အကြောက်တရား ဟူသည် ဟိုခုန်သည်ကူး ရှိတတ်၏။
တကယ်တော့ “အကြောက်တရား” မှာ ခြေထောက်မပါလို့ မျောက်လို ဟိုခုန်သည်ကူး လုပ်လို့တော့ မရပါ။ လူရဲ့ မွေးရာပါ သဘာဝ အရည်အသွေးမှာ “အကြောက်တရား” ဆိုတာ မရှိဘဲ လိုချင်ရင် မကြောက်မရွံ့ ယူတတ်တဲ့ သဘာဝပဲ ရှိပါတယ်။ ဒါကြောင့် “အကြောက်တရား” ဟာ လူ့ကိုယ်ပိုင် မဟုတ်။ ပြင်ပက ဝင်လာတဲ့ ပယောဂသာ ဖြစ်ပါတယ်။ ကိုယ်က လက်မခံရင် ဝင်လာလို့ မရပါဘူး။ ကြောက်တတ်သူတွေအတွက်ဆိုရင်တော့ ဧည့်နိုင်ငံသားလို့ ဆိုရမလားပဲ။
ရေးချင်တာကတော့ “အကြောက်တရား” စာတမ်း မဟုတ်ပါဘူး။ ကြောက်အောင် ခြောက်တတ်တဲ့ အကြောင်းလေးပါ။ ကြောက်မှန်းသိ ဖြဲခြောက်တတ်တာလေး ဆိုပါတော့
ကျနော်တို့အစိုးရ လူထုစစ်တမ်း (Public poll) ကောက်ယူပုံလေးက ခပ်ဆန်းဆန်းဗျ... ခပ်ဆန်းဆန်းဆိုတာက နိုင်ငံတကာပုံစံမျိုးကို လက်မခံဘဲ ပြည်ပအားကိုး အဆိုးမြင်ဝါဒကို ဆန့်ကျင်သလိုလို ဘာလိုလိုနဲ့ မြန်မာနည်းမြန်မာ့ဟန်ကို ခင်တွယ်နေတုန်း .. ဖက်တွယ်လို့ မဆုံး ဖြစ်နေသေးလို့ပါပဲ။
လူထုစစ်တမ်း ကောက်ချင်ရင် အခြားနိုင်ငံတွေလို လွတ်လပ်တဲ့ သတင်းဌာနတို့၊ အသင်းအဖွဲ့တို့က ကမကထ လုပ်တာမျိုး မဟုတ်ပါဘူး။ အစိုးရကိုယ်တိုင် အပင်ပန်းခံ လုပ်ယူတာပါ... အဲ.. ရှင်းအောင်ပြောရရင် တခါတည်း ဥပဒေ ထုတ်ပစ်လိုက်တာမျိုး.. သတ္တိကလည်း ကောင်းပါ့။ ဘယ်သူ့မှ ဂရုမစိုက်တာ..။ ပြည်တွင်းမှာ ဆိုတော့။
အရင် စစ်အစိုးရခေတ်ကဆိုရင်တော့ ဘာမပြော ညာမပြော ဥပဒေတခု (သို့) ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တခုကို ကောက်ထုတ်တတ်ပါတယ်.. ကြိုက်ကြိုက် မကြိုက်ကြိုက် ဥပဒေဖြစ်လို့ ဥပဒေ ရေးဆွဲထုတ်ပြန်သူတွေနဲ့ ဥပဒေ ဘက်တော်သားတွေကလွဲရင် ဘယ်သူမဆို လိုက်နာပေးရပါတယ်။ မှတ်မိနေဦးမှာပေါ့။
လူထုစစ်တမ်းအဖြေက တခါတည်း ထွက်လာပါတယ်။ ပြည်သူအားလုံး ဥပဒေကို လိုက်နာရသည်..ပေါ့။ ပြည်သူတွေမှာ အကြောက်တရား ရှိနေရတဲ့ ခေတ်ပေကိုး။
လွှတ်တော် ပေါ်လာတဲ့ ဒီဘက်ခေတ် အဲဒီလောက် အတင့်မရဲသင့်တော့ ဥပဒေကြမ်း ဆိုပြီး ထုတ်လာပါတယ်... သွေးတိုးစမ်းကြည့်တာပေါ့ဗျာ...။ ရရင် ဆက်လုပ်မယ့် သဘောမျိုး။ မရရင် အရှုံးထွက်တော့ လုံးဝ အဖြစ်မခံသလို ရရင်တော့ အမြတ်ပေါ့... အမြတ်ဆိုတာ နည်းနည်းနောနော မဟုတ်မှန်း သိနေကြမှာပါ။ နိုင်ငံရေး၊ လူမှုရေးမှာတင်မဟုတ်... စီးပွားရေးမှာလည်း တခါတည်း အကြုံးဝင်သွားတာမျိုး။ အကျင့်ပျက် ခြစားမှုတွေ ဖြစ်လာရဖို့ “ခွင်” ဆိုလားပဲ။
ဥပဒေကြမ်းအပေါ် လူထုက နည်းနည်း ပူညံပူညံဖြစ်လာရင် လျှော့ပေးသယောင်ယောင်နဲ့ မူရင်းကို မပျက်စေဘဲ နည်းနည်းလေး ပြောင်းပြီး ပြင်ပေးလိုက်တတ်ပါတယ်.. ပြင်လို့ မရရင် အခြားတဘက်က လှည့်ပြီး ချည်နိုင်မယ့် အကွက်ကို ရှာထားတာပြန်ပါတယ်။ ထင်တောင် မထင်ရဘူးဗျ.. ဥာဏ်ကောင်းတယ် ပြောမလား.. ဥာဏ်နီဥာဏ်နက် ရှိတယ် ပြောရမလားပဲ။
အခြားတဘက်က ပြန်ချည်တယ် ဆိုတာကတော့ အစိုးရက နည်းဥပဒေ၊ အမိန့်၊ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်၊ စည်းမျဉ်း.. ဘာညာ သာရကာ စသည်ဖြင့် ထုတ်နိုင်ခွင့် ရှိတာမျိုး ....ဒါကို ဥပဒေပြုလွှတ်တော်က ဘာမှ စွက်ဖက်လို့ မရအောင် ဥပဒေ အတည်ပြုပြီးမှ ထုတ်ပြန်တာပါ။ အစိုးရက အကြောက်တရား ပြန်ရှိနေရတော့တဲ့ ခေတ်ဖြစ်လာတာကိုး။
ကျနော် သတိထားမိသလောက် ဥပဒေကြမ်းတွေကို တင်တဲ့သူတွေက စီမံအုပ်ချုပ် (The Executive) မဏ္ဍိုင်က ဝန်ကြီးဌာနတွေချည်း ဖြစ်နေပါတယ်။ ဒါကို ဥပဒေပြု (The Legislature) မဏ္ဍိုင်က လွှတ်တော်အမတ်တွေက ဆုံးဖြတ် အတည်ပြုပေးနေရပါတယ်။
ဥပဒေပြု လွှတ်တော် ရှိနေမှတော့ လွှတ်တော်အမတ်တွေက ဥပဒေကြမ်း မတင်ရဘဲ စီမံအုပ်ချုပ်ဘက်ကချည်း ဥပဒေကြမ်း ရေးဆွဲ တင်ပြနေတာဟာ ဘယ်လို လမ်းကြောင်းကြီးလဲပေါ့... တွေးစရာ.. တွေးစရာ..။ သတ္တိရှိရင်တော့ ထကန့်ကွက်လိုက်ပေါ့ဗျာ..။
အန်ကယ် ဦးဝင်းတင်ဆီက စကားလုံးတချို့နဲ့ မဆလ ဝါဒမှိုင်းကို ယူသုံးရရင် .. “ဒါလားဟဲ့.. မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ” လို့ ဆိုရမလောက်ပဲ။
ဒီမိုကရေစီအကြောင်း ပြောရရင် ကျနော်ကလည်း အာသိပ်ရွှင်တယ်ဗျ.. ဒါကြောင့် စာဖတ်သူအပေါင်း လမ်းမချော်သွားစေရန် အလို့ငှာ ဤနေရာတွင်ပဲ နိဠိတံပါတော့မယ်။
ဆရာမောင်ဝံသ ရေးတဲ့ “ဘယ်သူတွေကို ကာကွယ်ဖို့ ဘယ်သူတွေကို ခြိမ်းခြောက်ဖို့ ဥပဒေလဲ” ဆောင်းပါးကို ဖတ်ရှု ခံစားမိခြင်းပါ။
ချစ်သော ဖဘ သုံးစွဲသူများ ဆက်သွယ်ရေး ဥပဒေကြီးရဲ့ ခြောက်လှန့်ခြင်းမှ ကင်းဝေးကြပါစေ။
လွင်အောင်စိုး
၂၃-၁၁-၂ဝ၁၂
ဆက်စပ် -
မောင်ဝံသ - ဘယ်သူတွေကို ကာကွယ်ဖို့ ဘယ်သူတွေကို ခြိမ်းခြောက်ဖို့ ဥပဒေလဲ
ဆက်သွယ်ရေး ဥပဒေကြမ်း ထုတ်ပြန်ကြေညာ
ဆက်သွယ်ရေး ဥပဒေကြမ်း လာမည့် လွှတ်တော်တွင် တင်မည်
by Lwin Aung Soe on Friday, November 23, 2012 at 12:18pm ·
No comments:
Post a Comment