Thursday 15 November 2012

အကျင့်ပျက် ခြစားမှုကို အရှိန်ပြင်းပြင်း တိုက်ဖျက်နိုင်မှ ဖြစ်တော့မည်






အကျင့်ပျက် ခြစားမှု (Corruption) ဆိုတာ ငွေကြေးကိစ္စ ဟုတ်သည်ဖြစ်စေ- မဟုတ်သည်သည်ဖြစ်စေ ကိုယ်ကျိုးအတွက် အာဏာကို အလွဲသုံးစားလုပ်တာ ဖြစ်ပါတယ်။ ကိုယ်ကျိုး ဆိုရာမှာ မဆိုစလောက် အနေအထားကနေ ပုဂ္ဂိုလ်တဦးချင်းအလိုက်၊ အဖွဲ့အစည်းအလိုက် ယုံကြည်စွာ လွှဲအပ်ခံထားရတဲ့ သြဇာအာဏာကို လွဲမှားစွာ အသုံးပြုတတ်တာ ဖြစ်ပါတယ်။


အကျင့်ပျက် ခြစားမှုတွေဟာ စီးပွားရေးတခုတည်းမှာသာ ဖြစ်ပျက်နေတာ မဟုတ်ပါဘူး။ နိုင်ငံရဲ့ တရားရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တခါတလေမှာ ဥပဒေပြု မဏ္ဍိုင်မှာတောင် ဖြစ်တတ်လေ့ ရှိပါတယ်။ ဥပမာ- အာဏာရှင်စနစ်မှာ အများပြည်သူရဲ့ သဘောတူညီမှုကို မရယူဘဲ အာဏာရှင် ပုဂ္ဂိုလ် တဦးတယောက် (သို့) တဖွဲ့က ဥပဒေ ပြဋ္ဌာန်းတာမျိုး ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ၂ဝ၁၂ တနှစ်တာ အခု နိုဝင်ဘာလ မတိုင်မီအထိ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ အစိုးရဘက်က တရားဝင် ပြောဆို တိုက်တွန်းတာတွေ ရှိနေခဲ့ပေမယ့် လက်တွေ့မှာ ထိထိရောက်ရောက် ဖော်ထုတ် အရေးယူတာ သိပ်မတွေ့ရဘူးလို့ ထင်ပါတယ်။

၂ဝ၁၁ ခုနှစ် နိုင်ငံတကာ ကိန်းဂဏန်းအရ နယူးဇီလန်၊ ဒိန်းမတ်၊ ဖင်လန်၊ ဆွီဒင်နဲ့ စင်ကာပူတို့ဟာ အကျင့်ပျက် ခြစားမှု အသန့်ရှင်းဆုံး နိုင်ငံတွေ ဖြစ်ကြပြီး တရုတ်က နံပတ် (၇၅) ဖြစ်ပါတယ်။ မြန်မာက အာဖဂန်နစ္စတန်နဲ့အတူ နံပါတ် (၁၈ဝ) ဖြစ်ပြီး အောက်ဆုံးမှာ မြောက်ကိုရီးယားနဲ့ ဆိုမာလီတို့ပဲ ကျန်ပါတော့တယ်။

မြန်မာနိုင်ငံရဲ့ ဥပဒေပြု မဏ္ဍိုင်ဘက်မှာ အနည်းငယ် တိုးတက်မှု ရှိလာပြီး အုပ်ချုပ်ရေး မဏ္ဍိုင်ဘက်မှာလည်း ဖြေလျော့မှုတွေ အနည်းငယ် ရှိလာတာ အမှန်ပါ။ တရားရေး မဏ္ဍိုင်မှာဆိုရင် မဆိုစလောက် နည်းပါးတဲ့ အဖြစ်လောက်သာ လူသိရှင်ကြား ကျေနပ်စရာ ဖြစ်ခဲ့ရတာ ရှိပါတယ်။ ဒါပေမယ့် ၂ဝ၁၂ အကျင့်ပျက်ခြစားမှု နိုင်ငံစုံအဆင့် စာရင်း ထွက်လာရင် မြန်မာနိုင်ငံအဖို့ ထူးထူးခြားခြား ရှိနေဦးမှာ မဟုတ်သေးဘူးလို့ ဆိုရမလားပါပဲ။

ဘာပဲဖြစ်ဖြစ် ဒါဟာ အနာဂတ်အတွက် ရည်မှန်းချက်ကြီးကြီးမားမား ထားပြီး ကြိုးပမ်းနေတဲ့ သမ္မတဦးသိန်းစိန် အစိုးရအတွက် ၂ဝ၁၂ အကျင့်ပျက်ခြစားမှု နိုင်ငံစုံအဆင့် စာရင်းမှာ အနုတ်လက္ခဏာ ဆက်ဖြစ်နေပါဦးမယ်။ ဒါကတော့ စိန်ခေါ်မှုတွေကို ရင်မဆိုင်နိုင်သေးတဲ့ လက္ခဏာလို့ ဆိုရမှာဖြစ်ပြီး တကယ့်ကို စိတ်မကောင်းစရာဆိုပေမယ့် ဆက်လက် အားတင်းပြီး ရင်ဆိုင်ကျော်လွှားဖို့ကလွဲလို့ အခြား မရှိပါဘူး။

အကျင့်ပျက်ခြစားမှု ရှိနေလို့ နိုင်ငံတကာအလယ်မှာနဲ့ ပြည်တွင်းမှာ အစိုးရရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်။ ဒါ့အပြင် မလိုလားအပ်တဲ့ စရိတ်စက ကြီးထွားမှုကို ဖြစ်စေပါတယ်။ လူမှန်နေရာမှန် ကျင့်သုံးရမယ့်စနစ်ကို ဖျက်ဆီးရာ ရောက်ပါတယ်။ အကျင့်ပျက်ခြစားမှုကို အားမပေးချင်သူတွေအဖို့ အချိန်နဲ့တကွ အခြားကိစ္စတွေမှာ နစ်နာဆုံးရှုံးရတာ ရှိတတ်ပါတယ်။ လူတန်းစား ခွဲခြားမှု၊ ဖိနှိပ်မှုတို့ရှိလာပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်လာစေပါတယ်။

စီးပွားရေးဘက်မှာဆိုရင် ခရိုနီစနစ်ကို အားပေးသလို ဖြစ်နေတာကြောင့် စီးပွားရေးသမား အများစုက အစိုးရအပေါ် အယုံအကြည်ကင်းတဲ့ သဘောဖြစ်လာတတ်ပါတယ်။ သူလုပ်လို့ ငါလည်း လိုက်လုပ်ရတော့တယ် ဆိုတဲ့ စိတ်ဓါတ်တွေ မွေးလာတတ်ကြပါတယ်။ အများမိုးခါးရေ သောက်သလို ဖြစ်လာတဲ့အခါ နောက်ဆုံး စီးပွားရေးလုပ်ငန်းတွေမှာ ကိုယ်ကျင့်တရား ပျက်ပြားလာတတ်ပါတယ်။ ပြိုင်ဆိုင်မှုကို ထိခိုက်စေလို့ လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ်ကို အမှန်ပဲ ထိခိုက်စေပါတယ်။ အဲဒီလို ဖြစ်ရတဲ့ ဆိုးကျိုးသက်ရောက်မှုကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ သာမက ပြည်တွင်းက တိုင်းရင်းသား လုပ်ငန်းရှင်တွေလည်း ခံရမှာ ဖြစ်ပါတယ်။

တရားစီရင်ရေးဘက်မှာဆို လာဘ်ပေးလာဘ်ယူမှုတွေ၊ ဥပဒေကို အထက်ကနေ စိတ်ထင်သလို ပြုမုတာတွေ၊ ဥပဒေဘက်တော်သားတွေ ကိုယ်တိုင်က ဥပဒေကို ကျောခိုင်းပြီး ပြုမူတာတွေ၊ တနည်းအားဖြင့် လူ့အခွင့်အရေး ချိုးဖောက်တာတွေဟာ အကျင့်ပျက်ခြစားမှု ရှိနေလို့ ဖြစ်လာရတာပါပဲ။

ဥပဒေပြုရေးအပိုင်းမှာဆိုရင် ကိုယ်ကျိုးစီးပွား လိုချင်လို့၊ ကာကွယ်ချင်လို့ ဥပဒေတွေကို “အများညီ ကျွဲကို ဤ ဖတ်သည်” ပုံစံမျိုးနဲ့ အဓမ္မ အတည်ပြု ပြဋ္ဌာန်းတာတွေဟာ အကျင့်ပျက် ခြစားမှု ဖြစ်ပါတယ်။

နိုင်ငံအဆင့် သတိထားသင့်ဆုံးတွေထဲက တချက်ကတော့ ငွေကြေးနဲ့ သက်ဆိုင်တဲ့ကိစ္စမှာ အကြမ်းဖက်သမားတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူတွေ၊ လူကုန်ကူးသူတွေ၊ လက်နက်မှောင်ခို ရောင်းဝယ်သူတွေ၊ စီးပွားရေး မှောင်ခိုသမားတွေ၊ လူဝင်မှု ကြီးကြပ်ရေးဥပဒေကို ဖောက်ဖျက်ပြီး ခိုးဝင်သူတွေဟာ အကျင့်ပျက်ခြစားမှုကို အခွင့်ကောင်းယူတတ်ကြတာ ဖြစ်ပါတယ်။

အကောင်းဆုံး မျှော်လင့်နိုင်တာကတော့ အကျင့်ပျက် ခြစားမှုတွေကို အခုကတည်းကစပြီး အရှိန်အဟုန် ပြင်းပြင်းနဲ့ စတင် ပြုပြင်ယူဖို့သာ ဖြစ်ပါတယ်။ အကျင့်စာရိတ္တ မကောင်းတာကို ပြင်ဖို့ ဘယ်တော့မှ အချိန်မဆွဲသင့်ပါဘူး။ စောစောပြင်နိုင်လေ ကောင်းလေပါပဲ။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ တံခါးဝကို ရောက်နေပြီလို့ နိုင်ငံတကာက အသိအမှတ် ပြုလာကြပါတယ်။ ဒီမိုကရေစီနဲ့ နိုင်ငံဖွံ့ဖြိုးရေးတို့ဘက်မှာ တကယ်တိုးတက်ချင်ရင် တကယ်လုပ်နိုင်ဖို့ တကယ့်အခွင့်ကောင်းကြီးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် အစိုးရအပါအဝင် ကျနော်တို့ မြန်မာတွေဟာ “စာရိတ္တကောင်းကောင်းနဲ့ ကြိုးစားကြမယ်ဟေ့” ဆိုတဲ့ စိတ်ဓါတ်ကို မွေးမြူနိုင်ရပါမယ်။ လူတိုင်းမှာ ဒီလိုစိတ်ဓါတ်မျိုး ရှိလာအောင် အစိုးရတွေရော မီဒီယာနဲ့တကွ တာဝန်ရှိသူတွေ အားလုံးကပါ ဝိုင်းဝန်း တိုက်တွန်း အားပေးရပါမယ်။ အသိပညာတွေ ဖြန့်ပေး ကျင့်သုံးစေရပါမယ်။

လွင်အောင်စိုး
၁၄-၁၁-၂ဝ၁၂

မှတ်ချက် - အောက်ပါ Link မှာ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်တဲ့ ဗဟုသုတနဲ့ တိုက်ဖျက်ရေး နည်းလမ်းတချို့အကြောင်း ပိုမိုပြည့်စုံစွာ လေ့လာဆည်းပူးနိုင်ပါမယ်။

Transparency and Anti-corruption

by Lwin Aung Soe on Wednesday, November 14, 2012 at 5:16pm ·

No comments:

Post a Comment