Thursday 8 November 2012

ငြိမ်းချမ်းရေး မရှိရင် ဒီမိုကရေစီ မရှိနိုင်


~



 ထိုင်းနိုင်ငံရောက် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ကိုမြအေး (ဓာတ်ပုံ- ငြိမ်းငြိမ့်း/ ဧရာဝတီ)

ကိုမြအေးနဲ့ စကားစမြည် 

ရှစ်လေးလုံးအရေးတောပုံ ကာလကနေ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ထိ နိုင်ငံရေးလှုပ်ရှားမှုများနဲ့ အကျဉ်းထောင် ထဲ စုစုပေါင်း ၁၂ နှစ်ကြာနေခဲ့ရပြီး ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရောက်လာတဲ့ သူတဦး ကတော့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေးပါပဲ။ 

အသက် ၅၀ ရှိနေပြီဖြစ်တဲ့ မြန်မာ မွတ်ဆလင်တဦးလည်းဖြစ်တဲ့ ကိုမြအေးဟာ ထိုင်းနိုင်ငံကို ငြိမ်းချမ်းရေး လုပ်ငန်းတွေအ တွက် ထိုင်းနိုင်ငံကို နိုဝင်ဘာလ ၂ ရက်နေ့က ရောက်လာခဲ့တာပါ။ 

မြန်မာနိုင်ငံမှာ နိုင်ငံသားတဦးရဲ့ မူလ အခွင့်အရေးအရ နိုင်ငံကူးလက်မှတ်ကို ရဖို့အတွက် တခြားသူများနဲ့ အခက်အခဲတွေ ကြားထဲက ရခဲ့တာဖြစ်ပြီး အခုလို ပြည်ပခရီးထွက်ခွာလာနိုင်တာလည်းဖြစ်ပါတယ်။

“ကျနော်တို့ ပါ့စ်ပို့ စာအုပ်ရတာ ကျနော်တို့ရဲ့ မူလ နိုင်ငံသားအခွင့်အရေးလေ။ နိုင်ငံသားတိုင်း ကိုယ့်ပါ့စ်ပို့ ကို ကိုယ် ကိုင်ဆောင်ပြီး နိုင်ငံတကာသွားခွင့် ရှိတာပဲ။ ဒါကို တိုင်းပြည်က ပြုပြင်ပြောင်းလဲပြီလို့ ပြော လို့ မရဘူး။ ပြောင်းလဲမှုတွေဘက်ကို မျက်နှာမူနေပြီလို့တော့ ပြောလို့ရတယ်” လို့ ကိုမြအေးက မြန်မာ့ အပြောင်းအလဲကို မှတ်ချက်ပြုပြောသွားတာပါ။ 

ကိုမြအေး အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ၇ ဦးဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ပညာ လာရောက် သင်ကြားနေတဲ့ မြန်မာ ကျောင်းသားတွေနဲ့လည်း တွေ့ဆုံဆွေးနွေး အမြင်တွေ ဖလှယ်ခဲ့ကြပါတယ်။ 

“အခုလူငယ်တွေက တော်တော်အမြင်ကျယ်တယ်ဗျာ၊ မေးခွန်းတွေက အဆင့်ရှိတယ်။ တော်တော် အားရ ဖို့ ကောင်းတယ်။ သူတို့ကိုပဲ ကျနော်တို့က အား ကိုးရမှာ”လို့ ကိုမြအေးက ဆိုပါတယ်။

သူကတော့ မြန်မာနိုင်ငံကို အုပ်ချုပ်ဖို့အတွက် သူ့ကို အာဏာပေးခဲ့ရင်တောင် မလုပ်တတ်လို့ ပညာတတ် လူငယ်တွေကိုပဲ တိုင်းပြည်ရဲ့ ဦးဆောင်မှုကို ရှိစေချင်ပါတယ်လို့ ပြောပါတယ်။ 

မြန်မာနိုင်ငံရဲ့ အနီးဆုံးအိမ်နီးချင်း ထိုင်းနိုင်ငံကို ရောက်တဲ့ အခါ မြန်မာနိုင်ငံဟာ အတော်နောက်ကျနေ တာကို ချက်ချင်း သတိထားမိပါတယ်လို့လည်း သူက ပြောပါတယ်။ 

“ကျနော်တို့ နိုင်ငံသားတွေက စိတ်ဓာတ်ပိုင်းက အစ ပြင်ရမှာဗျာ။ ဒါကိုလည်း အဓိက ထူးထူးခြားခြား ကွာဟတာ တွေ့တယ်” လို့ ကိုမြအေးက ဆိုပါတယ်။ 

ဒါကိုလည်း သူက ဆေးလိပ်သောက်တတ်သူဆိုတော့ ထိုင်းနိုင်ငံကို ရောက်လိုက်တာနဲ့ ထိုင်း လူ့အဖွဲ့ အစည်း မှာ ဟိုနား ဆေးလိပ်မသောက်ရ၊ ဒီနားဆေးလိပ်မသောက်ရနဲ့ တားမြစ်မှုတွေနဲ့ လေးစားစွာ လိုက်နာကြတာတွေ့ရတော့ သူလည်း အလိုလိုနေရင်း သတိထားပြီး စိတ်ကို ထိမ်းသိမ်းရပါတယ်တဲ့။

ထိုင်းနိုင်ငံသားတွေက ပိုလိုတောင် ယဉ်ကျေးတယ်လို့ သိမြင်ခံစားရပါတယ်တဲ့။ မြန်မာနိုင်ငံဟာ နှစ်ပေါင်း များစွာ ပိတ်လှောင်ခံထားရလို့ ကိုယ့်ဟာကို သိပ်အဟုတ်ထင်နေပြီး အခုလို အပြင်ထွက်လာ လိုက်တော့မှ ယဉ်ကျေးမှုချင်း ကွာဟနေတာ ပိုသတိထားမိခဲ့တယ်လို့ သူက ဆိုပါတယ်။ 

မြန်မာနိုင်ငံကို ဒီမိုကရေစီ စနစ်ဆီသွားဖို့အတွက် လူတဦးချင်းစီရဲ့ တန်ဘိုးတွေနဲ့ ပါဝင်နိုင်မှု အခန်း ကဏ္ဍက သိပ်အရေး ကြီးကြောင်း၊ အဓိက မြန်မာနိုင်ငံမှာ လိုအပ်ချက်ကြီးကတော့ ငြိမ်းချမ်းရေး 
ဖြစ်ကြောင်း၊ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍ မှာ ရှိတာကြောင့် ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေနဲ့ အခုလိုထိုင်းနိုင်ငံကို အရောက်လာခဲ့တာပါလို့ ကိုမြအေးက ပြောပါတယ်။ 

ဒါကြောင့်ပဲ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအပါအ၀င် ပြည်ပမှာ အခြေ စိုက်နေကြတဲ့ လူထု အခြေပြု လူ့ အဖွဲ့အစည်းတွေက လူပုဂ္ဂိုလ်တွေကို တွေ့ဆုံဆွေးနွေးမှုတွေလုပ်သွားဖို့ ရှိတယ်လို့ ဦးမြအေးက ပြောပါတယ်။ 

“ငြိမ်းချမ်းရေး မရှိရင် မြန်မာနိုင်ငံ ဒီမိုကရေစီ မရှိနိုင်ဘူး” လို့ သူက ဆိုပါတယ်။ 

 ငြိမ်းချမ်းရေး ခရီးစဉ် အတွင်းမှာ ထူးခြားတာကတော့ ရှစ်လေးလုံးအရေးတော်ပုံက မွေးဖွားပေးလိုက်တဲ့ ABSDF ကျောင်း သား တပ်မတော်နဲ့ ပတ်သက်လို့လည်း သီးခြား စဉ်းစားသွားမှာဖြစ်ပြီး မြောက်ပိုင်း ကိစ္စတွေကို အကြောင်းပြုပြီး ABSDF အဖွဲ့အစည်းကြီးတခုလုံးနဲ့ အဖွဲ့ဝင်အားလုံးကို အပြစ်မြင်တဲ့ အတွေး အခေါ် ကိုတော့ လုံးဝ လက်ခံနိုင်စရာ အကြောင်းမရှိဘူး လို့ ကိုမြအေးက ဆိုပါတယ်။ 

လူပြောများနေကြတဲ့ အပြင်ကလူနဲ့ အတွင်းကလူဆိုတဲ့ စည်းခြားတာ လုံးဝ လက်မခံကြောင်း၊ အမျိုး သား ပြန်လည် သင့် မြတ်ရေး လုပ်ငန်းစဉ်ကို ကြွေးကြော်ဖော်ဆောင်နေတဲ့ အချိန်မှာ ပြည်တွင်း နိုင်ငံရေး အင်အားစုတွေနဲ့ ပြည်ပ နိုင်ငံရေး အင်အားစု တွေရဲ့ တဦးချင်း၊ တဖွဲ့ချင်း အားကောင်းချက်တွေ ပူးပေါင်းပြီး အရင်ကထက်တောင် ပိုပြီး စည်းလုံးညီညွတ်မှု ရှိဖို့ လိုတယ်လို့ ကိုမြအေးက အလေးအနက် ပြောပါတယ်။

ထိုင်းနဲ့ မြန်မာ အခြေခံ အဆောက်အအုံတွေကွာခြားချက်၊ လူနေမှု တိုးတက်ဖွံ့ဖြိုးမှုတွေ၊ ပညာရေးစနစ် ကအစ၊ အဖက်ဖက် က တိုးတက်ပြောင်းလဲမှုတွေကို မြန်မာနိုင်ငံကလည်း ငြိမ်းချမ်းရေးတွေ အခိုင်အမာ တည်ဆောင်နိုင်ခဲ့ရင် ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်လို့ သူက ပြောပါတယ်။ 

အားလုံး လိုလားတောင့်တတဲ့ ငြိမ်းချမ်းရေးကို ရဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက ဒီမိုကရေစီ မဆန်တဲ့ အချက် အလက်တွေကို ဖျက်သိမ်း၊ ပြုပြင်ဖို့ အဓိက လိုအပ်ချက်ပါလို့လည်း ကိုမြအေး က ထောက်ပြပြော ဆိုပါတယ်။ 

ငြိမ်းချမ်းရေးဖြစ်စဉ်တွေ အကောင်အထည်ဖော်ဆောင်နိုင်ဖို့ အခုခရီးစဉ်အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ကျောင်သား တပ်မတော်နဲ့တကွ အခြား ထိုင်းအခြေစိုက် မြန်မာ့အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ သဘောထားတွေကို အဓိက စုဆောင်းသွားပြီး မိခင်အဖွဲ့အစည်းဖြစ်တဲ့ ၈၈ မျိုးဆက်ကို တင်ပြ ဆွေးနွေးသွားမယ်လို့လည်း သူက ဆိုပါတယ်။ 

“ဒီ ခရီးစဉ်ဟာ ကျနော်တို့ ၈၈ ရဲ့ သီးခြားလွတ်လပ်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။ ကျနော်တို့ဟာ မည်သည့် အဖွဲ့အစည်းရဲ့ လက်အောက်ခံလည်းမဟုတ်ပါဘူး” လို့သူက ဆိုပါတယ်။ ဒီခရီးစဉ်မှာ ရရှိမယ့် အချက် အလက်တွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရကိုလည်း လိုအပ်မယ် ထင်တာတွေကို အကြံပြု တင်ပြသွားဖို့ ရှိပြီး တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်း ရေး အတွက် ယုံယုံကြည်ကြည်ဆက်လှမ်းသွားမှာလို့ဆိုပါတယ်။ 

“ငြိမ်းချမ်းရေး ရဖို့ကို အစိုးရက ဘာလုပ်ရမယ်ဆိုတာသူတို့ သိပါတယ်။ ဒါပေမယ့် သူတို့က တကယ် မလိုချင်သေးဘူး။ နိုင်ငံတကာက အမြင်ကောင်းအောင် လုပ်နေသေးတယ်လို့ မြင်တယ်” လို့ ကိုမြအေး က ထောက်ပြပါတယ်။ 

မငြိမ်းမချမ်း မတည်မငြိမ်မှုတွေနဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ပတ်သက်လို့ ပြဿနာကို လူသား အခြေပြု ၀ါဒနဲ့ပဲ မြင်ပြီး ခွဲခြားမှု မရှိသင့်ကြောင်း၊ လူ့အခွင့်အရေး တခုတည်းအမြင်ဖြင့် ကြည့်ပါက လက်တွေ့ ဖြစ်ပျက်မှုများနဲ့ ကွာဟနေမှာဖြစ်ပြီး လက်တွေ့ အောက်ခြေက အမုန်းမီးကို ကုစားဖို့ အရေးကြီးကြောင်း သူက ထပ်ပြောပါတယ်။ 

အခု ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်ကြီးမှာ နောက်ဆုံးတော့ အစိုးရ၊ စစ်တပ်နဲ့ တချို့ အဖွဲ့တွေ အနိုင်ရသွားကြပြီး ရခိုင်ပြည်နယ်က ရခိုင်တွေနဲ့ ဘင်္ဂလီတွေ ၂ ဖက်လုံးက ပဲ အသက်တွေဆုံးရှုံး၊ အိုးအိမ်တွေ ပျက်ဆီးထိခိုက်ကုန်ကြတာပဲ လို့ ကိုမြအေးက မှတ်ချက်ပေးပြောဆိုပါတယ်။ 

“ဒီ ထောင်ချောက်ထဲပဲ လူတွေက ခဏခဏ ကျကျနေတယ်” လို့ သူက ဆိုပါတယ်။ 

ထိုင်းနိုင်ငံခရီးစဉ်အတွင်း ကိုမြအေး ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ဘန်ကောက်၊ ချင်းမိုင်၊ မဲဟောင်ဆောင်၊ မဲဆောက် စတဲ့ မြို့ များကို သွားရောက်ကြမှာဖြစ်ပါတယ်။ 

- ညီညွတ်သော တိုင်းရင်သား လူမျိုးများ ဖက်ဒရယ် ကောင်စီ ( UNFC) ၊ 
- အမျိုးသမီးအဖွဲ့ချုပ်မြန်မာနိုင်ငံ ( WLB)၊
-  မြန်မာ အ မျိုးသမီး သမဂ္ဂ ( BWU)၊ 
- ကချင်အမျိုးသမီးအသင်း- ထိုင်း နိုင် ငံ( KWAT)၊
- ရွှေ့ပြောင်း မြန်မာများ စာသင်ကျောင်း၊ 
- ချင်းမိုင် တက္ကသိုလ်ရှိ Resource Centre နှင့် RCSD၊ 
- ထိုင်းလယ်သမား အဖွဲ့ ( Thai Farmers Organization)၊
- ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ 
- ပတ်ဝန်းကျင်ရေးရာ အဖွဲ့အစည်းများ၊ 
- ရှမ်း ပြည် လွတ်မြောက်ရေးအဖွဲ့( RCSS)၊ 
- ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ ( KNPP)၊ 
- ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ 
- ကရင်အမျိုးသား အစည်းအရုံး ( KNU)၊
- မြန်မာနိုင်ငံ ကျောင်း သားလူငယ်များ ကွန်ရက်( SYCB)၊
- မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB)၊ 
- တိုင်းရင်းသား လူ ငယ် များ ဖိုရမ်(NY forum)၊
- နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက် ရေး အသင်း( AAPP)၊ 
-လူ့ဘောင် သစ် ဒီမို ကရက်တစ်ပါတီ၊ 
- မယ်တော်ဆေးခန်း၊ 
- ဒုက္ခသည် စခန်းများ စတာတွေကို သွားရောက်ဖို့လည်း ရှိပါတယ်။ 


လင်းသန့် ရေးသားပေးပို့သည်။

No comments:

Post a Comment