တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်ပြည် 
လွတ်လပ်ရေး အဖွဲ့ ( KIO) တို့၏ ရှမ်းပြည် မြောက်ပိုင်း တပ်မဟာ (၄) ဧရိယာ၌ 
နေ့စဉ် ရက်ဆက် တိုက်ပွဲ ဖြစ်နေကြောင်း တအာင်း (ပလောင်) ပြည် လွတ်မြောက်ရေး 
တပ်ဦး အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး မိုင်းဖုန်းကျော်က ဆိုပါသည်။
“တိုက်ပွဲ ကတော့ နေ့တိုင်းဘဲ ဖြစ်နေတယ်။ ဒီနေ့လဲ ဖြစ်တယ်။ ဒီမှာ ရှိနေတဲ့ 
ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ ၅၀၄ ၊ ၁၁၄၊ ၁၁၅၊ သူတို့ တက်လာတဲ့ တပ်တွေနဲ့ ဖြစ်ကြတယ်။ 
တိုက်ပွဲ ထဲမှာ ကချင်လည်း ပါတယ်။ နေရာ ကတော့ ကွပ်ခိုင်မြို့နယ်၊ 
မန်းတုံမြို့နယ်၊ နမ့်ဆန်မြို့နယ်မှာလဲ ဖြစ်တယ်။ ဟိုဘက် 
ကျောက်မဲမြို့နယ်နဲ့ မိုးမိတ် ဘက်မှာလည်း ဖြစ်တယ်။ နေရာအနှံ အတော် များများ
 ပါဘဲ။ တစ်နေရာ မဟုတ် တနေရာ နေ့တိုင်း ဖြစ်နေတယ်လေ” ဟု ဆိုပါသည်။
ဤဒေသသည် KIA ၏ တပ်မဟာ (၄) ဒေသ ဖြစ်သလို၊ TNLA ဒေသလည်း ဖြစ်ပါသည်။ ထို့အတူ 
ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ၏  ဒေသလည်း ဖြစ်သည့် အတွက် (၃) ဖွဲ့ 
စလုံးနှင့် တိုက်ပွဲ ဖြစ်နေသည်ဟု သိရပါသည်။
ဤအဖွဲ့ (၃) ဖွဲ့သည် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် 
ကောင်စီ (UNFC) အဖွဲ့ဝင် ဖြစ်ကြသည်။ တပ်ပေါင်း စုနှင့် တိုက်ခိုက်နေကြပြီး 
ဤဒေသအတွက် မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်ကိုလည်း ဆောင်ရွက် နေကြပါသည်။ 
နယ်မြေခံ လူထုများအား ပညာပေးခြင်း၊ ကူးသန်း ရောင်းဝယ်မှုကို 
တားမြစ်ခြင်းနှင့် ဘိန်းခင်းနှင့် ယာဘ ဆေးပြား ထုတ်လုပ်သော စက်ရုံများကို 
ဖျက်ဆီးမည် ဖြစ်ပါသည်။
 ဒေသခံ အစိုးရ တပ်ဖွဲ့များသည် မိုင်းမ ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် 
ကွပ်ခိုင် အရှေ့ဘက်ခြမ်း၊ မူဆယ် လာရှိုးလမ်း အရှေ့ဘက်ခြမ်း တလျှောက်မှ 
သံလွင်မြစ်အထိ အားလုံးသည် ဘိန်းခင်းများဖြစ်သည်။ ဤဘိန်းခင်းများကို မိုင်းမ
 ပြည်သူ့စစ် ဗိုလ်နွမ်းအဖွဲ့၊ KTA အဖွဲ့ ၊ ကွပ်ခိုင်ပြည်သူ့စစ် အဖွဲ့၊ 
ဦးတီးခွန်မြတ် ပြည်သူ့စစ်များ အပြင် ပြည်သူ့စစ် အမည် အမျိုးမျိုး ခံယူပြီး
 အကာအကွယ် ပေးထားသော ဘိန်းခင်းများ ဖြစ်နေကြပါသည်။
“အခု ကျနော်တို့ ဒေသမှာ ဆိုရင် ပန်ဆေးမှာ ဘိန်းတွေလဲ စိုက်တယ် ယာဘ 
ဆေးတွေလည်း အကြီးအကျယ် ချက်နေတယ်။ အဲဒီ ပန်ဆေးက ဘယ်သူတွေလဲ 
ပန်ဆေးကျော်မြင့်က လွတ်တော်ထဲမှာ သွားတက်နေတဲ့ လွတ်တော်ကိုယ်စားလှယ် 
တစ်ယောက် ဖြစ်တယ်။ ဒုတိယ ဘိန်းစိုက်တဲ့ ရှမ်းပြည် မြောက်ပိုင်းမှာ ရှိတဲ့ 
ခပ်များများ ထွက်ရှိနေတဲ့ ယာဘ ဆေးတွေ ဘိန်းတွေ အကုန်လုံးဟာ  ပန်ဆေးက 
ထင်ပါတယ်လို့ ကျနော်တို့ ပြောလို့ရတယ်” ဟု မိုင်းဖုန်းကျော်က ဆိုပါသည်။ 
ဤပြည်သူ့စစ် အဖွဲ့များသည်၊ ရှမ်းပြည်အလယ်ပိုင်း ခိုလမ်၌ အခြေစိုက်ထားသော 
အရှေ့ အလယ်ပိုင်းတိုင်း (ရလခ) စစ်ဌာနချုပ် လက်အောက်ခံ အဖွဲ့များ ဖြစ်ပါသည်။
ဆိုပါသည်။ ဤသို့ကြောင့် (UNFC) အဖွဲ့ဝင် တပ်ပေါင်းစု၏ ဘိန်းတိုက်ဖျက်ရေး 
အစီစဉ်ကြောင့် အစိုးရ တပ်ဖွဲ့များသည် ၄င်းဘိန်းခင်းများကို ကာကွယ်ရန်  
ယခုကဲ့သို့ ပြင်းထန်စွာ စစ်ဆင် နေရသည်ဟု ဆိုပါသည်။
အလားတူစွာပင် အစိုးရ ဖက်မှလည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် 
ဘိန်းခွန်များဖြင့် နှစ်ပေါင်းများစွာ လက်နက်ကိုင် သောင်းကျန်းနေနိုင်ခြင်း
 ဖြစ်သည်ဟု တလျှောက်လုံး စွပ်စွဲနေခဲ့ပါသည်။
ဤကဲ့သို့ အပြန်အလှန် စွပ်စွဲနေသော အခြေအနေမျိုး၌ ကုလ သမဂ္ဂ မူးရစ်ဆေးဝါး 
တိုက်ဖျက်ရေး အဖွဲ့ကို ၀င်ရောက် ကြည့်ရှု သင့်ကြောင်း တပ်ပေါင်းစု 
အဖွဲ့ဖက်မှ ဖိတ်ခေါ်နေပါသည်။ ကုလသမဂ္ဂ၏ UNODC သည် မူးရစ်ဆေးဝါး 
တိုက်ဖျက်ရေးအတွက် မကြာခင်က ရှမ်းပြည် တောင်ပိုင်းရှိ ရှမ်းပြည် ပြန်လည် 
ထူထောင်ရေး ကောင်စီ (RCSS) နှင့် အစိုးရတို့ ပူးပေါင်းပြီး 
ဆွေးနွေးခဲ့ကြပါသည်။ ဤအဖြစ်မျိုး ရှမ်းပြည် မြောက်ပိုင်း၌လည်း အကောင်အထည် 
ဖေါ်စေချင်ကြောင်း UNFC တပ်ပေါင်းစု အဖွဲ့ဖက်မှ လိုလား နေခြင်း ဖြစ်ပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2301-2012-11-01-08-59-09.html
အစိုးရသည် မြန်မာနိုင်ငံရှိ လူမျိုးစုများ၏ အခွင့်အရေးကို ယနေ့ထိ ပိတ်ပင် 
ထားဆဲဟု တိုင်းရင်းသား များဖက်မှ ဆိုနေကြပါသည်။ ဤအခွင့်အရေးကို ရရှိရန် 
တိုင်းရင်းသားများသည်  ရရာ လက်နက်ကို ဆွဲကိုင်ပြီး တိုက်ပွဲ ၀င်ခဲ့ကြပါသည်။
 ဤတိုက်ပွဲ သည်လည်း မြန်မာနိုင်ငံ လွပ်လပ်ရေး ရရှိချိန်မှ စပြီး ယနေ့ထိ 
ပြင်းထန် နေဆဲဟု ဆိုနိုင်ပါသည်။
နှစ်ပေါင်း (၆၀) ခန့် တိုက်လာခဲ့သည့် စစ်ပွဲသည်၊ နှစ်ဖက်စလုံး၌ 
ဘိန်းခွန်နှင့် ပါတ်သက်လာမည်မှာ ဧကန်မလွဲဟု သုံးသပ်သူ များက ဆိုပါသည်။ 
ဤသို့ကြောင့် အပြန်အလှန် စွပ်စွဲနေမည့်အစား အရင်းခံ ပြသနာဖြစ်သည့် 
တိုင်းရင်းသား အခွင့်အရေးများ ပြေလည်လာပါက မူးရစ်ဆေးဝါး တိုက်ဖျက်ရေး 
သည်လည်း လွယ်ကူစွာ အောင်မြင်နိုင်လိမ့်မည်ဟု ဝေဖန်သူများက အကြံ 
ပြုထားပါသည်။
တိုင်းရင်းသား အဖွဲ့အစည်း တိုင်းသည် မိမိတို့ လူမျိုးရေးအတွက် ရပ်တည်ရန် 
ကိုလည်းကောင်း၊ မိမိတို့ လူငယ်များ ပျက်စီးမည့် အရေးကို လည်းကောင်း၊ 
ထို့အပြင် လက်ညိုး အထိုးခံပြီး စစ်ပြုခြင်း ခံနေရသည့် ဘ၀ကို လည်းကောင်း 
လက်ခံချင်ကြမည် မဟုတ်ပေ။ သို့သော်လည်း အမျိုးသား ကိုယ်ပိုင် ပြဌာန်းခွင့် 
ရရှိရေးသည် ထိုထက်များစွာသော တန်ဘိုးကြီးသည့် အမျိုးသားရေး ဖြစ်သောကြောင့် 
၎င်းတို့သည် ဆက်လက် တိုက်ပွဲ ၀င်နေမည်သာ ဖြစ်ပေသည်။
သတင်း phophtwa.org မှ ဖော်ပြပါတယ်။
No comments:
Post a Comment