Thursday 15 November 2012

၆၇ နှစ်ပြည့် အဖေ့ သို့ …။



သားသမီးတွေကို ထမင်းဝအောင်ကျွေးခဲ့တဲ့ အဖေ..။
မဆလခေတ်မှာ ပါတီမ၀င်လို့ ကျောင်းအုပ်ကြီး မဖြစ်ရလည်း အထက်တန်းပြ ဆရာ ဘ၀ နဲ့ မြေဖြူမှုန့်တွေ အဆုပ်ထဲဝင်… အဆုပ်ဖောက်ရတဲ့အထိ သားသမီးတွေကို လူတန်းစေ့အောင်ထားခဲ့တဲ့ အဖေ…။
သားသမီးတွေ ကို အရွယ်ကြီးတဲ့အထိ ကိုယ်တိုင် ရေချိုးပေးခဲ့တဲ့ အဖေ…။

ရမည်းသင်းမြို့ ကနေ ရန်ကုန် ကို တာဝန်ကျတော့ သမီးတွေကို TTC ကျောင်းမှာ ၀င်ခွင့်ရဖို့ (ဘာ အကပ်မှ မရှိတဲ့ သာမန် ကျောင်းဆရာ တယောက်ဆိုတော့) ပညာရေးမှူး ရုံးခန်းထဲမှာ အခြေတင် စကားများပြီး ကျနော့် သမီးတွေ ကျောင်းဝင်ခွင့် မပေးမချင်း ဒီအခန်းက မထဘူးဗျာ ဆိုတဲ့ အဖေ…။
သားသမီးတွေ ဘ၀ ရပ်တည်နိုင်ဖို့၊ လူတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့  ပညာကို ကိုယ်တိုင်သင်ပေးခဲ့တဲ့ အဖေ…။
သားသမီးတွေ ကို ဘယ်တော့မှ အလိုမကျ ဆူပူကျိန်းမောင်းနေပေမယ့် ငါ့ သားသမီးထိ၊ ဓားကြည့် ဆိုတဲ့ ဒေါသကြီးတဲ့ အဖေ…။
သမီးတွေ အိမ်ထောင်ကျတော့ စိတ်မာတယ်လည်းဆိုသေး  မျက်ရည်တွေ တိတ်တိတ်ခိုးကျနေတဲ့ အဖေ…။
ကျမအိမ်ထောင်ကျပြီး  hotel တခုမှာ အလုပ်လုပ်နေတုန်းကဆို  hotel က ကျွေးတာ မစားနိုင်လို့ ငြီးမိတော့ hotel ထိ ထမင်းချိုင့် ကြီး နေ့တိုင်းလာပို့ပေးခဲ့တဲ့ အဖေ…။
မြေးတွေ အထိ ကိုယ်တိုင် နို့ဗူးဖျော်၊ တေးဆို ပုခက်လွှဲ ချော့သိပ်ခဲ့တဲ့ အဖေ…။
……………………………………………………….
…………………………………………………………….
……………………………………………………………………………  အဖေ။
အခုတော့ တုန်တုန်ချိချိ နဲ့ ကျန်းမာရေး မပြည့်စုံတော့တဲ့ အဖေ… ဒီနေ့ ၆၇ နှစ်ပြည့်ပြီ။
အဖေ့တုန်းက သားသမီးတွေ အတွက်ဆို ဘာဆင်ခြေမှမရှိ အချိန်ပြည့်အားပေးခဲ့ပေမယ့်.. ကိုယ့်အလှည့်မှာ ခလေး အကြောင်းပြ၊ အိမ်ထောင့်အရေးအကြောင်းပြ… လူမှုရေးတွေ အကြောင်းပြနဲ့…. တာဝန်မကျေခဲ့တာတွေ ရှိရင် ခွင့်လွှတ်ပါ အဖေ။
အဖေ… နောက်ထပ်နှစ်တွေ အများကြီး ကျန်းမာစွာနဲ့ သမီးတို့နဲ့ အတူ နေပေးပါအုံးနော်။

အကောင်းဆုံးသမီးဖြစ်အောင်ကြိုးစားနေဆဲ….. သမီး မေမီ။


by May Mie Oo on Wednesday, November 14, 2012 at 3:24pm ·

No comments:

Post a Comment