု Eleven Media Group ၏ သတင်းထောက်က ပြောပါသည်။
သပိတ်ကျင်းမြို့ပေါ်တွင် အိမ် ခြေ၈၄၃အိမ်၊ အိမ်ထောင်စု ၉၂၁စု၊ လူဦးရေ ၄၁၉၅ ရှိသည့်အနက် သာ သနိကအဆောက်အဦ ၂၁လုံး၊ဌာန ဆိုင်ရာအဆောက်အအုံ ၄၈လုံး၊ စာ သင်ကျောင်း ၄ကျောင်းနှင့်  နေအိမ် ၁၀၂လုံး၊ထိခိုက်ပျက်စီးခဲ့ပြီး သုံးဦး သေဆုံးကာ ၃၅ဦး ဒဏ်ရာရရှိခဲ့ ကြောင်းနိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရှိ ရသည်။
သပိတ်ကျင်းမြို့ပေါ်တွင် အိမ် ခြေ၈၄၃အိမ်၊ အိမ်ထောင်စု ၉၂၁စု၊ လူဦးရေ ၄၁၉၅ ရှိသည့်အနက် သာ သနိကအဆောက်အဦ ၂၁လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံ ၄၈လုံး၊ စာ သင်ကျောင်း ၄ကျောင်းနှင့်  နေအိမ် ၁၀၂လုံး၊ထိခိုက်ပျက်စီးခဲ့ပြီး သုံးဦး သေဆုံးကာ ၃၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရှိရသည်။
နိုဝင်ဘာလ ၁၁ ရက်အတွင်း ရစ်ခ်ျတာစကေး ၅ အဆင့်အထက် ငလျင်သုံးကြိမ် လှုပ်ခက်ခဲ့ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ နံနက် ၇နာရီ ၅၉ မိနစ် ၅၉ စက္ကန့် တွင်မန္တလေးမြို့ မြောက်ဘက် ၅၉ မိုင်ခန့်၊ ရွှေဘိုမြို့မှအရှေ့မြောက်ဘက် ၂၃ မိုင်ခန့်၊ မိုးကုတ်မြို့မှအနောက်ဘက် ၃၆မိုင်ခန့်နှင့် သပိတ်ကျင်းမြို့ အနောက်တောင်ဘက်  ၄ မိုင်ခန့် အကွာတွင်ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၅ အဆင့်ရှိ ငလျင် တစ်ခုလှုပ်ခတ် ခဲ့ကြောင်းနှင့် နံနက် ၈နာရီ ၂ မိနစ် ၂၈ စက္ကန့်တွင်မူ မန္တလေးမြို့မြောက်ဘက် ၅၃ မိုင် ခန့်၊ ရွှေဘိုမြို့မှ အရှေ့မြောက်ဘက် ၁၆မိုင်ခန့်၊ မိုးကုတ်မြို့မှ အနောက် ဘက် ၄၁ မိုင်ခန့်နှင့်သပိတ်ကျင်း မြို့အနောက်တောင်ဘက် ၁၂မိုင်ခန့် နေရာကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာ ၁၁ ရက် ညနေ ၅ နာရီ ၂၆ မိနစ် ခန့်ကလည်းရွှေဘိုမြို့အရှေ့မြောက် ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၈ အဆင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တာဝန်ရှိသူများသည် သပိတ်ကျင်းမြို့ရှိ ငလျင်ဒဏ်သင့် ဒေသခံပြည်သူများထံသို့ သွားရောက်ခဲ့ပြီး နိုင်ငံတော် မှ ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ နှင့် စေတနာရှင်များမှ လှူဒါန်းငွေ ကျပ်သိန်း ၂၀၀ စုစုပေါင်းကျပ်သိန်း ၃၀၀ ကိုပေးအပ်ခဲ့ကြောင်း သိရသည်။
hh-eq11
hh-eq1
သပိတ်ကျင်းမြို့ပ်ါတွင် အဆောက်အဦများ ပြိုကျပျက်စီးမှုများ ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်
hh-eq2
သပိတ်ကျင်းမြို့ပ်ါတွင် အဆောက်အဦများ ပြိုကျပျက်စီးမှုများ ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်
hh-eq3
သပိတ်ကျင်းမြို့ပ်ါတွင် အဆောက်အဦများ ပြိုကျပျက်စီးမှုများ ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်
hh-eq4
စဥ့်ကူးမြို့နယ်ရှိ ရွှေစည်းခုံဘုရားပြိုကျ ပျက်စီးမှုကို နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ- ဇော်ဌေးလွင်
hh-eq5
တည်ဆောက်ဆဲ ဧရာဝတီတံတား(ရတနာသိင်္ဃ) ပြိုကျနေသည်ကို ရွှေဘို ကျောက်မြောင်းဘက်အခြမ်းမှ တွေ့မြင်ရစဉ်
ဓာတ်ပုံ- ရဲရင့်အောင်
thn-11-11-12-15
ရွှေဘို ကျောက်မြောင်းတွင် ဒဏ်ရာရရှိသူတစ်ဦးကို အရေးပေါ် ကုသနေစဉ်
hh-eq6
တည်ဆောက်ဆဲ ဧရာဝတီမြစ်ကူး တံတားပြိုကျမှုကို စဥ့်ကူးဘက်အခြမ်းမှ တွေ့ရစဉ်
hh-eq7
စဥ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာမှ နေအိမ်တစ်လုံး
hh-eq8
စဥ့်ကူးမြို့ပေါ်မှ စာသင်ကျောင်းတစ်ကျောင်း ပြိုကျနေစဉ်
hh-eq9
စဥ့်ကူးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း အုတ်နံရံများပြိုလဲနေစဉ်
hh-eq10
ဧရာဝတီ(ရတနာသိင်္ဃ) တံတားချဉ်းကပ်လမ်း (စဥ့်ကူးဘက်ခြမ်း) ဓာတ်ပုံ- ဇော်ဌေးလွင်၊ အောင်သူ

hh-eq12
ရွှေဘို၊ ကျောက်မြောင်းဆေးရုံပြင်ပရှိ လူနာတစ်ဦးနှင့် မိသားစုဝင်များ Photo- AFP
လှုပ်ခတ်ခဲ့သော ငလျင်နှင့်ပတ်သက်၍ အမြင်အချို့
ဦးသန်းမင်း(Chief Geologist) မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း
ဒီနေ့ငလျင်က နေပြည်တော်မှာလည်း အနည်းငယ်လှုပ်သွားပါတယ်။ စစ်ကိုင်းပြတ်ရွေ့က အမြဲ Active ဖြစ်နေတဲ့ပြတ်ရွေ့ဖြစ်နေတယ်။ ဒါကြောင့်သူ့ရဲ့ပြတ်ရွေ့ ဇုန်ထဲမှာရှိတဲ့နေရာတွေက ငလျင်လှုပ်နိုင်တဲ့ အနေအထားမှာ အမြဲ တမ်း ရှိနေပါတယ်။ နောက်ဆက်တွဲက မှန်းဆလို့မရပါဘူး။ ငလျင်ဆိုတာ ဘယ်သူမှခန့်မှန်းလို့ မရပါဘူး။ လူတွေပြောနေတဲ့ ဒီနေ့လှုပ်တော့ မနက်ဖြန်ကျရင် ထပ်လှုပ်ဦးမယ်ဆိုတာ ကောလာဟလတွေပါ။  သိပ္ပံနည်းကျ အခြေအမြစ်မရှိပါဘူး။ လောလောဆယ် ရေနံရှာဖွေတူးဖော်ရေးနေရာတွေမှာ ထိခိုက်တယ်လို့ အထောက်အထား မရသေးပါဘူး။ ငလျင်လှုပ်သွားတဲ့ နေရာ၊ အပြင်းထန်ဆုံး ထိခိုက်သွားတဲ့နေရာတွေက မြန်မာ့ရေနံနဲ့သဘာဝ ဓာတ်ငွေ့လုပ်ငန်းရဲ့ ရေနံမြေဒေသတွေနဲ့ အနည်းငယ်ကွာဝေးတဲ့အတွက် ထိခိုက်မှုရှိမယ်လို့လည်း မထင်ပါဘူး။

ဒေါက်တာထွန်းလွင် (ညွှန်ကြားရေးမှူးချုပ်ငြိမ်း) မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန
မြေငလျင်ကြီးတို့ရဲ့ အစဉ်အလာအတိုင်း နောက်ဆက်တွဲမြေငလျင်များ လှုပ်ရှားနိုင်သော်လည်း အများအားဖြင့် ပင်မမြေငလျင်ကြီးထက် အင်အားပိုမိုပြင်းထန်လေ့ မရှိသောကြောင့် အများပြည်သူများ အနေဖြင့် သတိထားရန် လိုသော်လည်း အစိုးရိမ်မလွန်ကြရန် လိုအပ်ပါသည်။ အထူးသဖြင့် အချိန်ကာလ၊ နေ့ရက်၊ နာရီ အတိအကျဖြင့် ထွက်ပေါ်လာသော ခန့်မှန်းမှုများဟာ အခြေအမြစ်ကင်းမဲ့သော ကောလာဟလများသာ ဖြစ်သဖြင့် ပြည်သူများအနေဖြင့် သတိထားကြရန် လိုအပ်ပါသည်။ (tunlwin.com မှ တစ်ဆင့်ပြည်သူများသို့ အသိပေးချက်)

နိုဝင်ဘာလ ၁၁ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဆိုင်ရာ အချက်အလက်အချို့
ဖြစ်ပွားသည့်အချိန် ။ ၂၀၁၂ နိုဝင်ဘာလ ၁၁ ရက်၊ မြန်မာစံတော်ချိန်နံနက် ၇ နာရီ ၄၂ မိနစ်။
ဗဟိုပြုသည့်နေရာ ။စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ မြောက်ဘက် ၄၅ မိုင်ခန့်အကွာ။
ငလျင်ပြင်းအား ။ ရစ်ခ်ျတာစကေး ၆ ဒသမ ၈။
အဓိကသက်ရောက်ရာဒေသ ။ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းမှ စစ်ကိုင်း၊  ရွှေဘို၊ ကျောက်မြောင်း၊ ခင်ဦး၊ မန္တလေး၊ အမရပူရ၊ စဥ့်ကူး၊ ကျောက်ဆည်နှင့် သပိတ်ကျဉ်းမြို့နယ်များ။
ပျက်စီးဆုံးရှုံးမှုများ ။ ဆောက်လုပ်ဆဲ ဧရာဝတီ တံတား(ရတနာသိင်္ဃ)မှ သံဘောင်များပြိုကျခဲ့၊ စစ်ကိုင်းနှင့်မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် များရှိ သာသနိက အဆောက်အဦများပြိုကျပျက်စီးခဲ့၊ သပိတ်ကျဉ်းမြို့ပေါ်ရှိ နေအိမ် ၁၀၂ လုံးပြိုကျခဲ့။
သေဆုံးဒဏ်ရာရစာရင်း ။ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်အထိ အနည်းဆုံးခြောက်ဦးသေဆုံးခဲ့ပြီး လေးဦးပျောက်ဆုံးလျှက် ရှိကာ ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်အချို့
ရက်စွဲ   ဖြစ်ပွားရာဒေသ ပမာဏ(ရစ်ခ်ျတာစကေး)
၅-၅-၁၉၃၀ ပဲခူးမြို့အနီး ၇ ဒသမ ၃ (ပဲခူးတွင် လူ ၅၀၀ ခန့်၊ ရန်ကုန်တွင် လူ ၅၀ ခန့်သေဆုံးသည်)
၃-၁၂-၁၉၃၀  ညောင်လေးပင်  ၇ ဒသမ ၃(ရထားလမ်းများကွေ့ကောက်သည်။ လူ ၃၀ ခန့်သေဆုံးသည်။)
၂၇-၁-၁၉၃၁ အင်းတော်ကြီးအရှေ့ဘက်ဒေသ ၇ ဒသမ ၆ (အက်ကြောင်းများ၊ အပျက်အစီးများရှိသည်။)
၁၆-၇-၁၉၅၆ စစ်ကိုင်း ၇ ဒသမ ၀ (စေတီများစွာ ပြင်းထန်စွာထိခိုက်သည်။ လူ ၄၀ မှ ၅၀ ထိသေဆုံးသည်။)
၈-၇-၁၉၇၆ ပုဂံ ၆ ဒသမ ၈ (ပုဂံမြို့ဟောင်းရှိ စေတီပေါင်းများစွာ ပြိုကျပျက်စီးသည်။ လူတစ်ဦးသာ သေဆုံးသည်။)
၂၂-၉-၂၀၀၃ တောင်တွင်းကြီး ၆ ဒသမ ၈ (အဆောက်အအုံများ ပြင်းထန်စွာ ထိခိုက်ပျက်စီးသည်။ လူ ခုနစ်ဦးသေဆုံးသည်။)

၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလမှ လက်ရှိအချိန်အထိ လှုပ်ခတ်ခဲ့သောငလျင်များ
နေ့စွဲ နေရာ အင်အား(ရစ်ခ်ျတာစကေး)
၁၅-၂-၂၀၁၂ မြန်မာ့ပင်လယ်ပြင် ၄ ဒသမ ၅
၀၉/၀၃/၂၀၁၂ မြစ်ကြီးနားမြို့၏မြောက်ဘက် မိုင် ၁၀၀ အကွာ ၄ ဒသမ ၅
၂၉-၃-၁၂ မုံရွာမြို့၏တောင်၊အနောက်တောင်ဘက် ၃ ဒသမ ၅
ဧပြီ မြန်မာ့ပင်လယ်ပြင် ၅ ဒသမ ၂
၉ .၅ .၁၂ မင်းဘူးမြို့အနောက်ဘက် ၁၂ မိုင်အကွာ ၄ ဒသမ ၅
၁၃ .၅ .၁၂ မန္တလေးမြေငလျင်စခန်းမှအနောက်တောင်ဘက် ၁၅ မိုင်အကွာ ၃ ဒသမ ၅
၁၂ .၆ .၁၂ မော်လိုက်မြို့ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာ ၄ ဒသမ ၇
၂၇ .၆ .၁၂ တာချီလိတ်မြို့၏ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ၃ ဒသမ ၁
၂၃ .၇ .၁၂ မိုးညှင်းမြို့၏ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ၅ ဒသမ ၁
၂၉ .၇ .၁၂ ဟားခါးမြို့၏ အရှေ့တောင်ဘက် ၁၄ မိုင်ခန့်အကွာ ၅ ဒသမ ၈
၂ .၈ .၁၂ မြစ်ကြီးနားမြို့၏အနောက်မြောက်ဘက် မိုင် ၉၀ ခန့်အကွာ ၄ ဒသမ ၇
၁၁ .၉ .၁၂ မော်လိုက်မြို့၏မြောက်ဘက် ၁၄ မိုင်ခန့်အကွာ ၄ ဒသမ ၈
၂၃ .၉ .၁၂ မြစ်ကြီးနားမြို့၏အနောက်ဘက် ၄၅ မိုင်ခန့်အကွာ ၄ ဒသမ ၇

No comments:

Post a Comment